ငြိမ်းချမ်းရေးပြယုဂ် . . . ညီညွတ်ရေးသင်္ကေတ



သမိုင်းနှင့် ချီ၍ပြောရလျှင် ကုန်းဘောင်ခေတ် မြန်မာ့နန်းတွင်းအကွဲအပြဲ၊ ဗုဒ္ဓဘာသာကလျာဏယုဝ  အသင်း (၀ိုင်အမ်ဘီအေ) အကွဲအပြဲ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာမြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ) အကွဲ အပြဲ၊ တို့ဗမာအစည်းအရုံးအကွဲအပြဲ (ထိုအကွဲအပြဲ ကရဲဘော်သုံးကျိပ်အထိဂယက်ရှိပါသည်) ဗမာပြည်  ကွန်မြူနစ်ပါတီအကွဲအပြဲ၊ ဖဆပလအကွဲအပြဲအထိ သမိုင်းတွင် အမည်းစက်များရှိနေခဲ့ပါ၏။
မြန်မာတစ်နိုင်ငံလုံးသူ့ကျွန်ဘ၀ကလွတ်လပ်ခါနီး ဗြိတိသျှတို့၏သွေးခွဲအုပ်ချုပ်မှုအမွေဆိုးကြောင့် မြန်မာတို့နှင့်အတူ တိုင်းရင်းသားသွေးချင်းတို့သည် တစ်ချိန်တည်းတစ်ပြိုင်တည်းလွတ်လပ်ရေးယူသင့်၊ မယူသင့်ပြဿနာပေါ်ပါသည်။ သည်ပြဿနာကို ဦးဆောင်ဖြေရှင်းပေးခဲ့သူကဗိုလ်ချုပ်အောင်ဆန်းပါ။
“တစ်တိုင်းပြည်လုံးကြီးပွားစေချင်ရင်လူအား၊ ငွေအားပစ်္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်  လုပ်နိုင်မှအကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲ ကွဲအပြားပြားလုပ်နေကြရင်အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာအကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှ လည်းအကျိုးရှိကြောင်းသိနိုင်တယ်”ဟု ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့ ည ပင်လုံမြို့စော်ဘွားများ ထမင်းစားပွဲတွင်ညီညွတ်ရေးအရေးကြီးပုံကိုပြောခဲ့သည်။

သို့ကြောင့်လည်း ဗိုလ်ချုပ်၏ဦးဆောင်မှုဖြင့် တောင်တန်းဒေသနှင့် ပြည်မပေါင်းစည်းညီညွတ်စွာ ဖြင့် လွတ်လပ်ရေးစခန်းကိုအရောက်လှမ်းမည့်ပင်လုံ့ စာချုပ်ကိုချုပ်ဆိုခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမကြီးတွင်ပြုလုပ် သော ပြည်သူ့အစည်းအဝေးကြီးတွင် တစ်နှစ်အတွင်း လွတ်လပ်ရေးရစေရန်အာမခံကြောင်း လွတ်လပ်ရေး နှင့် ထိုက်တန်သောညီညွတ်မှုရှိရန်နှင့် အလုပ်ကြိုးစား  ဖို့လိုကြောင်း ပြောကြားခဲ့သည်။ ညီညွတ်ရေးနှင့် ပတ်သက်၍
“အဲဒီတော့ တိုင်းရင်းသားအချင်းချင်းညီညွတ် ရေး၊ တိုင်းရင်းသားလူထုညီညွတ်ရေး၊ စားဖားသမား တွေညီညွတ်တာကျုပ်မလိုချင်ပါဘူး။ တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သားလူထုညီ ညွတ်ရေး၊ အဲဒီညီညွတ်ရေးနှစ်ခုမရှိသမျှကာလပတ် လုံးဒီတိုင်းပြည်ဟာလွတ်လပ်ပင်လွတ်လပ်ငြားသော် လည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရတက်တက်  ဖာသည်တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော်ပြောချင် တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကိုခင်ဗျားတို့မပျက်ပြား ပါစေနဲ့။ဘယ်သူကဘာလုပ်လုပ်မပျက်ပါစေနဲ့။ အဲဒါ အင်မတန်အရေးကြီးပါတယ်”ဟုပြောဆိုခဲ့သည်။

