ဆရာဇော်ဂျီ၏ ဘ၀ပုံရိပ်


           ဆရာဇော်ဂျီ ကို ၁၉၀၇ တွင် မွေးဖွားခဲ့ပြီး၊ ၁၉၉၀ တွင်  ကွယ်လွန်ခဲ့သည်။  ဆရာဇော်ဂျီသည် ပင်ကို ရေးသားဖွဲ့နွဲ့ ပြုစုမှုနှင့် ဘာသာ ပြန်ဆိုမှုအဖြစ် ၀တ္ထုတို၊ ပြဇာတ်၊ ကဗျာ၊ စာတမ်းငယ်၊ ရသ ဒဿနနှင့် သမိုင်းဆိုင်ရာ ဆောင်းပါး စသည့် စာပေလက်ရာ မျိုးစုံကို ပြုစုခဲ့သည်။

        ကွယ်လွန်ချိန် အထိ ကဗျာ ပုဒ်ရေပေါင်း ၂၃၀ ခန့် ၀တ္ထုတို ၄၆ ပုဒ်၊ ပြဇာတ် ၈ ပုဒ်၊ စာတမ်းနှင့် ဆောင်းပါး ပုဒ်ရေပေါင်း ၃၀၀ ခန့်ကို ရေးသား ပြုစု နိုင်ခဲ့ပြီး လုံးချင်း စာအုပ်ပေါင်း ၄၁ အုပ်ရှိသည်ဟု စာပေ သုတေသီတို့က မှတ်တမ်း တင်ထားကြပါသည်။

              ဆရာဇော်ဂျီ ဖန်တီးသော စာပေ လက်ရာများသည် အလွမ်း၊ အဆွေး၊  အတွေး၊ သံဝေဂ၊ သင်ခန်းစာ စသည့် ရသများကို ပေးနိုင်စွမ်းသည့်ပြင် နိုင်ငံနှင့် ပြည်သူကိုလည်း တစ်ဖက် တစ်လမ်းမှ အကျိုးပြုသည့် စာပေလက်ရာများ ဖြစ်ကြပါသည်။ ဆရာဇော်ဂျီ၏ စာပေလက်ရာ ဖန်တီးမှုများကို အရင်းခံပြီး မြန်မာစာပေ လောကတွင် စာရေးဆရာ၊ ဘာသာပြန် ဆရာ၊ ကဗျာစာဆို-စသဖြင့် အမျိုးမျိုး ဂုဏ်တင် မော်ကွန်း ထိုးပေးကြသည်။
      ဆရာဇော်ဂျီသည် ဧရာဝတီတိုင်း ဖျာပုံမြို့တွင် ဘုန်းတော်ကြီးကျောင်း၊ မြန်မာကျောင်းနှင့် အင်္ဂလိပ်မြန်မာ အထက်တန်းကျောင်း တို့၌ ပညာ သင်ယူခဲ့ရာ ၁၉၁၉ ခုနှစ်တွင် သတ္တမတန်း အောင်မြင်ခဲ့သည်။ ထို့နောက် ဖျာပုံ အမျိုးသား အထက်တန်းကျောင်း၊ ရန်ကုန် အမျိုးသား အထက်တန်း ကျောင်းနှင့် ရန်ကုန်မြို့မ အမျိုးသားကျောင်းတို့တွင် ဆက်လက်ပညာ သင်ယူခဲ့ရာ ၁၉၂၄ ခုနှစ်တွင် ၁၁ ဆင့်တန်း အောင်မြင်ပြီး ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် ၀ိဇ္ဇာဘွဲ့နှင့် ၁၉၃၆ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့တို့ ရခဲ့ပြီးလျှင် ၁၉၄၀ ပြည့်နှစ်တွင် လန်ဒန် နှင့် ဒဗ္ဗလင် တက္ကသိုလ်တို့မှ စာကြည့် တိုက် ပညာဒီပလိုမာ ရရှိခဲ့သည်။ ဆရာ ဇော်ဂျီသည် အမည်ရင်း ဦးသိန်းဟန် အဖြစ် ၁၉၃၀ ပြည့်နှစ်မှ ၁၉၈၁ ခုနှစ် အထိ ရန်ကုန်တက္ကသိုလ် မြန်မာစာ နည်းပြဆရာ လုပ်ခဲ့ပြီးနောက် ရန်ကုန်မြို့မ အမျိုးသား အထက်တန်းကျောင်း အထက်တန်းပြဆရာ၊ မန္တလေး-ဥပစာကောလိပ် မြန်မာ စာနည်းပြဆရာ၊ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

