ဘုရားစေတီများရှေ့ဝယ် ခြင်္သေ့ရုပ်များထုလုပ်ထားရခြင်း အကြောင်းရင်း


တကယ်တော့ ဘုရားပုထိုးတွေရှေ့မှာ ခြင်္သေ့ရုပ်တွေ ထားရှိကြတာဟာ အစဉ်အလာတစ်ရပ်လို့ လက်ခံထားကြပြီးသားပါ။ ဒါပေမယ့် အဲ့ခြင်္သေ့ကြီးတွေကို ထားရှိရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာမှုလက်ရာကို ပြသဖို့၊ ဘုရားကို စောင့်ရှောက်ဖို့ ဆိုတာထက် ပိုပါတယ်။ 

အတိတ်ကို ပြန်လှည့်ကြည့်ရသော်...

မဇ္ဈိမတိုင်းတွင် အုပ်စိုးနေသော မင်းကြီးတစ်ပါးထံတွင် သမီးတော်လေး တစ်ဦး ထွန်းကားရာ ထိုမင်းသမီးလေးမှာ အဆင်းလွန်စွာလှပသော်လည်း ရာဂတဏှာကို တပ်မက်လွန်းလှသည်ဆို၏။

ငယ်ရွယ်စဉ်ကပင် အထိန်းတော်အယတော်များက ထိုကိစ္စအတွက် နည်းအမျိုးမျိုး သုံးကာဆုံးမသော်လည်း မရပေ။ ( ကြောင့်ပေ့ဂ်ျက အမျိုးသမီးတွေကိုတော့ အားနာပါတယ်ခင်ဗျ။ သမိုင်းထဲမှာ အဲ့လိုဖော်ပြထားတော့ မလွှဲသာမရှောင်သာရေးရလို့ပါ။ ဆင်ဆာလွတ်အောင် တတ်နိုင်သမျှကြိုးစားပြီးရေးပါ့မယ်။)

အရွယ်ရောက်သည့်အခါ ခမည်းတော်မင်းကြီးကိုယ်တိုင်ပင် သည်းမခံနိုင်တော့သဖြင့် ထိုမင်းသမီးလေးကို တောတွင်းသို့ နယ်နှင်ဒဏ်ပေးလိုက်လေ၏။

တောတွင်းသို့ ရောက်သည်တွင် ခြင်္သေ့ကြီး တစ်ကောင်နှင့်တွေ့ကာ (အဲ..) လင်မယားအရာမြောက်လေ၏။

ခြင်္သေ့ကြီးသည် မင်းသမီးလေးကို ကျောက်ဂူကြီးတစ်ဂူတွင် ထားကာ နေ့စဉ်ကျွေးမွေးစောင့်ရှောက်လေ၏။ အစာရှာထွက်သည့်အချိန်တွင် ( ဇနီးသည်ကိုစိတ်မချ၍ ) ဂူကြီးကို ကျောက်ဖျာကြီးတစ်ချပ်ဖြင့် ကာပြီးမှထွက်လေ၏။ ( ကျောက်ဖျာကို ပါးစပ်နှင့်ကိုက်လား၊လက်နဲ့မလားတော့ ကပ်သီးကပ်သပ်မတွေးကြပါနဲ့၊ tongue emoticon )

မင်းသမီးလေးသည် ခြင်္သေ့ကြီးနှင့် သားတစ်ယောက်၊သမီးတစ်ယောက် ထွန်းကားလေ၏။ ( သားအမည်မှာ သီဟဗာဟု ဖြစ်ပြီး၊ သမီးအမည်မှာ သီဝလိကာ ဖြစ်လေသည်။)

