မင်းရဲကျော်စွာ နတ်ရွာစံခန်း


အင်းဝနှင့် ဟံသာဝတီ အနှစ်လေးဆယ် စစ်ဖြစ်ပွားနေစဉ်က ဖြစ်သည်။ မွန်လူမျိုးများနှင့် ဗမာလူမျိုးများအကြား နယ်မြေနှင့် ထီးနန်းသြဇာသက်ရောက်မှုအတွက် ယှဉ်ပြိုင်ခဲ့ကြရာမှ နှစ်ပေါင်းများစွာ စစ်ငွေ့စစ်လျှံများ တောက်လောင်ခဲ့ရသည်။

အင်းဝမှ ဘုရင်မင်းခေါင်နှင့် သားတော်မင်းရဲကျော်စွာက တစ်ဖက်၊ ဟံသာဝတီတွင် ရာဇာဓိရာဇ်မင်းကြီးက တစ်ဖက် ယှဉ်ပြိုင်ခဲ့ကြသည်။ ( အကြိမ်ကြိမ် ချီတက်ကြခြင်းကြောင့် လမ်းခရီးမှ မြို့ရွာများလည်း စစ်ဘေးကြောင့် ပင်ပန်းခဲ့ကြသည်)

ထိုသို့တိုက်ကြရင်းဖြင့် ရာဇာဓိရာဇ်သည် ဘုရင်မင်းခေါင်၏ လက်မှ ရခိုင်ကို သိမ်းယူကာ မင်းခေါင်၏ သမီး စောပြည့်ချမ်းသာ ( မင်းရဲကျော်စွာ၏ ညီမ)ကို သိမ်းပိုက်ရရှိသည်။

ထို့ပြင် နောက်ထပ် တိုက်ကြသော တိုက်ပွဲများတွင် အင်းဝသားတို့ အရေးနိမ့်ပြန်ရာ ဘုရင်မင်းခေါင်၏ ငယ်ချစ်မိဖုရား ရှင်မိနောက် ( မင်းရဲကျော်စွာ၏ မယ်တော်) ကို ရရှိပြန်သည်။

မိခင်ရော ညီမ ပါ ဟံသာဝတီမင်းထံ ပါသည်ကို မင်းရဲကျော်စွာ သိလျှင် အမျက်ပြင်းစွာ ထွက်သဖြင့် ဟံသာဝတီပြည်အလုံးကို သိမ်းယူ၍ ဟံသာဝတီသားတို့၏ အသားကိုစားလတ္တံ့ ဟုဆိုကာ " ပေါရိသာဒ"(လူသားစားမင်း) ဘွဲ့ကို ခံယူကာ ကြည်းတပ်ရေတပ် စစ်အင်အားအလုံးအရင်းဖြင့် အောက်ပြည်သို့ စုန်ဆင်းခဲ့သည်။

ထိုအခါ ရာဇာဓိရာဇ်က ပေါရိသာဒကို အနိုင်ယူခဲ့သော သုတသောမမင်းကို အစွဲပြုကာ မိမိကိုမိမိ "သောတ္တသုံ"ဟူသောဘွဲ့ကို ခံယူကာ မင်းရဲကျော်စွာ အလာကို တပ်များပြင်၍ စောင့်၏။

မင်းရဲကျော်စွာ ချီတက်တိုက်ခိုက်ရာ စစ်ဦးတွင်အကြိမ်ကြိမ်အနိုင်ရ၏။ ထိုအခြေအနေတွင် ရာဇာဓိရာဇ်ကို ပုဏ္ဏားတော်များက ဇာတာတော် မသန့်ဟု သတိပေး၍ မုတ္တမ ဘက်သို့ ခေတ္တပြောင်းကာ စံတော်မူသည်။ ထိုအခါ အနောက်တစ်လွှားရှိ ပုသိမ်၊ မြောင်းမြ တို့မှ နားလည်မှုလွဲကာ ငါတို့ဘုရင်သည် ဘုန်းကံနိမ့်ပါးချေပြီဟု ကြောက်လန့်ကာ အချို့မှာ မတိုက်ရဘဲ အင်းဝတပ်များထံသို့ဝင်လာ၏။ မွန်သူရဲကောင်း သမိန်ဗရမ်းကိုလည်း တိုက်ပွဲတစ်ပွဲတွင် အရှင်ဖမ်းမိသည်။မင်းရဲကျော်စွာသည် ဒလတွင် တပ်ချကာ ရာဇာဓိရာဇ်အားတိုက်ခိုက်ရန်ပြင်သည်။