             ဒီအပြင် ပညာရေး ၀န်ကြီး ဌာန ဒုတိယ ညွှန်ကြားရေးဝန် (စာပေနှင့် စာကြည့်တိုက်)၊ တိုင်းပြု -ပြည်ပြု လွှတ်တော်ရုံးနှင့် ရွေးကောက်ပွဲကော်မရှင်ရုံး အထူးအရာရှိ၊ ပညာရေး- ၀န်ကြီးဌာန ကျောင်းသုံးစာအုပ်ပြုစုထုတ်ဝေရေး ညွှန်ကြားရေးဝန်၊ မြန်မာနိုင်ငံသမိုင်း ကော်မရှင်ဥက္ကဋ္ဌ၊ ဂုဏ်ထူးဆောင် မြန်မာစာပါမောက္ခ၊ နိုင်ငံသမိုင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးဝန်၊ ပညာရေး ၀န်ကြီးဌာန အထူးအရာရှိ(၁)၊ နိုင်ငံ သမိုင်းသုတေသနဦးစီးဌာန အကြံပေးပုဂိ္ဂုလ်၊ ပညာရပ်ဝေါဟာရက်ာမတီ ဥက္ကဋ္ဌ၊ အမျိုးသားစာပေဆု ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသုတေသန အသင်းဥက္ကဋ္ဌစသည့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ထမ်းဆောင်ပြီး အငြိမ်းစား ယူခဲ့သည့် ဆရာဇော်ဂျီသည် များပြားလှသော နိုင်ငံတော် တာဝန် အရပ်ရပ်ကို ထမ်းဆောင်ရင်းမှ စာကောင်း ပေမွန်တို့ကို ဖန်တီးခဲ့သည်ဟု ဆိုရပါမည်။

                ၁၉၂၄ ခုနှစ်တွင် သစ္စာဝါဒီ သတင်းစာမှ အင်္ဂလိပ် ကဗျာဆရာ Henry Wotton ၏ The Character of Happy Life ကဗျာကို ဘာသာပြန်ပွဲ ကျင်းပလျှင် ပါဝင် ယှဉ်ပြိုင်ရာ၌ သစ္စာ ၀ါဒီဆု (ရွှေဒင်္ဂါးငါးပြား) ရခဲ့သည်။ ဆရာဇော်ဂျီသည် အသက် ၁၇ နှစ်ခန့် မြို့မ အထက်တန်း ကျောင်းသား ဘ၀ကပင် သူရိယနှင့် ၀ံသယုဝ မဂ္ဂဇင်းတို့၌ ကဗျာများ စတင် ရေးသားခဲ့ရာ၌ သစ္စာ ၀ါဒီဆုအတွက် စိတ္တသုခ လင်္ကာဟု အမည်ပေး ပြိုင်ပွဲဝင်ခဲ့သည်။

           ၁၉၂၈ ခုနှစ်တွင် ဥပစာတန်းကို မြန်မာစာ အမှတ် အများဆုံး ရရှိ အောင်မြင်ခဲ့၍ သာဒိုးအောင်ဆု ရရှိခဲ့သည့်ပြင် မြန်မာစာပေ သမိုင်းတွင် ပထမဦးဆုံး ခေတ်စမ်း ကဗျာအဖြစ် သတ်မှတ်ကြ သည့်ပိတောက်ပန်း ကဗျာကို ဟံသာ ကြေးမုံ စာစောင်နှင့် တက္ကသိုလ်ကျောင်း တိုက်မဂ္ဂဇင်းတို့တွင် ဖော်ပြခံရသည်။

