ပင်လယ်ထဲတွင် ကြမ္မာကုန်ခဲ့သည့် တစ်ပါးတည်းသော မင်းကြီး


မြန်မာ့ရာဇ၀င်တစ်လျှောက်ကို ပြန်ကြည့်ရင် အုပ်စိုးသူ ရှင်ဘုရင်တွေဟာ သွေးရိုးသားရိုး နတ်ရွာစံကြတာ ဖြစ်စေ၊ ညီနောင်သွေးသား များက လုပ်ကြံလို့ နတ်ရွာစံကြတာဖြစ်စေ၊ တစ်နည်းနည်းနဲ့ ကြမ္မာကုန်ကြပါတယ်။

ဒါပေမယ့် ပင်လယ်ထဲမှာ ကွယ်လွန်ခဲ့တဲ့ ဘုရင်ကတော့ ထူးထူးခြားခြား တစ်ပါးတည်း ဖြစ်ပါတယ်။ သူ့အကြောင်းကို စာစီပြရရင်....။

သရေခေတ္တရာပြည်ကြီးကို လက်မွန်မဆွ တည်ထောင်ကျယ်ပြန့်စေခဲ့သော ဒွတ္တပေါင်မင်းကြီးသည် တန်ခိုးအင်အားနှင့် လွန်စွာပြည့်စုံသည်ဆို၏။

ရာဇ၀င်ကျမ်းများအလိုအရ ထိုမင်းကြီးထံတွင် သိကြားမင်းက ဆက်သသော အရိန္ဒမာလှံ၊ သီလ၀ံသဓါး၊ ဆင်ဖြူဆဒ္ဒန်၊ ၀လာဟက နတ်မြင်းတို့ ရှိသည့်အပြင် လွန်စွာအားကိုးရသော ပဉ္ဇင်းဖြူ၊ နှင့် ပဉ္ဇင်းညိုဟူသောပညာရှိနှစ်ဦး၊ ငနီပါး နှင့် ငရဲကျား ဟူသော ဗိုလ်မင်းနှစ်ဦးတို့ကလည်း ခစားခဲ့ကြသည်ဆို၏။

မင်းကြီးသည် တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းတို့၏ အရှင်သခင် ဖြစ်သည့်အားလျော်စွာ သူ့ထံသို့ အပြည်ပြည်မှ လစဉ်လတိုင်း အခွန်တော်ငွေဆက်သရလေ၏။ အခွန်တော်ငွေ ဆင့်ဆိုရာတွင်လည်း လူကိုယ်တိုင် သွားစရာမလိုပေ။

မင်းကြီးကိုယ်တိုင် အနီးရှိ တောင်တစ်တောင်၏ ထိပ်သို့တက်ကာ အရိန္ဒမာလှံကို လွှင့်ပစ်လိုက်သည်နှင့် ထိုလှံသည် အခွန်ဆက်ရမည့်မင်းထံ တိုက်ရိုက်သွားရောက်ကာ ခေါင်းနားတ၀ဲဝဲ နှင့်သွားရောက်တောင်းခံသည်ဆို၏။ ( ထိုတောင်ကို ယနေ့တိုင်အောင် လှံထိုးတောင် ဟု တွင်လျက်ရှိသည်။)

မင်းကြီးထံတွင် ခေါင်းလောင်းကြီး တစ်လုံးလည်းရှိပြီး ထိုခေါင်းလောင်းကို တီးပါက အကျင့်ပျက်ပြားနေသော လက်အောက်ခံမင်း၏ နားအနီးတွင် ကပ်၍တီးသကဲ့သို့ ခံစားရပြီး "သစ္စာတော်ကိုမသွေဖီပါ"ဟု သရေခေတ္တရာပြည်ဘက်သို့ လက်အုပ်ချီ၍ ပြောမှ သက်သာသည်ဆို၏။

မင်းကြီးသည် လောကဓံတရားများစွာကို ကြုံတွေ့ခဲ့ရသည်။ ပန်ထွာဘုရင်မကို သိမ်းပိုက်ရာမှ ဘုရင်မ၏ ဘုန်းတန်ခိုးနိမ့်အောင် လုပ်ကြံခြင်းကို ခံခဲ့ရသလို လက်အောက်ခံများ၏ ပုန်ကန်မှုများကိုလည်း ပင်ပန်းကြီးစွာ နှိမ်နင်းခဲ့ရသည်။

သက်တော် တစ်ရာ့ငါးနှစ် သို့ရောက်သည့်အခါ သတိတော်များလည်း ယိုယွင်းလာခဲ့ပြီး ဆုံးဖြတ်ချက်အမှားများ ချမိတော့သည်။

မုန့်သည်မ တစ်ဦးက သာသနာ့မြေအဖြစ် လှုထားသော လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ အနီးရှိ လယ်ရှင်နှင့် စကားများကြရာ ပြီးလွယ်စီးလွယ်သဘောမျိုးဖြင့် ထိုလယ်မြေကို မိမိပိုင် အဖြစ် သိမ်းယူခဲ့သည်။

ထိုအခါတွင် ဘုန်းတန်ခိုးမရှိတော့ဘဲ နတ်မြင်း၊ နတ်ဆင် တို့ပါ ကွယ်ပျောက်ကာ လှံ၊ဓါးများလည်း အရောင်မလင်းတော့ချေ။

ရဟန္တာများကို တင်လျှောက်သည့်အခါ " ရတနာသုံးပါးနှင့်ဆက်နွယ်နေသောအရာများကို ထိပါးမိသူသည် အဆိပ်ပြင်းသောမြွေကို ထိပါးမိသကဲ့သို့ လက်ငင်းဒိဌ အကျိုးခံစားရသည်" ဟုပြန်လည် မိန့်ကြားကြလေ၏။