သီဟဗာဟုလေးသည် လူမှန်းသိတတ်စအရွယ်တွင် မိမိ၏ ဆွေမျိုးများအကြောင်းကို လွန်စွာစိတ်ဝင်တစားမေးလေ့ရှိသည်ဆို၏။ မင်းသမီးကလည်း သားမောင်သည် သာမန်အနွယ်မဟုတ်ကြောင်း၊ မဇ္ဈိမပြည့်ရှင်မင်း၏မြေးတော်ဖြစ်ကြောင်းများကို ရှင်းပြလေ၏။

သီဟဗာဟုလည်း တစ်နေ့သော် တောအတွင်းမှထွက်ကာ မိမိနှင့်မျိုးနွယ်တူ လူများရှိရာသို့သွားမည်ကြံလေ၏။ မိမိသည် သာမန်လူမဟုတ်ဘဲ မင်းသွေးမင်းဆက်မှန်းသိလေလျှင် ပို၍ စိတ်ဓာတ်တက်ကြွလျက်ရှိလေသည်

ဤသို့ဖြင့် အရွယ်ရောက်သောအခါ သီဟဗာဟုသည် ခြင်္သေ့ကြီးအစာရှာထွက်နေစဉ် ပိတ်ထားသော ကျောက်ဖျာကို ခွန်အားအပြည့်ဖြင့် ဖယ်ရှား၍ မယ်တော်မင်းသမီး နှင့် ညီမတော် သီဝလိကာ တို့ကို ပခုံးတစ်ဖက်စီတွင် ထမ်းကာ နေပြည်တော်သို့ပြေးလေ၏။

နေပြည်တော်သို့ရောက်သော် မင်းချင်းများက ထိုသားအမိသုံးဦးကို မင်းကြီးထံပို့ပေးလေ၏။။မင်းကြီးလည်း မိမိ၏ မြေးတော်များကိုမြင်လျှင် လွန်စွာအားရကာ ချက်ချင်းဆိုသလိုပင် သီဟဗာဟုကို အိမ်ရှေ့အရာအပ်နှင်းလေ၏။

ထိုစဉ်တောတွင်းမှ ခြင်္သေ့ကြီးသည် အစာရှာပြီး ပြန်လာစဉ် ဂူပေါက်ဝမှ ကျောက်ဖျာ မရှိတော့ဘဲ ဇနီးရော သားသမီးများပါ ပျောက်နေသည်ကို တွေ့လျှင် လွန်စွာစိတ်ပူသွားကာ ချီလာသည့်အစာကို ပစ်ချ၍ ချက်ချင်းပင်လိုက်ရှာလေ၏။

သီဟဗာဟု၏ ခြေရာအတိုင်း လိုက်ရှာရာ လူတို့နေထိုင်ရာ နေပြည်တော်သို့ ရောက်သည်တွင် ၀င်ရမည်ကို မ၀ံ့မရဲဖြစ်နေခဲ့ရှာသည်။ သို့သော် " အိုကွာ..ကိုယ့်မိသားစုဝင်တွေ ကိုယ်ရှာတာပဲ ဘယ်သူ့ဂရုစိုက်ရမလဲ။ သူတို့လည်း ငါ့ကိုတွေ့ရင် မှတ်မိပြီး ခေါ်ကြမှာပါ" ဟုတွေးကာ အရဲစွန့်၍ မြို့ထဲသို့ ၀င်ခဲ့လေ၏။

မြို့တွင်းသားတို့လည်း ခြင်္သေ့ကို မြင်လျှင် ကြောက်ရွံ့ခြင်း ပြင်းစွာဖြစ်၍ မင်းကြီးထံသို့ ထိုခြင်္သေ့ကို နှိမ်နင်းပေးရန်တောင်းဆိုကြလေ၏။

အိမ်ရှေ့မင်း သီဟဗာဟုလည်း " ဒီတိရစ္ဆာန်အဖေ ကြောင့် ငါ့သိက္ခာကျရချေမည်။ ငါကိုယ်တိုင် ရှင်းပစ်အံ့" ဟုတွေးကာ ရတနာစီ လေးနှင့် စိန်သွားတပ် မြှားများကို စွဲကာ ဖခင်ခြင်္သေ့အား သုတ်သင်ရန် မြို့တွင်းသို့ ၀င်လေ၏။