  ၁၉၃၄ ခုနှစ်တွင် ဆရာကြီး ဦးဖေမောင်တင် တည်းဖြတ်သည့် ရန်ကုန် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၈ ဦး၏ ခေတ်စမ်း ကဗျာများ ပထမတွဲကို ကဗျာ ၇၈ ပုဒ်ဖြင့် ထုတ်ဝေခဲ့ရာ ဆရာဇော်ဂျီ ဖြစ်လာမည့် မောင်သိန်းဟန် တစ်ဦးတည်းက ၂၄ ပုဒ် အများဆုံး ပါဝင် ရေးသား နိုင်ခဲ့သည်။ ထို့ကြောင့် ဆရာဇော်ဂျီသည် ခေတ်စမ်း ကဗျာခေတ်ဦးတွင် ခေတ်စမ်းကဗျာကို အစောဆုံးနှင့် အများဆုံး ရေးသားနိုင်ခဲ့ သည်ဟု ဆိုနိုင်သည်။

       နိုင်ငံတော်မှ ဆရာဇော်ဂျီအား စာကောင်းပေမွန်များ ဖန်တီးမှု အတွက် ၁၉၅၅ခုနှစ်တွင် သခင်ကိုယ်တော် မှိုင်းဋီကာ စာအုပ်ဖြင့် စာပေဗိမာန် (စာပဒေသာ) ဆု၊ ၁၉၇၉ ခုနှစ်တွင် နင်လားဟဲ့ ချစ်ဒုက္ခနှင့် အခြား ၀တ္ထုတို များ ဖြင့် အမျိုးသားစာပေ(ဘာသာပြန်) ဆု၊ ၁၉၈၇ ခုနှစ်တွင် ရှေးခေတ်ပုဂံ ကဗျာများနှင့် အခြား ကဗျာများ ဖြင့် အမျိုးသားစာပေ (ကဗျာ) ဆုတို့ ချီးမြှင့် ခံခဲ့ရပြီး နိုင်ငံ တာဝန်နှင့် စာပေတာဝန် တို့ကို ထူးချွန် ပြောင်မြောက်စွာ ထမ်းဆောင်မှုဖြင့် ၁၉၄၈ ခုနှစ်တွင် ၀ဏ္ဏ ကျော်ထင်ဘွဲ့နှင့် ၁၉၆၁ ခုနှစ်တွင် သီရိပျံချီ ဘွဲ့တံဆိပ်တို့ကိုလည်း ချီးမြှင့် ခံခဲ့ရသည်။

                   ဆရာ ဇော်ဂျီသည် ၁၉၂၄ ခုနှစ် ၁၇ နှစ်သားအရွယ်တွင် စိတ္တသုခ လင်္ကာ အပါအ၀င် စာနယ်ဇင်း ကဗျာများမှ စတင်၍ ၁၉၈၇ ခုနှစ် အသက် ၈၀ နှစ် အရွယ်တွင် ကမ္ဘာ့ ဖခင်များနေ့ကဗျာ (လုံမလေး မဂ္ဂဇင်း ၁၉၈၇ ဇွန်)အထိ တစ်သက်တာလုံး ကဗျာများကို အစဉ်တစိုက် ဖန်တီးခဲ့မှု၊ ဖန်တီးရာ၌လည်း ကဗျာကောင်း ကဗျာမွန်များဖြစ်မှု၊ မြန်မာ ကဗျာဖွံ့ဖြိုး တိုးတက်ရေးတွင် ကြိုးပမ်း အားထုတ်ကြံဆမှု စသည်တို့ကြောင့် အချို့က ဆရာ ဇော်ဂျီ၏ စွမ်းဆောင်ချက်နှင့် ဖန်တီးမှုများ အနက် ကဗျာ စာဆိုနှင့် အမျိုးသား ကဗျာဆရာ အဖြစ်ကို ပိုမိုအာရုံ ၀င်စားကြသည်။

         ဆရာဇော်ဂျီ ဖန်တီး ဖွဲ့နွဲ့ခဲ့သည့် ကဗျာ ၂၃၀ ပုဒ်ခန့်ကို ဆရာဇော်ဂျီ ကိုယ်တိုင်အစု ၅ စု ပိုင်းခြားပြီး အုပ်စု ဖွဲ့ပေးခဲ့သည်။ ထို ၅ စုမှာ ၁၉၂၄ ခုနှစ်မှ ၁၉၂၈ ခုနှစ်အတွင်း တေးထပ်၊ ရှစ်ဆယ်ပေါ် တေးထပ်၊ လေးဆစ်၊ စည် တော်သံ၊ ရတုပိုဒ်စုံ၊ တြိချိုး၊ လေးချိုး၊ ညည်းချင်းနှင့် စာထောင့်လေးချိုး