ညီညွတ်ရေးသင်္ကေတအဖြစ် ဗိုလ်ချုပ်အောင်ဆန်း  ကိုပြဆိုမည်ဆိုပါလျှင် ငြိမ်းချမ်းရေးပြယုဂ်အဖြစ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ညွှန်းဆိုရပါမည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး မကြာမီအတွင်း မှာပင် တောခိုသွားကြသည့်အဖွဲ့အစည်းတွေ၊ လူမျိုး စုတွေကများလှသည်။ လွတ်လပ်ရေးရပါသော်လည်း ငြိမ်းချမ်းရေးမရ။ ညီညွတ်ရေးမရှိဖြစ်နေသည်။ အချင်းချင်းမညီမညွတ်ဖြစ်နေကြပုံကိုဆရာကြီးက
“အဲ ခုတော့ ဒို့ဗမာပြည်မှာ သုံးပါးလေးထွေပဲ။ အကွဲအပြဲအသင်းအပင်းတွေကသိပ်များနေတာ။ မသင့်မတင့်၊ မသင့်မြတ်တာတွေကများနေတယ်။ လုပ်လို့လည်းမလွယ်ကြဘူး။ ရှေးကဆရာတို့လည်း တိုင်းရေးပြည်ရေးစပေါ်ကတည်းက မီခဲ့၊ တွေ့ခဲ့၊ ကြုံ ခဲ့ရတယ်။ ဒို့တွေ့ရတာ ဂျီစီဘီအေ၊ ၀ိုင်အမ်ဘီအေ၊ လှိုင်ပုကျော် ၂၁ ဦးတဲ့။ ၄-၅ဦးလောက်အကွဲအပြား ပဲတွေရတယ်။ ခုတော့် တစ်ပြည်လုံးကို ဟိုကတစ် သင်း၊ ဒီကတစ်သင်းနဲ့ပေါ့လေ။ တော်ကြာစပကသ အသင်း၊ ဖဆပလအသင်း၊ ပထခွကျအသင်းနဲ့ အသင်း တွေကလည်း ငါးယောက်နဲ့ လည်းတစ်သင်း၊ ပြီးတော့  တစ်သင်းနဲ့ တစ်သင်းလည်းရန်ဖြစ်နေကြပေါ့လေ”ဟု ပြောဆိုခဲ့သည်။
မအေးချမ်းလေတော့ဆရာကြီးသခင်ကိုယ်တော် မှိုင်းက သူတပည့်တွေအချင်းချင်း မညီမညွတ်ဖြစ် နေတာအပြစ်မဲ့ ပြည်သူတွေအေးအေးချမ်းချမ်းမနေ ရတာကိုသူဘ၀င်မကျ။ပြည်တွင်းငြိမ်းချမ်းရေးအတွက် သူဦးဆောင်ကြိုးပမ်းသည်။ ငြိမ်းချမ်းရေးအတွက် ပထမဦးဆုံး ၁၉၅၆ ခုနှစ်စ၍ ပထမရှစ် ဦးကော်မတီ ဖွဲ့ပြီးဆောင်ရွက်သည်။ ထိုအဖွဲ့ပျက်သောအခါ ၁၉၆၁ ခုနှစ်တွင်ဒုတိယပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို ထပ်မံ ဖွဲ့စည်းဆောင်ရွက်ပြန်သည်။ ထိုအဖွဲ့တွင် ဆရာကြီး ကဥက္ကဋ္ဌဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောဖြစ်သည်။ ထိုအဖွဲ့တွင် လွှတ်တော်ရှေ့နေကြီးဦးထွန်းတင်က အတွင်းရေးမှူး ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ်ဗန်းမော်တင်အောင်၊ တော် ဘုရားကလေး၊ မုံရွာဦးတင်ရွှေ၊ ဦးစိုးမင်း(ဗလ၀)၊ဦးလှကျော်၊ ဦးဘကျော်၊ ဦးလှတင် စသည့်ပုဂ်္ဂိုလ်များ၊ ကရင်အမျိုးသား ခေါင်းဆောင်များဖြစ်သည့် မန်း ကျော်အုံး၊ စောကျော်စိန်တို့ ပါဝင်သည်။
ထိုအဖွဲ့ကြီးမှာ တစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းရေး တရားများလှည့်လည်ဟောပြောစည်းရုံးသည်။ နယ် ခရိုင်အတော်များများတွင် ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ခွဲများတည်ထောင်လာနိုင်သည်။ အရှိန်ကောင်း နေဆဲမှာပင် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်မှာ တော်လှန်ရေးကောင်စီအစိုးရကအာဏာသိမ်းလိုက် သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေတုံ့နှေးသွားသည်။

