အထီးကျန် ဆန်နေသာ သူများ အတွက်

တစ်ခါတုန်းကအလွန်ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးဟာ ကျနော့်ဆေးခန်း ကိုရောက်လာပါတယ်။သူမဟာ တန်ဖိုးကြီးအဝတ်အစားများနဲ့ အဖိုးတန်ရတနာများကိုဝတ်ဆင်လာပါတယ်။ နယ်စပ်မှာနေတဲ့အတွက် ဒီလိုမြင်ကွင်းမျိုးတွေ့မြင်နေကျဖြစ်ပေမယ့်သူမရဲ့ဝတ်ဆင်မှုက သူများထက်အများကြီးပိုနေတယ်လို့ထင်မိပါတယ်။သူမရဲ့နာမည်ကိုမေးကြည့်တော့မှ မရွှေကြိုင်ဖြစ်ပြီး၊အသက်မှာ ၃၆-နှစ်ဖြစ်ကြောင်းသိရပါတယ်။ သူမကို သေသေချာချာစမ်းသပ်ကြည့်တော့လည်းထူးထူးခြားခြားရောဂါဆိုပြီး ဘာမှ မတွေ့ရပါ။သူမပြောစကားကိုနားထောင်ကြည့်တော့ သူမဟာ မကြာသေးခင်ကမှလင်ယောကျာ်းနဲ့ကွာရှင်းပြတ်ဆဲပြီးကြောင်းသိရပါတယ်။
သူမရဲ့တောင်းဆိုမှုတွေကများလွန်းလာတာကြောင့်လင်ယောကျာ်းမှာ မခံနိုင်တော့၍ ကွာရှင်းခြင်းဖြစ်ကြောင်းလည်းပြောပြပါတယ်။အခု သူမမှာ တိုက်အိမ် သုံးလုံး၊ ကားသုံးစီးအပြင် ရတနာပစ္စည်းမြောက်များစွာ ပိုင်ဆိုင်နေပေမယ့်စိတ်ထဲမှာ အထီးကျန်၊အဖော်မဲ့နေကြောင်း၊ စိတ်ထဲမှာလည်း ရောဂါတစ်မျိုးမျိုးရှိနေတယ် ထင်မြင်မိကြောင်းပြောပါတယ်။
လောလောဆယ်စိတ်သက်သာမှုရအောင် ဆေးကုသမှုပေးလိုက်ပြီး ..
နောက်တစ်နေ့ကို ချိန်းလိုက်ပါတယ်။

သူမဟာ ပြောတဲ့အတိုင်း လာပါတယ်။ အဲဒီတော့မှ သူမကို အမျိုးသမီးတစ်ဦးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ အဲဒီအမျိုးသမီး အမည်ကတော့ မစပယ်ဖြစ်ပါတယ်။ မစပယ်ရဲ့ပြောပြတဲ့ဇာတ်လမ်းကို
သေသေချာချာနားထောင်ဖို့နဲ့အဲဒီစကားဟာ မရွှေကြိုင်အတွက် အဖြေတစ်ခုခုရနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။

မစပယ်က…“ ကျမရဲ့ခင်ပွန်းက အဆုပ်အအေးမိပြီး ဆုံးပါးသွားပါတယ်။
နောက်ထပ်သုံးလကြာတော့ ရုတ်တရက်အန္တရာယ်ကျရောက်ပြီးသား လည်းဆုံးပါးခဲ့ပြန်ပါတယ်။ ကျမမှာ ဘယ်သူမှ မကျန်၊ဘာမှ မရှိတော့ပါဘူး။
ကျမငေးငေးငိုင်ငိုင်ခြေဦးတည့်ရာ လျှောက်သွားခဲ့ပါတယ်။အိပ်လည်းမရခဲ့ပါဘူး။စားသာ စားတယ် စားတယ်လို့လည်း မမှတ်မိပါဘူး။ ဘယ်သူကိုတွေ့တွေ့ ပြုံးတောင် မပြုံးပြနိုင်ခဲ့ပါဘူး။ အဲဒီအခြေအနေက နေကောင်းလာ မယ်လို့တောင် ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။
တစ်ညမှာတော့ အလုပ်က အိမ်အပြန်မှာ ကြောင်လေးတစ်ကောင် ကျမနောက်က လိုက်လာတာကိုတွေ့ပါတယ်။ အဲဒီကြောင်လေးအတွက် ကျမ စိတ်မကောင်းပါဘူး။ အပြင်မှ အေးတယ်မို့လား။ ဒါကြောင့် ကြောင်လေးကို အိမ်ထဲဝင်ခွင့်ပေးလိုက်ပါတယ်။နွားနို့လည်း နည်းနည်းတိုက်လိုက်ပါတယ် ။ကြောင်လေးက သူ့ကိုယ်လုံးနဲ့ကျမခြေထောက်ကို လာပွတ်ပါတယ်။ အဲဒီတော့ ကျမပြုံးမိပါတယ်။အဲဒီအပြုံးဟာ လပေါင်းတော်တော်ကြာ ကြာ အတွင်း ပထမဆုံးအကြိမ်ပြုံးခဲ့မိတာပါ။

