တရုတ်ပြည်နှင့် ပတ္တမြားငမောက် ဒဏ္ဍာရီ

 အောင်ဘုန်းမြင့် (ကချင်မြေ) တစ်ချိန်က ကျောက်သမား

ပတ္တမြားငမောက် - မြန်မာတို့ အလွန်စိတ်ဝင်စားနေသော ပတ္တမြားငမောက် သမိုင်းကြောင်းတွင် မတူညီသော မူကွဲအမျိုးမျိုး ရှိလေ၏။ ပတ္တမြား ငမောက်ကို မိုးကုတ်မြို့နယ် အင်ကြင်းတောင်မှ တူးဖော် ရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် အချို့က အင်းခေါင်းဒေသမှ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုထား ပြန်ပါသည်။ အခြားအခြားသော ပါးစပ်အဆိုများလည်း ရှိပါသေးသည်။ မည်သည့်အဆို မှားသည် မှန်သည် ဆုံးဖြတ်ရ ခက်ခဲလိမ့်မည်။
ရှေးစာများအရ ချင်းတွင်း နယ်သား မောင်ငမောက် ဆိုသူသည် မိုးကုတ်နယ်ဘက် လာရောက်ကာ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းဖြင့် အခြေချနေထိုင်ခဲ့သည်။ တစ်ခုသော ညအမှောင်ထဲ၌ မိမိခြံ အတွင်းမှ ထူးထူးခြားခြား အရောင်တောက်ပနေသော အနီရောင် ပတ္တမြားတုံးကြီး တစ်တုံးကို တွေ့ရှိရပြီး အိမ်သို့ ယူဆောင်လာခဲ့သည်ဟူ၏။
မောင်ငမောက်သည် ယင်းပတ္တမြားတုံးကို နှစ်ခြမ်းခွဲစိတ်၍ တစ်ခြမ်းကို ယောက်ဖဖြစ်သူ မောင်ရွှေဆိုသူကို အပ်ပြီး တရုတ် နိုင်ငံသို့ စေလွှတ် ရောင်းချစေခဲ့သည်။ ကျန်တစ်ခြမ်းကို မြန်မာ သက္ကရာဇ် ၁၂၀၃ ခုနှစ်တွင် အင်းဝရွှေမြို့တော် ငါးထပ်ကြီး ဒါယကာ ပင်းတလဲမင်းထံ ဆက်သခဲ့သည်။ ဘုရင်သည် မောင်ငမောက်ကို ဆုတော်လာဘ်တော်များ ချီးမြှင့်သနားခဲ့သည်။ ငမောက်ဆိုသူက ဆက်သခဲ့သော ပတ္တမြား ဖြစ်သောကြောင့် ပတ္တမြားငမောက် ဟူသော အမည် ထင်ရှားလာခဲ့ခြင်း ဖြစ်သည်ဟူသော အဆိုကို ပညာရှင်တိုင်း သိကြပြီး ဖြစ်ပါလိမ့်မည်။
တရုတ်နိုင်ငံသို့ ရောက်ရှိသွားသော ပတ္တမြား တစ်ခြမ်းသည် တရုတ်နိုင်ငံအတွင်း မင်မင်းဆက် မတည်မငြိမ် ဖြစ်သောကြောင့် ကံအားလျော်စွာ မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည်ရောက်ရှိလာသည်။ မြန်မာနိုင်ငံသို့ ခိုးဝင်လာသော တရုတ်ကုန်သည်နှင့် ပြန်ပါလာခြင်းဖြစ်ပြီး မြန်မာမင်းထံ ဆက်သခဲ့ရာ ဘုရင်က လွန်စွာ နှစ်သက်တော်မူသဖြင့် များစွာသော ဆုတော်ငွေများ ပေးသနားတော်မူ ခဲ့သည်ဟု ဆိုထားပါသည်။