ထိုသို့ ဒလတွင် တပ်ချနေစဉ် ရာဇာဓိရာဇ်၏ ဇာတာတော်ပြန်လည်သန့်စင်လာသဖြင့် ပဲခူးသို့ ပြန်ကာ မင်းရဲကျော်စွာထံ စစ်ဦးလှည့်မည် ပြု၏။

ပုဏ္ဏားများနှင့် တိုင်ပင်တော်မူရာ အောင်မြင်မည့် နေ့ရက် အတိအကျ ( သက္ကရာဇ် ၇၇၈ တန်ခူး ၁ ရက်နေ့) လျှောက်တင်သဖြင့် မင်းကြီးက ပြုံးတော်မူကာ " အင်းဝသားတို့ ထံမှာလည်း မင်းတို့လို ဟူးရားတွေ ရှိပေမည်။ ထိုနေ့ကို သင်းတို့ ထွက်မတိုက်လျှင် ပသို့ပြုမည်နည်း " ဟု မိန့်တော်မူရာ အမတ်ဒိန်က ၀င်၍ " ယင်းနေ့နိုင်မည်သာ မှန်ပါစေ၊ အင်းဝသားများ ထွက်တိုက်ရန် ကျွန်ုပ်တာဝန်ထားပါ" ဟု လျှောက်လေ၏။

ထိုနေ့ နံနက်တွင် မင်းရဲကျော်စွာ၏ စခန်းအနီးတွင် မွန်တို့သည် ဆင်များ လူများဖြင့် မြေတိုင်းနေကြသည်ကို ဗမာတို့ မြင်၍ မေးလျှင် " ဘာမှမဟုတ်ပေ။ ငါတို့ရှင်ဘုရင် ထွက်တော်မူမည့် တပ်များအတွက် နေရာသတ်မှတ်နေခြင်းမျှသာ " ဟုပြန်ပြောလေ၏။

ထိုစကားကို မင်းရဲကျော်စွာ ကြားလျှင် " ငါတို့ကသာ ဟံသာဝတီကို ၀ိုင်းရန်လာသည်။ ဒင်းတို့ အ၀ိုင်းရအောင်လာသည်မဟုတ်။ ယခုပင် ဆင်တော်ငချစ်ခိုင်ကို ကကြိုးပြင်၊ ငါကိုယ်တိုင် ထွက်မည်" ဟု ဒေါသတကြီး မိန့်ကာ ရုတ်ခြည်းဆိုသလို ထ၏။ သောက်နေသောအရက်ခွက်များ နှင့် စားလက်စအမဲသားငါးပန်းကန် များပင် လွင့်စဉ်ကျကာ ဖရိုဖရဲဖြစ်သွားသည် ဆို၏။

ထို့နောက် မိဖုရား စောမင်းလှကို လက်တော်ဖြင့် သုံးသပ်ကာ " မစိုးရိမ်လင့် နှမတော်၊ ရခိုင်ဘုရင်ကို တိုက်စဉ်က တစ်ကြိမ်၊ မော်တုံမော်ကယ်အရေးကြောင့် တရုတ်စစ်ရောက်စဉ်က တစ်ကြိမ်၊ ဆင်တော် ငချစ်ခိုင်သည် ကြိုးကြာသံ မြည်သည်။ ဘကြီးတော်ကို တိုက်မည့် ယနေ့မနက်ကလည်း ထိုသို့ မြည်သည်ကို ငါကြားသည်။ ငါသည် ဟံသာဝတီပြည်ကို သိမ်းယူကာ စံမြန်းရတော့မည် မုချ ဖြစ်သည်" ဟုဆို၏။ စောမင်းလှကလည်း သတိပေးစကားများ ပြောကြားလေသည်။

ထို့နောက်တွင်မူ မင်းရဲကျော်စွာသည် မိမိကိုယ်တိုင်လည်း အရက်များစွာသောက်၏။ ဆင်တော် ကိုလည်း ယမန်ကထက် ပို၍ တိုက်လေ၏။

ထို့နောက် မိမိတို့ကို ၀ိုင်းထားသော ဟံသာဝတီတပ်များကို ကြည့်ကာ ကုန်းလည်စီး အနန္တသူရိယ ကို မည်သည့်တပ်ကို မည်သူဦးဆောင်သနည်း ဟုမေး၏။ ( ၀ိုင်းထားသည်မှာ ရာဇာဓိရာဇ်၏ သားတော်ကြီး ၃ပါးကြီးမှူးသော တပ်များနှင့် ရာဇာဓိရာဇ်ကိုယ်တော်တိုင်ဖြစ်သည်)

ဟံသာဝတီမင်းသားများ၏ တပ်များကို မေးရာ သားတော်များသာဖြစ်ကြောင်း သိလျှင် မတိုက်သေးဘဲ ဆက်လက်မေးလေ၏ ။ ထို့နောက် "အလယ်နားက ရွှေပြောင်ပြဲ ငွေပြောင်ပြဲ နဲ့ က ဘယ်သူ့တပ်လဲဟဲ့" ဟုမေးရာ " ဘကြီးတော် ရာဇာဓိရာဇ်၏ တပ်ပါဘုရား" ဟုလျှောက်လျှင်

"ဟားဟား။ ဒင်းတို့အားလုံးအနက် ငါ့ဘကြီးတော်ကိုသာ ငါအချစ်ဆုံးဖြစ်သည်။ ယခုပင် ငါတိုက်မည်" ဟု မူးမူးနှင့် အတင်းပင် ဆင်တော်ကို ချွန်းဖွင့်ကာ တရကြမ်းဝင်၏။

ခက်သည်မှာ ရုတ်တရက် ထွက်ကာ တိုးဝင်သဖြင့် လက်ဝဲလက်ယာ ဆင်ကူများပင် အမီမလိုက်နိုင်ပေ။ မွန်တို့အလယ်တွင် တစ်ပါးတည်း ထီးထီးချည်း ၀င်မိသလို ဖြစ်သွားလေ၏။

တပ်၏ အနောက်ပိုင်းတွင်လည်း ဗမာတို့မိထားသော မွန်ဆင် ဗကမတ်က ရုတ်ခြည်း သောင်းကျန်းကာ အင်းဝသားတို့ကို လိုက်လံတက်နင်းသဖြင့် အုတ်အော်သောင်းတင်း ဖြစ်ကုန်လေ၏။

မင်းရဲကျော်စွာကို မွန်တပ်အားလုံး ဦးတည်တိုက်ရာ ဆင်တော်ငချစ်ခိုင်ကို လှံချက် တစ်ရာခန့်ထိလျှင် လည်ကုပ်ပေါ်မှ မင်းရဲကျော်စွာကို ခါချမိလေ၏။ ( မင်းရဲကျော်စွာလည်း ခါးတွင် ဒဏ်ရာပြင်းစွာ ရသွားသဖြင့် လမ်းမလျှောက်နိုင်တော့ဘဲ တရွေ့ရွေ့သာ အနားရှိ ရေကန်သို့တွားသွားလေ၏)

ဖုန်လုံးကြီးများမှာ လူတစ်ရပ်မက အုံးအုံးထနေသဖြင့် မင်းရဲကျော်စွာ မရှိတော့သည်ကို မည်သူမျှ မသိလိုက်ပေ။ နောက်မှ " မင်းရဲကျော်စွာ ဘယ်ရောက်သွားပါလိမ့် ?" အံ့သြတကြီး မေးကြလေ၏။