စသည့် ဂန္ထ၀င် ပုံသဏ္ဌာန် ဖွဲ့နွဲ့ထားသည့် ရှေ့ပြေးကဗျာစု၊ ၁၉၂၈ ခုနှစ်တွင် ရှေ့ပြေးကဗျာစုနှင့် အကြောင်းအရာနှင့် ပုံသဏ္ဌာန်ပါ ခြားနားသည့် ခေတ်စမ်း ကဗျာများကို စုစည်းထားသော ပိတောက်ရွှေဝါ ကဗျာစု၊ ကဗျာဖွဲ့နွဲ့ သူ၏ ဘ၀အမြင် ဒဿနနှင့် စေတနာကို ထင် ဟပ်သော ဗေဒါလမ်း ကဗျာစု၊ အနာဂတ် ကို ပိုင်စိုးကြမည့် မျိုးဆက်သစ်များ အတွက် အတိတ် ဖြစ်စဉ်များကို သုံးသပ် ဆင်ခြင်ကြရေးနှင့် လွတ်လပ်ရေ ထိန်း သိမ်းရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် အသိနှင့် သတိ ပေးထားသည့် ညီသစ်ဆင်း ကဗျာစုနှင့် အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်းရေး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ ဇာတိမာန် ထက်သန်ရေးနှင့် အေးချမ်း သာယာရေးတို့ အတွက် လှုံ့ဆော်သည့် ပုဂံ- ကဗျာစု တို့ဖြစ်ကြသည်။

      ဆရာဇော်ဂျီသည်မြစ်ဝကျွန်းပေါ်ဒေသ ဖျာပုံဇာတိဖြစ်၍ မြစ်များ၊ချောင်းများ၊ မြောင်းများ၏ ရေစီးဆင်းမှု၊ စီးဆင်းနေသော ရေတွင်ဗေဒါပင်နှင့် ဗေဒါပန်းများ၊ အုန်းလက်များ၊ သစ် ကိုင်းသစ်ခက်များ မျောပါမှု၊အချိန်အခါ အရ ထိုစီးဆင်းနေသော ရေတွင် ဒီရေ အတက်အကျ ဖြစ်မှု၊ထိုရေအလျဉ်၌ ဘဲအုပ်များနှင့် ငါးပျံများ အပါအ၀င် ရေသတ္တ၀ါများကျက်စားမှု၊ လတာပြင်၊ လမုပင်၊ ဓနိပင်၊ ကျူပင်၊ ဘုတ်ငှက် စသည့်မြစ်ဝကျွန်းပေါ်၏ သင်္ကေတများ ဖြစ်တည်မှုတို့ကို နေ့စဉ်နှင့် အမျှတွေ့မြင်ခဲ့ရသည်။

      ထိုတွေ့မြင်ရသမျှ မြင်ကွင်းများသည် ဆရာ ဇော်ဂျီ၏ ဦးနှောက်နှင့် နှလုံးသားတွင် စွဲငြိ နေခဲ့သည်။  ကဗျာဆရာ တက္ကသိုလ် မင်းမော်က- ဗေဒါလမ်း ကဗျာများ၏ ဇာစ်မြစ် ဗီဇကို ကြည့်လိုက်သည့် အခါ ၁၉၃၀ ၀န်းကျင်လောက်က စခဲ့သည်။ ဆရာ့ အဆိုအရ ပထမဆုံး ဗေဒါလမ်း ကဗျာမှာ “Wend the way Beda, Wend the way...” အစချီသော အင်္ဂလိပ် ဘာသာဖြင့် ရေးခဲ့သော ကဗျာဖြစ်ကြောင်း သိရပါသည်။

