သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၉၀ ကျော် ရန်ကုန်တွင် တွေ့မည်


ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရွေးကောက်ပွဲ အနိုင်ရပါတီ NLD ကို အာဏာလွှဲပြောင်းပေးရန် ကတိပြုထားသော သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၉၀ ကျော်တို့ နိုဝင်ဘာလ ၁၅ ရက်နေ့ တနင်္ဂနွေနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီ ၉၁ ပါတီကို ဖိတ်ကြားထားခြင်း ဖြစ်ပြီး ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေး အခင်းအကျင်းနှင့် အစိုးရသစ်သို့ အာဏာလွှဲပြောင်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးဖွယ်ရှိကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောဆိုသည်။

“ဆွေးနွေးမယ့် အကြောင်းအရာ အသေးစိတ်တော့ မပြောနိုင်သေးပါဘူး။ ပါတီအားလုံးနဲ့ တွေ့မှာတော့ မှန်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောဆိုသည်။

သမ္မတဦးသိန်းစိန်သည် ရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၅ ရွေးကောက်ပွဲရလဒ်များ အတည်ပြု ထုတ်ပြန်ပြီးချိန်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံရန် ကတိပြုထားပြီး နိုင်ငံရေး အခင်းအကျင်းသစ်အတွက် ဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောဆိုထားသည်။

သမ္မတဦးသိန်းစိန်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် အစိုးရ ထိပ်တန်းခေါင်းဆောင်များသည် နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ၌ ရံဖန်ရံခါ တွေ့ဆုံသော်လည်း အချိန်ကန့်သတ်ချက်အရ ဟုဆိုကာ ပါတီအများစုမှာ ဆွေးနွေးခွင့် မရခဲ့ပေ။



PannPwint
Powered by Blogger.