ဗိုလ်နေ၀င်းအစိုးရက ပြည်တွင်းငြိမ်းချမ်းရေး ကို ၁၉၆၃ ခုနှစ်တွင် တောတွင်းအဖွဲ့များနှင့် ဟန်ပြ စေ့စပ်ဆွေးနွေးခဲ့သည်။ နိုဝင်ဘာလတွင် ဆွေးနွေးပွဲ များ ပျက်ပြားသွားပြီး မကြာမီမှာပင်အဖွဲ့အစည်း အားလုံးကိုဖျက်သိမ်းသည့်အမိန့်ကို ထုတ်ပြန်လိုက် သဖြင့် ပျက်ပြားခဲ့ရတော့သည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သူ့တပည့် တွေအချင်းချင်းကွဲပြဲနေတာကိုစိတ်မကောင်း “ငါမ သေခင်ငြိမ်းချမ်းရေးရသွားတာကိုမြင်ချင်တယ်ကွာ”  ဟုညည်းညူပြောဆိုရှာသည်။ ဆရာကြီးမှာ ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် ကွယ်လွန်သွားခဲ့ရှာ သည်။ ငြိမ်းချမ်းရေးအစစ်ကို သူမတွေ့လိုက်ရ၊ မမြင် လိုက်ရ၊ မသိလိုက်ရ။
အရပ်သားအစိုးရဟုခေါ်ဆိုသော အစိုးရတက် လာပြီးနောက် ငြိမ်းချမ်းရေးတွေပြန်ခေတ်စားလာ သည်။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ဆယ်ဖွဲ့ကျော် ကို ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ် သည်။ အပြီးမသတ်သေးသော ငြိမ်းချမ်းရေးဆွေးနွေး မှုများလည်းရှိနေသေးသည်။ မကြာမီအောင်မြင်တော့  မည်ဟုယုံကြည်ရပါသည်။ ညီညွတ်ရေးရမှာ ငြိမ်းချမ်း  ရေးရမှာလား၊ ငြိမ်းချမ်းပြီးမှ ညီညွတ်ရေးရမှာလား ဆိုသည်ကတော့စောင့်ကြည့်ရပါမည်။
သေချာသည်ကတော့ ညီညွတ်ရေးရဖို့၊ ငြိမ်းချမ်း  ရေးရဖို့ဆိုလျှင်တော့ တန်းတူအခွင့်အရေးရှိဖို့လိုအပ် မှာဖြစ်သည်။ ကရင်တစ်ကျပ်၊ ရှမ်းတစ်ကျပ်၊ ဗမာ တစ်ကျပ်ဖြစ်ဖို့လိုသည်။ ပွင့်လင်းမြင်သာမှုတွေလို သည်။ ၀ှက်ဖဲမရှိစေရ။

ရည်ညွှန်း

(၁) ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပေါင်းချုပ်
(၂) ငြိမ်းချမ်းရေးဖခင်ဆရာကြီးသခင်ကိုယ်တော်မှိုင်း (မောင်ဇေယျာ)
(၃) မြန်မာနိုင်ငံရေးဇာတ်ခုံပေါ်က အကွဲအပြဲဇာတ် လမ်းများ (ဖိုးအောင်လေး)

တေဇအောင်

Hot News Journal
https://m.facebook.com/hotnewsweeklyl/
Powered by Blogger.