     ထိုကဗျာ၏ နောက် ဗေဒါ အကြောင်း ဆက်မစပ်ဘဲ ၁၉၃၆ ခု ၀န်းကျင်လောက်ရောက်မှ ဗေဒါလမ်း ကဗျာကို မြန်မာလိုစတင်၍ စပ်ခဲ့ပါ သည်။ စပ်စဉ်က “ဗေဒါပန်း” ဟု ကဗျာကို အမည်ပေးခဲ့သည်။ xxx ထိုဗေဒါပန်း ကဗျာကို ရေးပြီး နောက်ရပ်တန်ံနေခဲ့သည်။ ထိုနောက် ၁၉၅၇ ခုနှစ်လောက်မှ ပြန်၍ ဆက်ရေးခဲ့သည်။ ၁၉၃၆ ခု ၀န်းကျင်က ရေးခဲ့သော ဗေဒါလမ်း ကဗျာ အပါအ၀င် ၁၉၅၇ ခုနှစ်တွင် ဗေဒါလမ်း ကဗျာ ကိုးပုဒ်ဖြစ်ပေါ်ခဲ့သည်။ ထို့နောက်မှ ဗေဒါလမ်း ကဗျာကို အမှတ် ၄၁ အထိ ဖြည်းဖြည်းချင်းရေးခဲ့ရာ ၁၉၇၁ နောက်ပိုင်းရောက်မှ ရပ်လိုက်သည်။ xxx ထို့ကြောင့် ဗေဒါလမ်း ကဗျာ၏ သမိုင်းကြောင်းကို ကြည့်လိုက်လျှင် ၁၉၃၀ မှ ၁၉၇၁ ခုနှစ်အတွင်း နှစ်ပေါင်း ၄၀ ကျော် ကြာခဲ့ကြောင်း တွေ့ရပါသည်။

         ဆရာဇော်ဂျီ၏ ဗေဒါလမ်း ကဗျာများနှင့် စပ်လျဉ်း၍ စာရေးဆရာကြီးပါရဂူ-က  အနုပညာ ဖန်တီးရာ၌ အတွေး အခေါ် သို့မဟုတ် စိတ်ကူး သို့မဟုတ် ဒဿနသည် အနုပညာ၏ အသက်ဖြစ်သည်။ အတွေးအခေါ် သို့မဟုတ် စိတ်ကူး သို့မဟုတ် ဒဿန မပါသော အနုပညာသည်ဆားမပါသော ဟင်းကဲ့သို့ ပေါ့ပြက်ပြက် ဖြစ်နေတတ်သည်။
       ဆရာ ဇော်ဂျီ၏ ကဗျာ၌ အတွေး ပါသည်။ စိတ်ကူးပါသည်။ ဒဿန ပါသည်။ ဘ၀ ဒဿနပါသည်။ အိနိ္ဒယ ကဗျာဆရာကြီး တဂိုးသည် ကဗျာ ဖွဲ့သည် အခါ တိုက်ရိုက် အဓိပ္ပာယ် ထွက်သော ကဗျာမျိုးကို ဖွဲ့ရိုးဖွဲ့လေ့ မရှိ ပေ။ သင်္ကေတ သဘောဆောင်သော၊ နေယျတ္တ သဘောဆောင်သော၊ တစ်မျိုး တစ်ဖုံကြံဆ၍ သိရသော၊ တိုက်ရိုက် အဓိပ္ပာယ်၏ နောက်ကွယ်၌ ကွယ်ဝှက် နေသည့် အဓိပ္ပာယ် တစ်မျိုးကို ညွှန်ပြသော ကဗျာ အဖွဲ့မျိုးကိုသာ များသော အားဖြင့် ဖွဲ့ဆိုလေ့ ရှိလေသည်။ ဆရာ ဇော်ဂျီလည်း ထိုနည်း အတိုင်းပင်။ သူ၏ ဗေဒါလမ်း ကဗျာသည် ကဗျာ အဖွဲ့တွင် ရှေ့တန်းသရုပ် ဖော်ဝတ္ထုမျှသာ ဖြစ်သည်။ သင်္ကေတ မျှသာ ဖြစ်သည်။ ကဗျာဆရာ ညွှန်းလိုသည့် အရာမှာ ကဗျာအဖွဲ့၌ ရှိနေသောလောကဓံလှိုင်း အပုတ် ခံနေရသည့် မနုဿ လူသားဖြစ်သည်။ ဗေဒါလမ်း ကဗျာကို ဝေဖန်သူ အချို့ရှိသည်။ ထိုပုဂိ္ဂုလ်များသည် ဗေဒါလမ်း ကဗျာကို လက်တစ်ဆုံး အတွင်းနှိုက်၍ မကြည့် ကြသောကြောင့်၊ အပေါ်ယံ၌သာ လမ်းဆုံး နေကြသောကြောင့်၊ သင်္ကေတဖြစ်သော ဗေဒါပင်က ကျော်လွန်ပြီးရှေ့တိုး မသွားကြသောကြောင့် ယင်းကဲ့သို့ ဝေဖန်ကြခြင်း ဖြစ်ပေလိမ့်မည်။
