NLD လွှတ်တော်ကိုယ်စားလှယ် လာဘ်စားလျှင်အရေးယူခံရမည်ြ

NLD လွှတ်တော်ကိုယ်စားလှယ် လာဘ်စားလျှင်အရေးယူခံရမည်ဖြစ်ပြီး ထောင်ဝင်စာတွေ့ရန်သာ လူလွှတ်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

===================
===================

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ လာဘ်ပေးလာဘ်ယူမှုပြုပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ပြီး ထောင်ဝင်စာတွေ့ရန်သာ လူလွှတ်ပေးမည်ဟု NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များထံမှသိရသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမ၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်သော NLD ပါတီ ဥက္ကဋ္ဌ အပါအ၀င် ဗဟိုအလုပ်အမှုဆောင်များနှင့် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားလိုက်ကြောင်း ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောဆိုသည်။

“သူပြောတဲ့သဘောက ကိုယ်စားလှယ်က ပြည်သူတွေကို မျက်နာထောက်ပြီးတော့ လာဘ်စားတာတွေ မလုပ်ရဘူး၊ အဂတိလိုက်စားမှုတွေ မလုပ်ရဘူး၊ လုပ်လို့ရှိရင်လည်း တရားဥပဒေအရ အပြစ်ပေးခံရမယ်၊ ကိုယ့်လူတွေဖြစ်လို့ သက်ညှာမယ်လို့မထင်နဲ့။ ဒါပေမဲ့ ရဲဘော်ရဲဘက် အနေနဲ့ ထောင်ဝင်စာတော့လာ တွေ့မယ်” ဟု ဦးထွန်းမြင့်က ရှင်းပြသည်။

ထို့အပြင် NLD ပါတီ အစိုးရဖွဲ့စည်းပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တာဝန်ထမ်းဆောင်သူများသည် လစာ၏ ၅၀ ရာခိုင်နှုန်းကို ပါတီသို့ ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက ပြောကြားသည်။

“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို ၂၀ရာခိုင်နှုန်းဖြတ်တယ်။ အစိုးရဖွဲ့လို့ ၀န်ကြီးတို့၊ ဘာတို့ဆို ၅၀ရာခိုင်နှုန်းဖြတ်မယ်လို့ပြောသွားပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များ အရည်အချင်းမြှင့်တင်နိုင်ရေးအတွက် ပါတီတွင်းသင်တန်းများကိုလည်း သင်ကြားပြီးနောက် အရည်အချင်းစစ် စာမေးပွဲများဖြေရမည်ဟု ဒေါ်အောင်ဆန်စုကြည်က မှာကြားကြောင်း ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

“တစ်ခုကတော့ အင်္ဂလိပ်စာကို စာမေးပွဲစစ်မယ်။ ရတဲ့အမှတ်တွေကို နိုင်ငံတကာအစည်းအဝေးတွေ ဖိတ်တဲ့အခါ တက်တာရှိမယ်။ အဲလိုတက်တဲ့အခါမှာလည်း ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ကိုက်ညီလို့ရွေးတာဖြစ်တယ်။ မပါဝင်လို့ရှိရင် ကိုယ်အရည်အချင်း မရှိလို့ပဲဖြစ်တယ်၊ ပြီးတော့ ကိုယ့်ကိုယ်စားလှယ်တွေကို လူမှန်နေရာမှန်ဖြစ်အောင် သင်တန်းတွေပေးပြီး အရည်းအချင်းဖြည့်ဆည်းပေးပြီးတော့ စာမေးပွဲတွေ စစ်ဆေးသွားမှာဖြစ်တယ်”ဟု ၎င်းကရှင်းပြသည်။

ယနေ့ မွန်းလွဲပိုင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် ထပ်မံ တွေ့ဆုံလျက်ရှိသည်။

============

The Voice Weekly
Powered by Blogger.