အဲဒီအချိန်ကစပြီး ကျမရဲ့အတွေးပြောင်းခဲ့ပါတယ်။ ဒီလိုကြောင်လေးတစ်ကောင်ကို ကူညီတာကငါ့ကို ပြုံးစေနိုင်တယ်ဆိုရင် အခြားလူတွေအတွက်ကောင်းတာလုပ်ပေးရင် ငါလည်းပျော်ရွှင်လာ မှာပဲလို့တွေးမိလာပါတယ်။ ဒါကြောင့် နောက်နေ့မှာ ကျမစားစရာ
တချို့ပြုလုပ်ပြီးအိပ်ရာထဲမှာလဲပြီး နေမကောင်းနေတဲ့ အိမ်နီးချင်းတွေကို သွားကျွေးခဲ့ပါတယ်။ နေ့စဉ်လူတစ်ဦးဦးအတွက် ကောင်းတာတစ်ခုတော့ လုပ်ပါတယ်။ ကောင်းတာလုပ်ပေးတော့ လုပ်ပေးခံရသူလည်းပျော်ပါတယ်။ သူတို့ပျော်တာကြည့်ပြီး ကျမဝမ်းသာရပါတယ်။ငါ ဘယ်လောက်ရမလဲလို့ စဉ်းစားနေရင် လူတွေဟာ မပျော်ရွှင်နိုင်ပါဘူး။အခြားသူတွေကို ဘယ်လောက်ကူညီနိုင်မလဲဆိုတာ စဉ်းစားရင်တော့ ပျော်ရွှင်နိုင်ပါတယ်။ အခုတော့ ကျမကောင်းကောင်းအိပ်နိုင် စားနိုင်ပါတယ်။ ဘယ်သူမှ ကျမလောက် အိပ်ကောင်း၊ စားကောင်းမယ်တောင် မထင်ပါဘူး။ ကျမ ပျော်ရွှင်ချမ်းမြေ့မှုကို ဒီလိုနည်းနဲ့တွေ့ခဲ့ပါတယ်”လို့ ရှင်းပြပါတယ်။

မစပယ်ရဲ့စကားကို ကြားရတော့မရွှေကြိုင်ဟာ ချုံးပွဲချ ငိုပါတော့တယ်။ သူမမှာ ငွေနဲ့ပေးဝယ်နိုင်တာအားလုံး ရှိပါတယ်။ ဒါပေမယ့် ငွေနဲ့ပေးဝယ်လို့ မရတဲ့အရာ ဆုံးရှုံးခဲ့ပါတယ်။ အဲဒီနောက် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်လိုက်ပါတယ်။
“ ဒီနေ့ကစပြီး အသုံးမကျတဲ့ ရုပ်လှလှဘဝကနေပြီးလူသားဆန်တဲ့ စိတ်လှလှဘဝကိုရ အောင်ကြိုးစားပါတော့မယ်”လို
ပြောပြီးပြန်သွားပါတော့တယ်။

အားလုံး မေတ္တာ ၊ ဂရုဏာ ၊ မုဒိတာ များနဲ့ ပျော်ရွင်စွာ ရှင်သန် နိုင်ကြပါစေ
လို့ ဆန္ဒပြုရင်း ........

ဗေဒင်
Powered by Blogger.