အလူမီနီယံ ကိုယ်ထည်နှင့် Intel chipset ပါဝင်သော Mi Pad 2 ကို Xiaomi မိတ်ဆက်

Xiaomi သည် Redmi Note 3 နှင့်အတူ Mi Pad 2 tablet သစ်ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ tablet သစ်သည် ဒီဇိုင်းအပေါ် ပိုမိုအာရုံစိုက်ထားပြီး ယခင်အမျိုးအစားထက် ပါးလွှာပေါ့ပါးသည်။
Mi Pad 2 ကို အလူမီနီယံကိုယ်ထည်ဖြင့် ပြုလုပ်ထားပြီး အထူမှာ ၆.၉၅ မီလီမီတာ ဖြစ်ကာ အလေးချိန်က ၃၂၂ ဂရမ်ဖြစ်သည်။ ယခင်အမျိုးအစားတွင် အထူ ၈.၅ မီလီမီတာရှိပြီး အလေးချိန် ၃၆၀ ဂရမ်ရှိသည်။
၎င်းတွင် 14nm Intel Atom X5-Z8500 64-bit processor သစ်နှင့် 2GB RAM ကို အသုံးပြုထားသည်။ ထို့အပြင် Wi-Fi 802.11ac နှင့် USB Type-C connector သစ်တို့ကို အသုံးပြုထားသည်။
ကျန်အချက်အလက်များ အနေဖြင့် ၇.၉ လက်မ 2048 x 1536 resolution display ပါဝင်ပြီး 8-megapixel ကျောဘက် ကင်မရာနှင့် 5-megapixel ရှေ့ဘက်ကင်မရာတို့ ပါဝင်သည်။ ဘက်ထရီက 6190mAh ဖြစ်ပြီး ယခင်အမျိုးအစား 6700mAh ဘက်ထရီထက် အရွယ်သေးငယ်သည်။
Xiaomi Mi Pad 2 တွင် Android Lollipop ကိုအခြေခံထားသော MIUI 7 ကို အသုံးပြုထားသည်။ သို့ရာတွင် အလားတူ hardware နှင့် Windows 10 အသုံးပြုထားသော MiPad ကိုလည်း ဝယ်ယူနိုင်မည် ဖြစ်သည်။
Xiaomi Mi Pad 2 ကို မီးခိုးရောင်နှင့် ရွှေရောင်ဖြင့် ရရှိနိုင်ပြီး တန်ဖိုးမှာ 16GB အတွက် ၉၉၉ ယွမ် (၁၅၆ ဒေါ်လာ) နှင့် 64GB အတွက် ၁,၂၉၉ ယွမ် (၂၀၃ ဒေါ်လာ) ဖြစ်သည်။
Ref: GSMArena

Tags: 

Powered by Blogger.