ထို့နောက် မောင်ငမောက် ဆက်သခဲ့သော ပတ္တမြားတစ်ခြမ်းနှင့် တရုတ်ကုန်သည် ဆက်သခဲ့သော ပတ္တမြား အပိုင်းကို ဆက်စပ် ကြည့်သည့်အခါ ယခင်တစ်ပွင့်တည်းမှ ပတ္တမြားအဆက် ဖြစ်နေသည်ကို သိရှိရသည်။ ထို့ကြောင့် ပင်းတလဲမင်းကို လွန်စွာအမျက်တော် ပွားစေခဲ့သည်။ သို့ဖြစ်သောကြောင့် ဘုရင့် အမိန့်တော်နှင့် မောင်ငမောက်နှင့်တကွ ဆွေတော်မျိုးတော် ခုနစ်ဆက်တို့ကို မီးတိုက်၍ ကွပ်မျက်စေခဲ့သည်။ မောင်ငမောက်၏ အစ်မဖြစ်သူ ဒေါ်နန်းဆိုသူ တစ်ဦးတည်းသာ လွတ်မြောက် ကျန်ရစ်ခဲ့သည်။ ဒေါ်နန်း အသက်လုပြေးရင်း မီးလောင်စင်များကို နောက်ဆုံး မျှော်ကြည့်ခဲ့သော တောင်ကို ယခုအခါ ဒေါ်နန်းကြည့်တောင်ဟု ခေါ်ဆိုကြသည်။ ယင်းတောင်ကို မန္တလေး မိုးကုတ်လမ်းပေါ်တွင် ယခုတိုင် တွေ့မြင်နိုင်ပါသည်ဟူ၍ ဖြစ်လေသည်။ ထို့ပြင် ပတ္တမြား ငမောက် ဖြစ်လာပုံ အခြားမတူညီသော မူကွဲများလည်း ရှိပါသည်။
ပတ္တမြားငမောက် မူကွဲများ- (မူကွဲတစ်) အင်းဝနန်းမြို့ ညောင်ရမ်းမင်း လက်ထက်တွင် ငါးထပ်ကြီး ဒါယိကာ မင်းတရားကြီး၏ ညီတော်ဖြစ်သော ပြည်မင်းတရားကြီး လက်ထက် မြန်မာသက္ကရာဇ် ၁၂၀၃ ခုနှစ်တွင် ချင်းတွင်းရွာနေ မောင်ငမောက်ဆိုသူက ဆက်သခဲ့သော ပတ္တမြားကျောက် ဖြစ်သည်။ ထို့ကြောင့်ပတ္တမြား ငမောက် ခေါ်တွင်လာခဲ့ခြင်း ဖြစ်သည်။
(မူကွဲနှစ်) ညောင်ရမ်းခေတ် မိုင်းလုံလမ်းပေါ်ရှိ ကျောက်တစ်လုံး ဒေသမှ ရွာသားတစ်ဦးက တူးဖော် ရရှိခဲ့သည်။ ကျောက်တန်ဖိုး မသိသောကြောင့် သုံးပိုင်းပိုင်း၍ တစ်ပိုင်း သိမ်းဆည်းထားခဲ့ရာမှ တစ်ပိုင်း ခိုးသား လက်ထဲ ပါသွားသည်။ တစ်ပိုင်း နိုင်ငံခြားသား ကုန်သည်တစ်ဦး လက်ထဲ ရောက်သွားသည်။ ကျန်တစ်ပိုင်း ပလောင် အမျိုးသမီးတစ်ဦး ရရှိသွားသည်။ ပတ္တမြားအလင်း မီးတလျှံလျှံ ဖြာထွက်နေသဖြင့် ဗိုင်းငင် ၀ါဖန့်ပြုနိုင်သည်။ အဖိုးတန် ပတ္တမြားဟု မသိကြ၊ သာမန်မျှောကျောက် ကျောက်ဆန်း အလင်းပွင့်သည် ထင်နေကြဟန်ရှိသည်။ ကျောက်တန်ဖိုး မသိသော ပလောင် အမျိုးသမီးသည် ပတ္တမြား ကျောက်တုံးကို ချင်းတွင်းနယ်သား ကုန်သည်များထံ ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် အစရှိသော ကုန်ပစ္စည်းများနှင့် လဲလှယ်ယူခဲ့ရာမှတစ်ဆင့် ချင်းတွင်းနယ်သား မောင်ငမောက် ဆိုသူထံ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