ခြင်္သေ့ကြီးလည်း သီဟဗာဟုကို မြင်လျှင် သားဟူသော ချစ်ခြင်းဖြင့် မွေးညင်းများတုန်သည်အထိ ၀မ်းသာသွားလေသည်။ သီဟဗာဟုကမူ အံကိုကြိတ်ကာ မြှားဖြင့် ခြင်္သေ့ကြီး၏ နှလုံးသားနေရာသို့ ချိန်၍ ပစ်ခွင်းလေ၏။

သို့သော် ခြင်္သေ့ကြီး၏ မေတ္တာအဟုန်ကြောင့် ထိုမြှားသည် ချော်၍သွားလေ၏။ သီဟဗာဟုလည်း လက်မလျှော့ဘဲ ဆက်ဆက်ကာ ပစ်လေ၏။

ထိုအခါမှ ခြင်္သေ့ကြီးသည် ငါ့သားက ငါ့ကို ရန်မူနေတာပါလားဟုတွေးမိကာ တိရစ္ဆာန်သဘာဝ အတိုင်း မာန်ဖီလေ၏။ ထိုသို့ မာန်ဖီသည့်အခါ ပို့လွှတ်နေသော မေတ္တာအဟုန်လည်း ပြတ်လေသဖြင့် သီဟဗာဟု၏ စိန်သွားတပ်မြှားသည် ခံတွင်းမှ ၀င်ကာ လက်ယာနံပါး မှဖောက်ထွက်လေ၏။

ခြင်္သေ့ကြီးအသက်ကုန်သည့်အခါ သီဟဗာဟုသည် သင့်တော်ရာနေရာတွင် မြုပ်နှံစေ၏။

နှစ်အတန်ငယ်ကြာသော် ဘိုးတော်မင်းကြီး နတ်ရွာစံသဖြင့် သီဟဗာဟုက မဇ္ဈိမထီးနန်းကို ဆက်ခံလေ၏။ ညီမတော် သီဝလိကာ ကိုပင် မိဖုရားအရာ ထားလေ၏။

မင်းဖြစ်တော်မူလျှင် ဦးခေါင်းကိုက်နာ ပြင်းစွာစွဲကပ်သဖြင့် ပုရောဟိတ်များကို မေးရာ ဖခင်ခြင်္သေ့ကြီးကို သတ်မိသော အကုသိုလ်ကြောင့် ဖြစ်ရကြောင်းနှင့် မပြတ် ရှိခိုးကန်တော့သင့်ကြောင်းတို့ကို လျှောက်ထားကြလေ၏။

ထိုအခါမှစ၍ သီဟဗာဟုမင်းကြီးလည်း ဘုရားစေတီများကို ကြည်ညိုတိုင်း ဖခင်ခြင်္သေ့ကိုပါ သတိရရှိခိုးမိစေရန် ခြင်္သေ့ရုပ်များကို ဘုရားစေတီများ၏ ခြေရင်းတွင် ထုလုပ်စေလေ၏။

( ရန်ကုန်မှာတော့ ခြင်္သေ့ရုပ်မထားတဲ့ ဘုရားစေတီတစ်ဆူရှိတယ်ဗျ။။ခြောက်ထပ်ကြီး ဘုရားပါ။ အဲ့မှာတော့ ခြင်္သေ့ရုပ်အစား ရုက္ခစိုးကြီးတွေက ကြိုနေတာကို တွေ့ရပါလိမ့်မယ်။ smile emoticon )

( ပုံကို http://www.our7worlds.com/ က ယူပြီး စာစီသူမှာ ကြောင်ကိုယ်တိုင်သာဖြစ်ပါကြောင်း )

ပဉ္စမံကြောင်
Powered by Blogger.