ကွန်ပျူတာများတွင် လုံခြုံရေးအားနည်းချက်တစ်ခု ပါဝင်ကြောင်း Dell ဝန်ခံ

Dell ကွန်ပျူတာများတွင် ဟက်ကာများက သုံးစွဲသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ရယူနိုင်သော လုံခြုံရေးအားနည်းချက်တစ်ခု အမှတ်တမဲ့ ပါဝင်သွားခဲ့ကြောင်း ကုမ္ပဏီမှ ဝန်ခံပြောကြားသည်။
အဆိုပါ အားနည်းချက်သည် အလွန်ပြင်းထန်ပြီး ဘဏ်အချက်အလက်များနှင့် အခြား ပုဂ္ဂိုလ်ရေးအချက်အလက်များကို ရယူနိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
Dell ကမူ အဆိုပါ ဆော့ဖ်ဝဲကို ဖယ်ရှားနိုင်မည့် နည်းလမ်းအား ထုတ်ပြန်ခဲ့သည်။
အထက်ပါသတင်းသည် လုံခြုံရေးကို ထိခိုက်နိုင်သော ကြိုတင်ထည့်သွင်းထားသည့် adware များကြောင့် Lenovo အား ဝေဖန်ခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သုံးစွဲသူတစ်ဦးက ၎င်းသည် Dell ကွန်ပျူတာတွင် eDellRoot ဟုခေါ်သော self-signed root certificate တစ်ခု ထည့်သွင်းထားသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း Reddit တွင် ဖော်ပြခဲ့သည်။
ထို့နောက်တွင် Dell က အဆိုပါ အားနည်းချက်နှင့် ပတ်သက်၍ ဝန်ခံခဲ့ပြီး ၎င်းဆော့ဖ်ဝဲကို အပြီးသတ်ဖယ်ရှားနိုင်မည့် လမ်းညွှန်မှုတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေမှာ Dell Foundation Services application က ထည့်သွင်းထားတဲ့ eDellRoot လို့ခေါ်တဲ့ certificate တစ်ခုကို ကျွန်တော်တို့ သတိပြုမိပါတယ်။ ဒါက မတော်တဆ ပါဝင်သွားခဲ့တဲ့ လုံခြုံရေးအားနည်းချက်တစ်ခုပါ။ ဒီ certificate က support tool တစ်ခုရဲ့ အစိတ်အပိုင်းအနေနဲ့ ဆောင်ရွက်ပြီး ဖောက်သည်တွေဆီကို ဝန်ဆောင်မှုပေးရာမှာ လွယ်ကူလျင်မြန်စွာနဲ့ ပေးနိုင်အောင်လို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ဖောက်သည်တွေရဲ့ လုံခြုံမှုက Dell အတွက် အလေးအထားအရာတစ်ခုပါ။ ဒီဖြစ်ရပ်အတွက် ကျွန်တော်တို့ အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်" ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။
ဆက်လက်ပြီး "နိုဝင်ဘာလ ၂၄ ရက်က စတင်ပြီး software update တစ်ခုကို ကျွန်တော်တို့ ဖြန့်ချိသွားပါမယ်။ ဒီ update က certificate ကို စစ်ဆေးပြီး တွေ့ရှိတဲ့အခါမှာ ဖယ်ရှားမှုပြုလုပ်ပေးမှာပါ။ Dell Foundation Services မပါတဲ့ system တွေမှာတော့ ဒီပြဿနာရှိမှာ မဟုတ်ပါဘူး။ နောက်ပြီး Dell system အားလုံးကနေ ဒီ certificate ကို ဖယ်ရှားသွားမှာပါ" ဟု ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Ref: BBC
Powered by Blogger.