တစ်စတစ်စနှင့် ကျောက်တန်ဖိုး အနဂ္ဃကြီးမှန်း သိလာသော မောင်ငမောက်သည် ပတ္တမြားကျောက်ကို လက်ဝယ်မထားဝံ့သဖြင့် အမရပူရ (အမ္ပရာပူရ်) ပထမ မြို့တည်မင်း ဗဒုံမင်းခေါ် ဘိုးတော်ဘုရားထံ သွားရောက် ဆက်သခဲ့သည်။ ငမောက်ဆိုသူက ဆက်သခဲ့သောကြောင့် ပတ္တမြား ငမောက်ဟူ၍ ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။ ပတ္တမြားငမောက်နှင့် ပတ်သက်၍ အခြား ဒဏ္ဍာရီဆန်ဆန် “တယ်တဲ့” ပါးစပ်ဆိုများလည်း ထွေထွေလီလီ ရှိပါသေးသည်။
ထူးခြားသည်မှာ ပတ္တမြား ငမောက်ဖြစ်လာပုံ နောက်ခံဇာတ်ကြောင်း မတူကွဲလွဲမှု ရှိနေသော်လည်း ငမောက်ဆိုသူက ဘုရင်ထံ ဆက်သခဲ့သော ပတ္တမြား ဖြစ်သောကြောင့် ပတ္တမြားငမောက် အမည်တွင် လာခဲ့ခြင်း ဖြစ်သည်ဟူသော အဆိုမှာ တူညီနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။ နောက်ပိုင်း မြန်မာနိုင်ငံ ဗြိတိသျှ ကိုလိုနီဘ၀ ရောက်သွားသည့်အခါ မြန်မာနိုင်ငံ၏ အဖိုးတန် နန်းစဉ်ရတနာများ နှင့်အတူ ပတ္တမြား ငမောက်သည်လည်း မြန်မာ့ရတနာ သိမ်းပိုက်သွားသူ ဗြိတိသျှ စစ်ခေါင်းဆောင် ကာနယ်စလေဒင်လက်ထဲ သီပေါမင်း ကိုယ်တိုင် ပေးအပ်ခဲ့သည်။ ၁၉၁၁ခုနှစ် ဂျော့ဘုရင်ကြီး ဘိသိက်ခံယူရန် အိန္ဒိယသို့ လာရောက်ခဲ့စဉ်က ရတနာများကို ပေးအပ်ခဲ့သော ကိုယ်တော်တိုင် စာလွှာ ပေးပို့၍ ဂျော့ဘုရင်ကြီးထံ ပတ္တမြား ငမောက်နှင့် အခြားမြန်မာ့ အဖိုးတန် နန်းစဉ်ရတနာများကို တောင်းဆိုခဲ့သော်လည်း မရခဲ့ဟု သိရသည်။
ပတ္တမြား၏ ဂုဏ်သတ္တိ - န၀ရတ် လက်စွပ်ကို ယုံယုံကြည်ကြည် ၀တ်ဆင်ဆောင်ထားသူ၌ ဘေးရန်အန္တရာယ် အသွယ်သွယ်တို့မှ လွတ်ငြိမ်း ကင်းဝေးစေ၍ သုခချမ်းသာ အမျိုးမျိုးနှင့် ပြည့်စုံစေနိုင်သည်။ ရာထူးအာဏာ တည်မြဲစေ၍ လိုရာဆန္ဒ ပြည့်စုံစေနိုင်သည်ဟူ၍ ဖြစ်သည်။ ပတ္တမြားအပေါ် အနောက်နိုင်ငံများနှင့် အရှေ့တိုင်းသားတို့၌ တူညီသောဆန္ဒ ယုံကြည်မှုသည် ပတ္တမြားကို ပိုင်ဆိုင် ၀တ်ဆင် ဆောင်ထားကြလျှင် ဘုန်းကံကြီး၍ ဘ၀ဂုဏ်ရောင် ထွန်းလင်းတောက်ပ စေနိုင်သည်။ ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့သာယာစေ၍ ဓနစီးပွား ဥစ္စာ စည်းစိမ်းချမ်းသာ တိုးပွားစေသည်။ မိမိတို့၏ ရာထူးဂုဏ်သိမ် ပစ္စည်းဓနဥစ္စာများကို ရန်သူမျိုး ငါးပါးတို့၏ အနှောင့်အယှက် ဖျက်ဆီးခြင်းအပေါင်းတို့မှ ကာကွယ် တားဆီးပေးနိုင်သည်။ ရောဂါဘယ အမျိုးမျိုးတို့မှ ကာကွယ်ပေးနိုင်ပြီး ကျန်းမာခွန်အားကြီး၍ အသက်ရှည် အနာမဲ့ စေနိုင်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ကိစ္စများ ဆောင်ရွက်ရသည့်အခါ အောင်မြင်မှုကို ရရှိစေနိုင်သည်ဟူ၍ ဖြစ်လေသည်။
