သေနတ်ဝန် ဦးကောင်း၏ နောက်ဆုံးတိုက်ပွဲ


ရွှေဘိုကို ဗဟိုပြု၍ ကုန်းဘောင်ထီးနန်းကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးသည် မြင်းရည်တက်သူရဲကောင်း ၆၈ ယောက်တို့နှင့်အတူ မွန်တို့ သိမ်းပိုက်ထားသော ဗမာပိုင်နယ်မြေများကို ပြန်လည်ရယူရန် ကြိုးပမ်းခဲ့သည်။

ထို မြင်းရည်တက်သူရဲကောင်းများအနက် သေနတ်ဝန်ဦးကောင်း သည် လက်ရုံးရည် နှလုံးရည် လွန်စွာပြည့်ဝသဖြင့် အလောင်းမင်းတရားကြီး၏ အားကိုးအားထားပြုခြင်းကို ခံခဲ့ရသည်။

ဦးကောင်းသည် မင်းတရားကြီးကို ထီးပြိုင်နန်းပြိုင် အံတုရန်ကြိုးပမ်းခဲ့သော ခင်ဦးစား လက်ျာပျံချီ ငချစ်ညို နှင့် စီးချင်းယှဉ် တိုက်ခိုက်ခဲ့ဖူးသလို နာမည်ကျော် မွန်စစ်သူကြီး တလပန်း၏ အငြိုးတကြီး တိုက်ခိုက်မှုများကိုလည်း ရင်ဆိုင်ခဲ့ရသည်။

သူ၏ ဘ၀နိဂုံးမှာမူ ကြေကွဲဖွယ်ကောင်းလှသည်။

အလောင်းမင်းတရားကြီး သန်လျင်မြို့ကိုလုပ်ကြံစဉ်ကဖြစ်သည်။ သန်လျင်သည် ဟံသာဝတီသားတို့က ပြင်သစ်အကူအညီဖြင့် လက်နက်အင်အားတောင့်တင်းစွာ ဖြည့်ဆည်းထားသော မြို့ ဖြစ်သည့်အပြင်
ရေကြောင်းမှ သဘောင်္ာ၊သမ္ဗာန်များဖြင့်ပါ ခုခံကြသဖြင့် လုပ်ရေးကြံရေး အလွန်ခက်ခဲလှသည်။

မြို့ရိုးပေါ်တွင် သေနတ်အမြောက်များထူထပ်စွာ တပ်ဆင်ထားသဖြင့် ကုန်းဘောင်ရဲမက်တော်များ အထိအရှများခဲ့သည်။ အသက်စွန့်၍ လှေကားထောင်ကာ တက်ကြသူများကိုလည်း မြို့ရိုးပေါ်မှ ဆီပူ၊ရေနွေးကျိုက်ကျိုက်ဆူများဖြင့် လောင်းချကြသည်။ သို့ရာတွင် ရွှေဘိုသားတို့သည် မင်းတရားကြီး၏ ဆုတ်မိန့်မရမချင်း အသေခံတိုက်ကြရာ မွန်တို့ ခြောက်ခြားစပြုလာသည်။

ထိုသို့ ခက်ခဲသောအခြေအနေတွင် သေနတ်ဝန် ဦးကောင်းသည် သက်ဆိုင်ရာ ဗိုလ်မင်းတို့အား မည်သို့ လုပ်ကြံရမည်ကို ဆက်လက်ညွှန်ကြားနေခဲ့သည်။ ဗိုလ်မင်း တို့ လည်း အမိန့်အတိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း အာမခံ၍ ထွက်ခွာသွားသည့်တိုင် ဦးကောင်းသည် ထိုနေရာတွင်ပင် ရွှေထီးဖြန့်ကာ ဆက်လက် ကွပ်ကဲနေဆဲပင်ဖြစ်သည်။

ထိုစဉ် မြို့ရိုးပေါ်မှ မွန်သေနတ်သမား ဆယ်ဦးသည် ထိုရွှေထီးဖြန့်ထားရာနေရာသို့ အသေအချာချိန်ရွယ်ကာ ပစ်ခတ်ခဲ့သည်။

သေနတ်သံများ ကြားသဖြင့် ကုန်းဘောင်ဗိုလ်မင်းတို့လည်း သေနတ်ဝန် ရှိရာသို့ ချက်ချင်းလှည့်ကြည့်ကြရာ မီးခိုးလုံးများကြားတွင် ခေါင်းမော့လျက် အေးအေးဆေးဆေး လက်ညှိုးညွှန်ကာ ကွပ်ကဲလျက်ရှိသည်ကို တွေ့မှ သက်ပြင်းချမိကြလေသည်။

မွန်ရဲမက်တို့ ခေါင်းကုပ်ကြလေပြီ။ ပြီးနောက် "သူပစ်တာလွဲ၍ ငါပစ်တာမှန်သည်"စသည်ဖြင့် ငြင်းခုံနေကြသည်ဆို၏။ မည်သို့ပင်ဆိုစေ ဦးကောင်း၏ ရွှေထီးက လှေဆိပ်ဖက်သို့ ရွေ့သွားချေပြီ။

