ကျ ကျန်ခဲ့တဲ့အရာတွေ


------------------------------

မိန်းကလေးတစ်ယောက်ဟာ လူစည်ကားတဲ့ဈေးတန်းတစ်ခုကို ဆိုင်ကယ်စီးပြီးဖြတ်တယ်။ အဲဒီမှာ ဈေးခြင်းတောင်းဆွဲထားတဲ့ အဒေါ်ကြီးတစ်ဦးနဲ့ မျက်နှာချင်းဆိုင်မိတယ်။ လမ်းကကျဉ်း ဈေးကလည်းစည်ကားတာမို့ ရှောင်ပေမယ့် အဒေါ်ကြီးရဲ့ဈေးခြင်းတောင်းကို ဆိုင်ကယ်လက်ကိုင်နဲ့ ချိတ်လိုက်မိတယ်။ အဒေါ်ကြီးလက်ထဲကနေ ဈေးခြင်းတောင်းလွတ်ကျသွားခဲ့တယ်။ မိန်းကလေးက ဆိုင်ကယ်ပေါ်ကနေ အဒေါ်ကြီးကို လှည့်ကြည့်လိုက်တယ်။ ဈေးခြင်းတောင်းက ကျသွားတယ်ဆိုပေမယ့် ခြင်းတောင်းထဲကအရာတွေ အပြင်ကိုထွက်မကျခဲ့ဘူး။ ဘာမှမဖြစ်ဘူးဆိုပြီး မိန်းကလေးက ဆိုက်ကယ်စီးပြီး ထွက်သွားဖို့ပြင်တယ်။

အဲဒီမှာ အဒေါ်ကြီးက လှမ်းအော်တယ်…
" မိန်းကလေး.. မိန်းကလေးရဲ့ပစ္စည်းကျခဲ့ပြီ."

မိန်းကလေးက သူ့ပစ္စည်းတစ်ခုခု ပြုတ်ကျသွားတယ်အထင်နဲ့ ဆိုင်ကယ်ချက်ချင်းရပ်ပြီး မေးတယ်။
" ကျွန်မရဲ့ ဘာပစ္စည်းများ ကျခဲ့သလဲ? "

" မိန်းကလေးရဲ့ လူတွေမှာရှိသင့်တဲ့ ရည်မွန်ခြင်းကျခဲ့ပါတယ် "
လို့ အဒေါ်ကြီးက ပြန်ပြောတယ်။

အဖြစ်အပျက်ထဲက အဒေါ်ကြီးရဲ့စကားဟာ အဓိပ္ပာယ်လေးနက်လွန်းပါတယ်။ အခုခေတ်လူတွေကို တွေးတောစရာတွေပေးတယ်။ လုပ်စရာတွေနဲ့ အမြဲအလုပ်များတဲ့ နေ့စဉ်ဘဝတွေထဲမှာ ကျွန်တော်တို့ဟာ ကိုယ်ပေါ်မှာပစ္စည်းတချို့ကို ဆောင်ထားဖို့ မမေ့ခဲ့ကြဘူး။ ကျွန်တော်တို့ဆောင်ထားဖို့ မမေ့တဲ့အရာတွေက ဖုန်း၊ ကွန်ပြူတာ၊ လက်ကိုင်အိတ်၊ …… စတာတွေဖြစ်တယ်။ ဒါပေမဲ့ ဒီထက်ပိုအရေးပါတဲ့ ဒြပ်မဲ့အရာတချို့ကိုတော့ ကိုယ်ပေါ်မှာဆောင်ထားဖို့ ကျွန်တော်တို့ မေ့နေခဲ့ကြတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဒါမှမဟုတ် သူတစ်ပါးကို သတိပေးသင့်ပါတယ်။

“သင်ရဲ့ ရည်မွန်ခြင်း ကျကျန်ခဲ့ပြီ”
“သင်ရဲ့ မေတ္တာစိတ် ကျကျန်ခဲ့ပြီ”
“သင်ရဲ့ ကိုယ့်ကိုယ်ကိုချိုးနှိမ်စိတ် ကျကျန်ခဲ့ပြီ”
“သင့်မျက်နှာပေါ်ကအပြုံး ကျကျန်ခဲ့ပြီ”
“သင်ရဲ့ မျှတစိတ် ကျကျန်ခဲ့ပြီ”
“သင်ရဲ့ ပျော်ရွှင်ခြင်း ကျကျန်ခဲ့ပြီ”
“သင်ရဲ့ ခွင့်လွှတ်စိတ် ကျကျန်ခဲ့ပြီ”
“သင်ရဲ့ အကောင်းမြင်စိတ် ကျကျန်ခဲ့ပြီ”

ကျွန်တော်တို့ သတိမထားမိချိန်မှာ ကျွန်တော်တို့ဆီက ပစ္စည်းတချို့ အမြဲကျကျန်နေခဲ့ပြီလား?
အမြန်ပြန်ပြီး ကောက်ယူလှည့်ပါ….

နိုင်းနိုင်းစနေ


Powered by Blogger.