ပရိယေသနထနောင်း

မိန်းမသားတန်မဲ့လို့တော့
မပြောပါနဲ့မောင်ကြီးရယ် တဲ့
ကျုပ်က အမြင့်ဆို
အလွန်ကြောက်သာကလား တဲ့
ဒါပေသိမောင်ကြီးရယ်
ကျုပ်သားက ကျောပိုးအိတ်ပူဆာချက်
ပါးစပ်ကို မပိတ်သာတော့် တဲ့။

မိခင်မေတ္တာကိုမျက်ဝါးထင်ထင်
နေပူထဲ စီးဆင်းသွားတဲ့စမ်းရေ
အညာနွေဟာ
သကာရည်လိုချိုသွားခဲ့
နွေမှာထနောင်းနေသူလေး
ဆောင်းတုန်းကလဲ မန်ကျည်းခဲ့သူပါ်
ငွေရှာကြောင်းက ဖြူစင်သလို
အပူအပင်က သားငယ်အတွက်
အို သည်မေတ္တာတရားကို
လေးစားစွာဦးညွှတ်ရင်း
ခူးဆွတ်နေတဲ့သူ့လက်ကလေးကို
ငါကြည်ညိုလေးစား
မေတ္တာဆိုတာ ကမ္ဘာစောင့်တရားပေါ့။

ထနောင်းပင်ပေါ်က မိခင်လေ
သူခေါင်းပေါ်ကအညာနွေဟာ
သူ့ရင်ထဲက စမ်းရေကို
အအေးဓာတ်လျော့ပါးအောင်
ဘယ်လိုမှမစွမ်းသာခဲ့ပါဘူး
သူမဟာ ဂေါ်ကီရဲ့ အမေမဟုတ်ဘူး
အညာမြေက မြန်မာအမေပါ။

ကော်သေနတ်လေးပူဆာသာ
ဝယ်ပေးပြီးရုံရှိသေး
ခုကျောပိုးအိတ်တောင်းသာတော့
မောင်ကြီးနှယ် တစ်နေ့တစ်နေ့
တောင်းသာ မရရင်
ခေါင်းမာ သမှ
ကျောင်းပါ မကြွတော့သာတော့ တဲ့
စိတ်ရှုပ်ဟန်ဆောင်နေတဲ့
မျက်နှာချိုချိုလေးဟာ
ချွေးဥလေးတွေစီ လို့
မျက်နှာလေးက နီလို့
ဒါပေမဲ့လေ မျက်လုံးလေးက ရီလို့။

ကဲပါ ငါ့နှမရယ်
ညည့်သားဆိုးတာ
ညည့်အားကိုးနဲ့ မဟုတ်လားဆိုတော့
ချစ်စရာ့မျက်စောင်းချို
အမေဆိုတာ ဒါဘဲလေ
စကားမစပ်အေ
ညည်းထနောင်းပင်ပေါ်ရောက်နေရအောင်
ကလေးတို့အဖေကရော လို့
ကျနော် အမေးမှာ ။

အပြာရောင်ကောင်းကင်ဟာ
ရုတ်ချည်းအုံ့ဆိုင်း
သူမှီထားတဲ့ထနောင်းပင်တောင်
ပိုကိုင်းသွားသလားလေ
မိခင်ငယ်ရဲ့ မျက်ဝန်းတွေရီဝေ လို့
သူ့အကြည့်တွေက
ကျနော့်လက်ထဲက သတင်းစာပေါ်မှာ
သားတို့ဖေက သားတို့ဖေက နဲ့
စကားတွေရှေ့မဆက်တော့ဘူး
အဲ့ သားပေါ့
ပူဆာလိုက်မှဖြင့်
သေနတ်တဲ့
ကျောပိုးအိတ် တဲ့
သူ့အဖေအတိုင်း ဆိုပြီး
မျက်ရည်တွေဝိုင်းလာတယ်။

ရှိနေသမျှအကြောင်းရယ်
ပရိယေသနထနောင်းရယ်
ဟော့သည်နွေ နေ့လည်ခင်းမှာ
ကျနော်ချမိခဲ့တဲ့ သက်ပြင်း
ထနောင်းပင်ရင်းမှာ။

တကယ်တော့လေ
လက်ညှိုးလေးကွေးရုံလေးပါ
ဒါပေမဲ့
မျက်ဝန်းတွေကို
မျက်ရည်ကျစေတတ်ပါတယ်။

နေမိုးညို
18-2-2015
#PannPwint
Powered by Blogger.