မင်းကြီးသည် လယ်မြေများကို သာသနာပိုင်အဖြစ် ပြန်လည်လှုဒါန်းခဲ့သည်။ သို့သော် ဘုန်းတန်ခိုးများ ပြန်လည်မရရှိတော့ချေ။

ယခင်က လှံထိုးတောင် ပေါ်တက်၍ ထိုးလျှင် ၀ီကနဲ ပျံတက်သွားသော အရိန္ဒမာလှံသည် ယခုအခါ တောင်အောက်သို့ သာပြုတ်ကျတော့သည်။
ခေါင်းလောင်းသံမှာလည်း မကျယ်လောင်တော့ချေ။

ထိုအခါ လက်အောက်ခံမင်းများက ပမာမခန့်ပြု ကြကာ အခွန်မဆက်တော့ချေ။ မင်းကြီးသည် ပဉ္ဇင်းဖြူ နှင့် ပဉ္ဇင်းညိုတို့ကို အခွန်ကောက်ခံရန်စေလွှတ်ခဲ့သည်။

အခွန်တော်များရလာသော်လည်း ကြာလာသည့်အခါ ထိုပညာရှိနှစ်ဦးကို မယုံကြည်သဖြင့် "နင်တို့နှစ်ဦး ငါ့ရှေ့မှောက်တွင် လက်ပန်းသတ် ( လက်ဝှေ့ထိုး ) ကြစေ "ဟု မိန့်ကြားရာ အလုံးတူအရပ်တူ သူတော်ကောင်းနှစ်ဦးတို့မှာ အပြန်အလှန်ထိုးသတ်ကြရင်း နောက်ဆုံးတွင် နှစ်ယောက်လုံးအမောဆို့၍ သေကြလေ၏။

အခွန်ကောက်ခံသူ နှစ်ဦးမရှိတော့သည့်အခါ မင်းကြီး သည် နီပါးနှင့် ရဲကျား တို့နှင့် အတူ နဂါးကြေးလှေတော်ကြီး ကိုစီး၍ ပင်လယ်ကိုဖြတ်ကာ တစ်ရာ့တစ်ပါးသော မင်းတို့ထံ ကိုယ်တော်တိုင် အခွန်ထွက်ကောက်လေ၏။

သက်တော်ကြီးရင့်နေပြီဖြစ်၍ ပင်လယ်ကိုဖြတ်နေစဉ် သတိလက်လွတ်ဖြစ်ကာ ကွမ်းသွေးကို ထွေးအင်တွင် မထွေးဘဲ ပင်လယ်ထဲသို့ ထွေးချမိလေ၏။

မင်းကြီးသည် ဘုန်းကြီးသောကြောင့် သူ၏ကွမ်းသွေးသည် ပင်လယ်အောက်ရှိနဂါးတို့ကို မျက်လုံးများနီစေတတ်သဖြင့် နဂါးမင်းကြီးကိုယ်တိုင် ရွှေထွေးအင်များ လာရောက်ဆက်သထားခြင်းဖြစ်သည်

ဘုန်းကံနိမ့်ပါးသည့်တိုင် ကွမ်းသွေးကမူ ပြင်းမြဲပြင်းလျက်ရှိသေးသည်။ ထိုကြောင့် ပင်လယ်ထဲရှိ နဂါးထီး၊နဂါးမ၊နဂါးပေါက်၊နဂါးဘေဘီလေးများ အားလုံး မျက်စိများနီကုန်ကြလေရာ နဂါးမင်းကြီးသည် လွန်စွာဒေါသထွက်လျက်

-"ဒွတ္တပေါင်မင်းကြီးဟာ ငါတို့ကို သက်သက်မဲ့ရန်စသည့်သဘောမျိုးသာ ဖြစ်ချေပြီ။ ခုချက်ချင်း ထိုမင်းကြီးနှင့်တကွ လှေတော်ကိုပါ နဂါးပြည်သို့ ဆောင်ယူကြစေ" ဟု နဂါးစစ်သည်များကိုအမိန့်ပေးလေ၏။

ထိုအခါ နဂါးအပေါင်းတို့လည်း အုန်းအုန်းကြွက်ကြွက်ဖြင့် ဒွတ္တပေါင်မင်းကြီး၏ လှေတော်ကြီးကို ၀င်ရောက်စီးနင်းကာ မင်းကြီး နှင့်တကွ လှေတော်ကြီးကို ပင်လယ်ထဲသို့ ဆွဲယူနှစ်မြုပ်လိုက်ကြလေသတည်း။

( ဒွတ္တပေါင်မင်းကြီးကို နဂါးပြည်မှာ နဂါးတွေက ဘာတွေဆက်လုပ်ကြသလဲတော့မသိပါ။ ကြောင့်အနေနဲ့ ဒီဇာတ်ကြောင်းကိုပြောပြရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ရတနာသုံးပါးကိုထိပါးရင် မင်းဧကရာဇ်ပင်ဖြစ်ပါစေ ဒုက္ခရောက်တတ်တယ် ဆိုတာရယ် မြန်မာလူမျိုးတွေဟာ ဟိုးပဝေသဏီထဲက ကွမ်းစားခဲ့ကြတယ် ဆိုတာရယ်ကို အဓိက ထင်ဟပ်ချင်လို့ရယ်ပါ။ )

ကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်ခည။ =(^_^)=

ပဉ္စမံကြောင်
Powered by Blogger.