        ဆရာမြသန်းတင့်က ပိတောက်ပန်းသို့ ဂုဏ်ပြုခြင်း ဆောင်းပါး( ၁၉၉၇-၉၈) တွင်- ဆရာဇော်ဂျီရဲ့ ကဗျာဟာ တစ်လောကလုံးနဲ့ သက်ဆိုင်ပါတယ်။ လူတစ်ယောက်ရဲ့ ပုဂ္ဂလိက ခံစားမှုသက် သက်မဟုတ်ပါဘူး။ ကြည့်လိုက်ရင် ပုဂ္ဂလိက ဆန်သလို ထင်ရပေမယ့် ဒိဋ္ဌဓမ္မ တရား ဖြစ်နေပါတယ်။ သီးခြားဆန်သလို ထင်ရပေမယ့် ယေဘုယျ သဘောကို ဆောင်နေပါတယ်။ အစိတ်အပိုင်း လေးတစ်ခုလို့ ထင်ရပေမယ့် တစ်ခုလုံးဖြစ်နေပါတယ်။ ဒီသဘောကို ဗေဒါလမ်း ကဗျာတွေထဲမှာ အများကြီး တွေ့နိုင်ပါတယ်။ ဗေဒါလမ်းဟာ ဘ၀ကို ပြောတာ၊ လောကဓံကို ပြောတာ၊ အတက် အကျကို ပြောတာ၊ အားမာန်ကို ပြောတာ စသဖြင့် ဋီကာဆရာတွေ အမျိုးမျိုး အနက် ဖွင့်နိုင်ပါတယ် ဟု ရှုမြင်သုံးသပ် ပြခဲ့သည်။
          ဆရာမ ခင်ဆွေဦး က- ဆရာ၏ ဗေဒါလမ်းကို အကြိမ်ကြိမ် ဖတ်လျှင်တော့ ကျွန်မ ရေးသော စာများအတွက် အားမလို အားမရ ဖြစ်မိတာ အမှန်ပင်။ ဆရာ၏ Universal Thought လူအများစုနှင့် သက်ဆိုင်သော အတွေးကို လက်လှမ်း မမီတမီ စဉ်းစား-စပြုလာသည်။ ဆရာ၏ ဗေဒါမသည် ဗေဒါမ စစ်စစ်မဟုတ်ပေ။ ဘဲအုပ်-တစ်ရာနှစ်ရာ အကန်ခံရသော မိန်းကလေးလား။ လောကဓံ၏ ပြင်းထန်သော ဒဏ်ကို ရုန်းရကန်ရသော မိန်းကလေးလား။ ဗေဒါမသည် လူသား အားလုံးနှင့် သက်ဆိုင်သည်။ အဖိအနှိပ် အထုထောင်း ခံရသော လူတွေအားလုံး ဗေဒါမပဲ မဟုတ်ပါလား။ စကြ၀ဠာတစ်ခွင် လောကတွင် ရှိသမျှ ဒုက္ခသားတွေ၏ ဆရာ၏ Image နိမိတ်ပုံတွေသည် လှပါပေ သည်။ “စုန်ပြန်ရ အဖန်ဖန်၊ ဆန်ပြန် ရတလဲလဲ၊ မဗေဒါ ဒီရေကြောမှာ မျောလျက်သာပဲ” နှင့် “ဗေဒါပျံ အံကိုခဲ ပန်း ပန်လျက်ပဲ” ဟု အဆုံးသတ်၍ အား နက်စ်ဟာ မင်းဝေး၏ ပင်လယ်ပြာနှင့် တံငါအို (Old Man and the Sea) နှင့် ဂျက်လန်ဒန်၏ သံဖနောင့် (The Iron Heal) ကမ္ဘာ့ စာပေထိပ်တန်းဝင်ဝတ္ထုများ ၏ (Concept) အတွေးများနှင့် ကွာခြားလိမ့်မည်မထင်ပါ ဟု ဖော်ညွှန်းခဲ့လေသည်။
          ဆရာမကြီး ခင်နှင်းယုက- သူတကာတွေ ဘ၀ကို သုညက စခဲ့ရသည် ဆိုကြသည်။ ကျွန်မဘ၀ အစက သုညမှာ အနုတ် လက္ခဏာပါ သေး။ ထိုစဉ်မှာ ဟင်ဒါဆင် ပုံပြင်ထဲက အကျည်းတန်သော ဘ၀တူ ဘဲကလေး ကို သဘော ကျသလို ဆရာဇော်ဂျီ၏ ဗေဒါလမ်း ကဗျာထဲမှ ဗေဒါကို သဘော ကျလာသည်။ ဆရာသည် ဗုဒ္ဓ၏ အဆုံးအမ တရားတော်တို့နှင့် ရင်းနှီးရင့်ကျက် ပြီးဖြစ်၍ မြတ်စွာဘုရား၏ ဒုက္ခ သစ္စာကို ရပ်စကား ရွာစကား နားလည်လွယ်သော ကဗျာ စကားဖြင့် တစ်ဆင့်လက် ဆင့်ကမ်းခဲ့သည်။ ဗေဒါလမ်း ကဗျာထဲ မှ ပန်းပန်လျက်ပဲကို ကျွန်မ အကြိုက်ဆုံး ဖြစ်သည်။ xxx ဆရာ့ကဗျာထဲမှာ ဘ၀၏ ဆင်းရဲခြင်း အမှန်တရား ဒုက္ခသစ္စာကို ကျွန်မ ရှာဖွေ တွေ့ရှိခဲ့သည်။ ပြီးတော့လည်း ဘ၀ဒုက္ခ ဆိုသည်မှာ တစ်ခါတည်း တစ်ကြိမ်တည်း တွေ့ရသည် မဟုတ်၊ ဆရာ့ ဗေဒါလို လှိုင်းကပုတ်လိုက်၊ မြုပ်လိုက်ပေါ်လိုက်၊ ပေါ်လို့များ နားရမလား ထင်ဆဲ မနားရခင် အုန်းလက်က ၀င်ဆောင့်၊ အုန်းလက်လက်က လွတ်တော့ ဘဲအုပ်နှင့် ရင်ဆိုင်ရသော ဘ၀ အထွေထွေ စစ်မျက်နှာ ပေါင်းစုံကို ဖော်ပြထားပါသည်။ ဆရာသည် ဘ၀၏ ဆင်းရဲ အမှန်တရား ဒုက္ခသစ္စာကို ဖော်ထုတ်လိုက်သော အခါ “ဗေဒါရယ် ငါနဲ့ တူလိုက်တာ”ဟူ၍ ခံစား မိလိုက်သည်။
                တစ်ဖန် ဆင်းရဲကို ရင်ဆိုင်နည်းကို ဖော်ပြရာ၌ ဆရာက “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ“ ဟူသော အားမာန်နှင့် ဇွဲသတ္တိကို စာဖတ်သူ နှလုံးသားကိုပေး ပို့၍ ရင်ဆိုင်ခိုင်းသည်။ ကျွန်မအတွက် ဗေဒါသည် “စံ” ဖြစ်လာသည်။ ထိုအခါ ကျွန်မသည် စိတ်ဓာတ် ချောက်ချား၍ ကစဥ့်ကရဲ တုန်လှုပ်သော စိတ်ကိုထိန်း ချုပ်လာနိုင်သည်။ xxx ကျွန်မ ကလောင်ကိုင်၍ စာပေနယ်ထဲ ၀င်ရောက်လာနိုင်တော့ ကျွန်မလို ဘ၀ ဒုက္ခတွေထဲမှာ တ၀ဲလည်လည် ကြုံတွေ့ ရသူတို့ အတွက် ပန်းပန် လျက်ပါ ၀တ္ထုကို ရေးခဲ့ပါသည်။ ဆရာ့ ၀ိညာဉ်သည် ဆရာ့ကဗျာမှ ကျွန်မ နှလုံးသားကိုပူးဝင်၍ ကျွန်မ ဒီဝတ္ထုကို ရေးသားနိုင်ခဲ့သည် ဟု လည်းကောင်း ဖော်ညွှန်းဖွင့် ဆိုခဲ့ကြသည်။
  ဒါရိုက်တာ ချစ်ခင်သည် မာလာဦး ရုပ်ရှင်မှ ပန်းပန်လျက်ပါ ကို ရုပ်ရှင် အသွင် ပြောင်းလဲခဲ့သည်။ ကောလိပ်ဂျင်နေ၀င်း (ကိုစောထွန်း)၊ မြတ်လေး(ကို ကျော်စိန်)၊ ကြည်ကြည်ဌေး(မဗေဒါ) နှင့် ဘေဘီနွဲ့(ခင်မမ) တို့ကို အဓိက ဇာတ်ကောင်အဖြစ် ထား၍ အေ၀မ်းဦး ဘရှင်၊ ကျော်ဖေ၊ ဦးချန်ထွန်း၊ အဝေရာကြည်၊ ကြယ်နီ၊ မြင့်ဖေ၊ ဂျော်လီဆွေ၊ ဒေါ်စိန်ခင် စသူတို့အား ၀န်းရံ ပါဝင်စေ ခဲ့သည်။ မန္တလေးမြို့နှင့် မန္တလေး ၀န်းကျင်ကို နောက်ခံထား၍ မန္တလေး ရုပ်ရှင်စတူ ဒီယိုနှင့် စက်ဖြင့် ရိုက်ကူးခဲ့သည်။ ဂီတမှူးအဖြစ် စန္ဒရားချစ်ဆွေကို တာဝန် ပေးခဲ့ပြီး ဆရာ ဇော်ဂျီ၏ ပန်းပန်လျက်ပဲ ကဗျာကိုလည်း ဇာတ်ဝင်သီချင်း အဖြစ် ဖန်တီးစေခဲ့သည်။ ဒါရိုက်တာ ချစ်ခင်သည် မဗေဒါအဖြစ် အရွယ်ရ နေပြီဖြစ်သော ကြည်ကြည်ဌေးကို ရွေးချယ် သရုပ်ဆောင် စေပြီး ပန်းပန်လျက်ပဲ နှင့် ချစ်၍ရွာသော မိုးဇာတ်ဝင် သီချင်းများကို ကိုယ်တိုင် သီဆိုစေခဲ့သည်။
                 ဆရာမခင်နှင်းယု၏ ၀တ္ထုတွင် ကိုစောထွန်းနှင့် မဗေဒါတို့ ဝေးကွာ သွားကြသော်လည်း ဒါရိုက်တာ ချစ်ခင်၏ ရုပ်ရှင်တွင် ပညာတတ်တို့၏ တွေဝေတတ်သည့် သဘာဝကို ထိမိစွာ ဖော်ကျူးရင်း အထက်လွှာ ဘ၀၏ အားနည်းချက် များကို မနှစ်မြို့တော့၍ စွန့်ခွာ လာသူ ကိုစောထွန်းနှင့် မဗေဒါကို ပြန်လည် ပေါင်းစည်း ပေးခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပန်းပန်လျက်ပါကို ရုံတင်ခဲ့ရာ ဆရာဇော်ဂျီ၏ ကဗျာနှင့် ဆရာမကြီး ခင်နှင်းယု၏ ၀တ္ထုတို့ အတိုင်း ရည်ရွယ်ချက်နှင့် ဒဿနကို မိမိရရ ဖော်ဆောင်နိုင်စွမ်း ရှိခဲ့ပြီး ဓာတ်ပုံ၊ အသံ၊ တည်းဖြတ်မှု၊ တင်ပြမှု၊ နောက်ခံ တေးဂီတနှင့် သရုပ်ဆောင် အမူအရာ စသည့် ရုပ်ရှင်၏ အင်္ဂါရပ်များ ပြည့်စုံ ကောင်းမွန်ခဲ့သည်။
            ၁၉၆၃ ခုနှစ်တွင် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်မှု မပြုဖြစ်ခဲ့၍ ထိုစဉ်က ချီးမြှင့်သည့် ရုပ်ရှင်ထူးချွန်ဆု အမျိုးမျိုးကို လက်လွှတ်ခဲ့ရသည်။ ၁၉၉၁ ခုနှစ်တွင် ပန်းပန်လျက်ပါ အမည်ဖြင့်ပင် ဒါရိုက်တာကြီးမြင့်က ကျော်သူ၊ ဇော်ဦး၊ မို့မို့မြင့်အောင်၊ ခင်နုနု တို့ဖြင့် ရုပ်ရှင်ကားအဖြစ်လည်း ကောင်း၊ ဒါရိုက်တာ ဦးခင်ဇော်က ကျော်သူ၊ လွှမ်းမိုး၊ ချစ်ချစ်ဇော်၊ ခင်နုနု တို့ဖြင့် ဗီဒီယိုကားအဖြစ်လည်းကောင်း ထပ်မံရိုက်ကူးပြီး အောင်မြင်မှု ရယူခဲ့ကြသည်။
            ဆရာဇော်ဂျီ၏စေတနာအရ ပန်းပန်လျက်ပဲ ကဗျာမှပေးသည့် ဒဿနနှင့် ရည်ရွယ်ချက်သည် ကဗျာ၊ ၀တ္ထု၊ ရုပ်ရှင်၊ တေးသီချင်း၊ ဗီဒီယိုနှင့် ရုပ်မြင် သံကြားတို့မှတစ်ဆင့် ပြည်သူတို့ကြားသို့ ကြီးမားကျယ်ပြန့်စွာ ပျံ့နှံ့သွားခဲ့သည်။
Powered by Blogger.