ကုန်းလည်စီး အနန္တသူရိယသည် သခင်မရှိတော့သော်လည်း လက်နက်မချဘဲ ဆက်လက်တိုက်ခိုက်နေသဖြင့် မွန်တို့ က ရပ်သင့်ပြီဟု အော်ပြောသော်လည်း " ငါ့သခင် မရှိရင် ငါကိုယ်တိုင်သာ ငါ့သခင်ပင်ဖြစ်တပြီး" ပြန်အော်သဖြင့် လှံတိုပေါင်းများစွာကို ၄င်း၏ကိုယ်တွင်းသို့ ပစ်သွင်းလိုက်ကြလေ၏

နောက်နေ့တွင်မူ ဟူးရားတို့၏ ခန့်မှန်းမှုများဖြင့် မင်းရဲကျော်စွာကို ရှာဖွေစေရာ ရေကန်အနီးရှိ ဥနှဲပင် အနားးတွင် တွေ့၍ နန်းတော်သို့ ဆောင်ယူခဲ့ကြလေ၏

ရာဇာဓိရာဇ်လည်း မင်းရဲကျော်စွာကိုမြင်တော်မူလျှင်

-" ငါ့သားသူငယ် အရွယ်သာဖြစ်သည်။ နင့်ကို ငါရသော်လည်း ငါဝမ်းမသာ။ ဆေးဝါးကုသသည်ကို ခံတော်မူလေ။ ဒဏ်ရာသက်သာလျှင် အင်းဝ သို့ပြန်လိုလျှင် လိုက်ပို့ပေးမည်။ ဟံသာဝတီတွင်နေလိုပါကလည်း သမီးတော်နှင့် လက်ဆက်၍ အိမ်ရှေ့အရာပေးမည်"

-" ကျွန်ုပ် ဟံသာဝတီကို သိမ်းယူရန်သာ ချီလာသည်။ မရလျှင် မပြန်ဟု ဆုံးဖြတ်ခဲ့သည်။ ကွပ်မျက်ရန်သာ စီစဉ်တော်မူပါလေ"

-" ငါ့သား။ နားထောင်ပါ။ သင်သည် ယခင်ဘ၀က ငါ၏ သားဖြစ်ခဲ့ဖူးသည်"

-" အားးး။ ဘာမှ မကြားလိုတော့ပါ။ ကျွန်ုပ်သည် သေပစေဟု အသက်ကို အောင့်၍ နေသော်လည်း ယခုတိုင်မသေသေး။ ယခုပင် ကွပ်ပါလေ"

ထိုသို့ဖြင့် ရာဇာဓိရာဇ်လည်း မင်းရဲကျော်စွာကို ထားတော်မူလိုလျက်ကပင် မျက်နှာလွှဲလေ၏။

(ဗမာမူများကမူ မွန်တို့က ကွပ်မျက်သည်ဟု ဆို၍ မွန်မူများကမူ ဆင်ထိနာဖြင့်သာ နတ်ရွာစံသည်ဆို၏)

မင်းရဲကျော်စွာသည် ငယ်စဉ်ကပင် စစ်ပွဲများစွာ တိုက်ခဲ့သော စစ်ဘုရင်ငယ်လေးဖြစ်သော်ငြား အရက်ကြောင့် အမှားများ ကျူးလွန်ခဲ့မိသည်ဟု စွပ်စွဲသော် မှားနိုင်ဖွယ် မရှိချေ။ မည်သို့ပင်ဆိုစေ သူရဲကောင်းတစ်ဦး၏ နောက်ဆုံးတိုက်ပွဲမှာ စိတ်ဝင်စားဖွယ်ကောင်းလှ၍ ကြောင့်အနေဖြင့် ယခုပို့စ်ကို စာစီလိုက်ရပါသည်။။ =(^_^)=

( ပုံကို http://www.theaposition.com/ မှယူ၍ စာစီသူမှာ ကြောင်ကိုယ်တိုင်သာဖြစ်ပါကြောင်း )

ပဉ္စမံကြောင်
Powered by Blogger.