NLD လွှတ်တော်ကိုယ်စားလှယ်များ၏ လစာကို ဖြတ်တောက်ပြီး ပြည်သူအတွက် အသုံးပြုမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ယနေ့ နိုဝင်ဘာ ၂၈ ရက်တွင်ကျင်းပသော NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်တွေ့ဆုံပွဲတွင် အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ၏လစာကို ဖြတ်တောက်ပြီး ပြည်သူအတွက် အသုံးပြုမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“လူထုကိုကျေးဇူးဆပ်တဲ့အနေနဲ့ ဒီနေ့ကစပြီး ကိုယ်စားလှယ်များအလုပ်လုပ်ကြပါ။ အမတ်လစာထဲကလည်း ဖြတ်တောက်ပါမယ်။ ပြည်သူအတွက် အသုံးပြုပါမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပြည်သူလူထုရှေ့မှဦးဆောင်ပြီး အလုပ်လုပ်ပြကြရန်လိုကြောင်း၊ ပြည်သူလူထုက အပြောင်အလဲလိုချင်၍ NLD ကို ပုံအောမဲပေးခဲကြခြင်း ဖြစ်ကြောင်း၊ ပြည်သူတွေအတွက် အရည်အချင်းရှိသော ကိုယ်စာလှယ်မျိုးဖြစ်အောင်ကြိုးစားကြရန်၊ အမှားရှိလျှင် အမှားကိုဝန်ခံရဲသည့်သတ္တိရှိမှ ပြည်သူအကျိုးပြုနိုင်မှာဖြစ်ပြီး သို့မဟုတ်ပါက ပြည်သူ့အကျိုးပြုလုပ်ငန်းကို ထိထိရောက်ရောက် မည်သို့မျှလုပ်နိုင်မည်မဟုတ်ကြောင်း ကိုယ်စားလှယ်အရွေးခံရခြင်းသည် မိမိတို့၏အရည်အချင်းများကြောင့်ဖြစ်လာ၍မဟုတ်ဘဲ အပြောင်းအလဲလိုချင်သောပြည်သူက NLD ကို ပြတ်ပြတ်သားသား မဲပေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

"ခိုင်မာတဲ့ ယုံကြည်ချက်ချင်းတူညီတဲ့ ရဲဘော်ရဲဘက်အချင်းချင်း လက်တွဲလုပ်ကြပါ။နောက်ဆုံးအနေနဲ့ပြောလိုတာက အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များကိုတင်းတင်းကျပ်ကျပ် ကိုင်တွယ်ပါမယ်။ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ်ဆိုတဲ့အတွက်လည်း စိတ်ဓာတ်မကျပါနဲ့။ အရည်အချင်းတိုးတက်မှုရှိအောင် လေ့ကျင့်ပေးတယ်လို့ မှတ်ပါ။ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တယောက်ယောက် အလွဲသုံးစားပြုလုပ်လို့ ဥပဒေအရအရေးယူခံရမယ်ဆိုရင်လည်း ထောင်ဝင်စာတွေ့ဖို့တော့လူလွှတ်ပေးပါမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကိုဗညား
Powered by Blogger.