အမှန်မှာ သူတို့၏ကျည်ဆံများသည် သေနတ်ဝန်၏ ဆီးခြိုက်ကို တိုက်ရိုက်ထိမှန်ခဲ့သည်။ ဦးကောင်းသည် မိမိ၏ စစ်သည်တို့ မခြောက်ခြားစေရန် ရင်စည်းပ၀ါဖြင့် ဒဏ်ရာကို နာနာစည်းကာ ဟန်မပျက်စေဘဲ ရပ်တည်နေခဲ့ခြင်းဖြစ်သည်။ ထို့နောက် ထီးတော်မိုးကို မျက်နှာရိပ်မျက်နှာကဲ ပြကာ လှေဆိပ်သို့ ဆင်းလာခဲ့ခြင်းဖြစ်သည်။

လှေဆိပ်သို့ရောက်သည့်အချိန်တွင် ဦးကောင်း၏ကိုယ်မှာ သွေးတို့ဖြင့် နစ်နေခဲ့ပြီ။ သေနတ်ဝန်သည် လှေပေါ်သို့အတက်တွင်ပင် လူများက တွဲမ၍တက်ခဲ့ရသည် ဆို၏။

အလောင်းမင်းတရားကြီးသည် သန်လျက်စွန်းမှ လှမ်းမျှော်ကြည့်နေစဉ် လှေတစ်စင်း အပြင်းလှော်လာသည်ကို မြင်၍ ဆီးကြိုမေးမြန်းစေရာ ဦးကောင်း ဒဏ်ရာရလာသည်ကို သိလျှင် " ဟာ ဆုံးခဲ့ပြီ " ဟု အာမေဋိတ်ပြုခဲ့သည်ဟု မှတ်တမ်းများက ဆိုသည်။

အလောင်းမင်းတရားကြီးလည်း စိုးရိမ်ခြင်းပြင်းစွာဖြင့် " မောင်ကောင်းရဲ့ ဒဏ်ရာကို အစွမ်းကုန် ပြုစုကြပါ "ဟု သမားတော်များအား တာဝန်ပေးနေစဉ် ဦးကောင်းက မင်းကြီးကို လက်အုပ်ချီကာ " မရနိုင်တော့ပါ ဘုရား၊ တာဝန်မပြီးမီ ကိုယ်တော့်ကို ခွဲခွာသွားရသည်ကို ခွင့်လွှတ်စေလိုပါသည် " ဟုပြန်လည် လျှောက်တင်ခဲ့သည်။

ထို့နောက်တွင်မူ ဦးကောင်းသည် အဝေးမှ မှုန်ပျပျ လှမ်း၍ ဖူးမြင်နေရသော ရွှေတိဂုံ ဆံတော်ရှင်ကို အားခဲ၍ အာရုံပြုရင်းကပင် ဇီဝိန်ချုပ်လေ၏။

အလောင်းမင်းတရားကြီးလည်း များစွာ ကြေကွဲတော်မူသည်။ ဦးကောင်း၏ ရုပ်ကလာပ်ကို ထီးဖြူအုပ်မိုးကာ အဂ္ဂမဟာသေနာပတိဘွဲ့ဖြင့် ခမ်းခမ်းနားနား သဂြိုလ်ပေးတော်မူသည်။

နောက်ဆက်တွဲ

အဂ္ဂမဟာသေနာပတိသေနတ်ဝန် ဦးကောင်း ကွယ်လွန်ပြီးနောက်တွင် အလောင်းမင်းတရားကြီးသည် သန်လျင်တိုက်ပွဲကို အကြမ်းကိုင်ရန် စီမံခဲ့ပြီး အာမခံသူရဲကောင်း ကိုးကျိပ်သုံးယောက် ( ၉၃ ) ယောက် တို့ကို သန်လျင်မြို့သိမ်းတိုက်ပွဲအတွက် အထူးတာဝန်ပေးအပ်ခဲ့သည်။

ထိုသူရဲကောင်းတို့သည် ၁၇၅၆ ခု၊ ဇူလိုင် ၂၃ တွင် သန်လျင်မြို့တွင်း သို့ ၀င်ရောက်နိုင်ခဲ့ပြီး ဇူလိုင် ၂၆ ရက်နေ့တွင် သန်လျင်မြို့ကို အလောင်းမင်းတရားကြီး ရတော်မူသည်။

သန်လျင်တိုက်ပွဲများတွင် သူရဲကောင်းတို့၏ ချီးကျူးဖွယ်ကောင်းသည့် ဖြစ်ရပ်များကို တွေ့နိုင်ပြီး ထိုဖြစ်ရပ်များထဲမှ သေနတ်မှန်သည်ကိုပင် မျက်နှာတစ်ချက် မပျက်ဘဲ အေးအေးဆေးဆေး စစ်မြေပြင်မှ ထွက်ခွာနိုင်ခဲ့သော သေနတ်ဝန်ဦးကောင်းသည် ပို၍ လေးစားချီးကျူးဖွယ်ကောင်းသည် ဟုထင်မြင်မိပါတော့သည်။

( လွယ်တော့မလွယ်ဘူးဗျနော်၊ သေလောက်တဲ့ဒဏ်ရာကြီးကို မျက်နှာမပျက်ဘဲနေနိုင်တယ်ဆိုတာ.....kiki emoticon )


ပဉ္စမံကြောင်
Powered by Blogger.