ပတ္တမြားနှင့် မြန်မာတို့၏ အယူအဆ - မြန်မာ့ ရှေးစာပေ ကျမ်းဂန်များ အလိုအရ ပတ္တမြားကို ၀တ်ဆင်ထားလျှင် အကြင်သူ၌ (၁) မိမိအလိုကို ပြည့်ဝစွာ ပေးတတ်၏။ (၂) အစိုးအရိမ်မရှိ အစဉ်ကြည်လင်ရွှင်ပြ စေတတ်၏။ (၃) ဘုန်းတန်ခိုးတေဇော ထွန်းပခြင်းကို ပြုတတ်၏ဟူ၍ ဖြစ်သည်။
ပတ္တမြားငမောက်နှင့် ခေတ်အယူအဆ - ချင်းတွင်းနယ်သား မောင်ငမောက်ဆိုသူသည် မြေဆီမြေသြဇာ အလွန်ကောင်းမွန်သော ချင်းတွင်း မြစ်ကမ်းနှင့် ဧရာဝတီ မြစ်ကမ်းများကို ကျော်လွန်၍ ကျောက်တောင် ကျောက်ခဲများ ထူထပ်ပြီး စိုက်ပျိုးရ ခက်ခဲသော မိုးကုတ်နယ်ထဲ လယ်ယာ စိုက်ပျိုးရေး လာရောက် လုပ်ကိုင်သည်ဆိုခြင်းမှာ လွန်စွာ ဖြစ်နိုင်ချေ နည်းပါးလှပါသည်။ မိုးကုတ်မြို့သည် စားကုန်များအတွက် အောက်မြေပြန့်ကို အားကိုးနေရသောမြို့ ဖြစ်ပါသည်။ မိုးကုတ်နယ်၏ မြေအနေအထားသည် စိုက်ပျိုးရေးကို ဇောက်ချလုပ်ကိုင်သူများ အတွက် ဘူမိနက်သန် မဟုတ်နိုင်ပါ။
ပတ္တမြားငမောက်နှင့် အလင်းရောင် - ပတ္တမြား ငမောက်သည် အမှောင်ထဲ ပြိုးပြိုး ပြက်ပြက် အလင်းထွက်သည်ဟုဆိုသည် မဖြစ်နိုင်ပါ။ အဖိုးတန် ပတ္တမြားနီလာ ကျောက်မျက် ရတနာများတွင် ကိုယ်ပိုင် အလင်းရောင် မရှိပါ။ နေအလင်း ပနံနှင့် ကြည့်မှသာ နှစ်ရောင်ကွဲ၍ ပြေးနေသော ပတ္တမြား အရည်၏ စွဲမက်စရာ အလှတရားများကို တွေ့နိုင်မည် ဖြစ်သည်။ အမှောင်ထဲ အလင်းထွက်လျှင် ပတ္တမြား မဖြစ်နိုင်ကြောင်း၊ စုန်းတောက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ မျှော၊ ကြောင်ကျောက်များ စုန်းတောက် တတ်ပါသည်။
ပတ္တမြားငမောက်ကို ထက်ခြမ်းအညီခွဲပြီး တရုတ်နိုင်ငံသို့ တစ်ပိုင်းရောင်းစေပြီး ကျန်တစ်ခြမ်းကို ဘုရင့်ထံ ဆက်သစေခဲ့သည်ဟု ဆိုသည်။ ပတ္တမြား နီလာများသည် အလွန်မာကြောသော ကျောက်မျက်မျိုး ဖြစ်သည်။ စကျင်ကျောက်များကဲ့သို့ လွယ်လွယ်နှင့် ခွဲစိတ်၍ မရနိုင်ပါ။ တူနှင့် ထုခွဲလျှင် မာဆတ်သောကြောင့် ကြေသွား ကြွေသွားနိုင်သည်။ ခေတ်မီ စက်ကိရိယာ နည်းပညာ မပါဘဲ ပတ္တမြားတစ်ပွင့်ကို ထက်ခြမ်းအတည့် ခွဲစိတ်နိုင်မည် မထင်ပါ။
မိုး၏ မာဆင့်စကေးအရ ကမ္ဘာပေါ်တွင် အမာဆုံးစိန်သည် မာဆင့်စကေး ၁၀၀ ရှိပြီး ပတ္တမြား၊ နီလာတို့သည် မာဆင့်စကေး ၉၅ မှ ၉၀ အတွင်းဖြင့် ဒုတိယ အမာဆုံး ဖြစ်သည်။ ကျန်ကျောက်များမှာ ဥဿဖရား ၈၀၊ မြကျောက် ၇၀၊ ကျောက်စိမ်း ၆၅၊ ဖလ်စပါ ၆၀၊ နဂါးသွဲ့ ၅၀၊ ဖလော် ရိုက် ၄၀၊ ကယ်လဆိုက် ၃၀၊ TALC တဲလ်နှင့် GYPSUM ဂေါ်တံကျောက် ၂၀၊ အသီးသီး မာဆင့်စကေး ရှိကြပြီး ပုလဲနှင့် သန္တာသည် မာဆင့်စကေး အတိအကျ မရှိပါ။ သို့ဖြစ်သောကြောင့် ထိုအချိန်က မြန်မာနိုင်ငံတွင် ပတ္တမြား နီလာများကို လုံးချောအဖြစ်လောက်သာ သွေးယူနိုင်ပြီး သာကွက်ပွင့်အောင် မသွေးနိုင်သေးပါ။ ပတ္တမြားရည်နှင့်တူသော အခြား ကျောက်နီများလည်း ရှိပါသေးသည်။
အကယ်၍ ထက်ခြမ်း ခွဲစိတ်၍ ဘုရင့်ထံ ဆက်သမည်ဆိုပါက သဘာဝအတိုင်း မဟုတ်ဘဲ ခွဲစိတ်ထားသည့် ဒဏ်ချက်ကြောင့် ကျောက်ခိုးထားသည်ကို ဘုရင့် ဘဏ္ဍာထိန်းက အလွယ်တကူ သိသွားနိုင်ပါသည်။ ကျောက်များ၏ အက်ကြောင်းကွဲကြောင်း ဒဏ်ရာ ဒဏ်ချက်များကို ကြည့်ရှု၍ ကျောက်၏ မူလ အရင်းအဖျား အနေအထားကို လေ့လာ သိရှိနိုင်သောကြောင့် ဖြစ်သည်။
တရုတ်နှင့် ပတ္တမြား ငမောက် - တရုတ်နိုင်ငံထဲသို့ ရောက်ရှိသွားသော ပတ္တမြားတစ်ခြမ်း ကံအားလျော်စွာ မြန်မာနိုင်ငံထဲသို့ ပြန်ရောက်လာသည်ဆိုသော အချက်မှာ လုံးဝ ဖြစ်နိုင်ချေ မရှိပါ။ တရုတ် လက်ထဲ ရောက်ရှိသွားသည့် ရတနာ ပစ္စည်းများ မြန်မာတို့လက်ထဲ ပြန်ရောက်လာနိုင်ရန် မလွယ်ပါ။ ပြန်ရခဲ့ဖူးခြင်းလည်း မရှိခဲ့ဖူးပါ။ တရုတ်တို့သည် မြန်မာနိုင်ငံမှ ကျောက်စိမ်း အပါအ၀င် ကျောက်မျက် ရတနာများနှင့် သယံဇာတ ပစ္စည်းများကို ငမ်းငမ်းတက် လိုချင်နေသူများသာ ဖြစ်ကြပါသည်။
မြန်မာ့ ကျောက်မျက်များ တရုတ်နိုင်ငံထဲ ရောက်သွားလျှင် တန်ဖိုး အဆပေါင်းများစွာ တက်သွားနိုင်ပါသည်။ ထို့ကြောင့် တရုတ်လက်ထဲ ရောက်သွားသည့် ပတ္တမြားငမောက် တစ်ခြမ်း တရုတ် ကုန်သည်နှင့် မြန်မာနိုင်ငံထဲ ပြန်ရောက်လာပြီး မြန်မာဘုရင်ထံ ဆက်သခဲ့သည် ဆိုခြင်းမှာ ယုတ္တိမတန် ပုံပြင်ဆန်လွန်းသဖြင့် စာမတတ်သော ကပ္ပိယ အဖိုးကြီးက ပြောပြနေသည့် ဘုရားသမိုင်းကဲ့သို့ ဖြစ်နေပါသည်။ သို့ဖြစ်၍ ရတနာ ချစ်ကြသူများ အရာတိုင်း၌ သတိနှင့် စဉ်းစား ချိန်ဆ၍ ယုံကြည်ကြပါကုန်။
ပန်းလို စမ်းလို လမင်းလို သာယာချမ်းမြေ့ကြပါစေ...။
အောင်ဘုန်းမြင့် (ကချင်မြေ)
တစ်ချိန်က ကျောက်သမား
http://www.tomorrow.com.mm/?q=articles%2F1320
Powered by Blogger.