ကနီငလျင်ကြောင့် စေတီ ၃၉ ဆူ၊ နိုင်ငံပိုင် အဆောက်အဦ ငါးခုနှင့် လူနေအိမ် လေးလုံး ထိခိုက်ခဲ့



နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အနောက်မြောက်ဘက် ၃၅ မိုင် အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ကနီမြို့နယ်အတွင်း ထိခိုက်ပျက်စီးမှု များခဲ့ပြီး စေတီ ၃၉ ဆူ၊ နိုင်ငံပိုင် အဆောက်အဦ ငါးခုနှင့် လူနေအိမ် လေးလုံး ထိခိုက်မှု ရှိခဲ့ကြောင်း သိရသည်။

ပျက်ဆီးခဲ့သော သာသနိက အဆောက်အဦများတွင် ပန္နဲတိုင်မှ ပြုတ်ကျ စေတီ သုံးဆူ၊ စိန်ဖူးတော် မြေခ စေတီ အဆူ ၂၀၊ ထီးတော်စောင်း စေတီ တစ်ဆူ၊ အက်ကြောင်း ဖြစ် စေတီ ၁၂ ဆူနှင့် အင်္ဂတေကွာကျ စေတီ ၃ ဆူ ရှိခဲ့သည်။ နိုင်ငံပိုင် အဆောက်အဦများတွင် အမှတ် ၃ ရပ်ကွက်ရှိ စီးပွားရေး ဘဏ် မျက်နှာကျက် သုံးခု ပြုတ်ကျပြီး
Strong Room လုံခြုံခန်း အနည်းငယ် အက်ကွဲမှု ဖြစ်ခဲ့ကာ အလယ်တန်းကျောင်းခွဲနှစ်ခုမှ ကျောင်းဆောင်များနှင့် မူလတန်းကျောင်းနှစ်ခုမှ ကျောင်းဆောင်များ ထိခိုက်မှု ရှိခဲ့ခြင်း ဖြစ်ပါသည်။ လူနေအိမ်များအနက် အုပ်ချုပ်ပြိုကျခဲ့သည့် အိမ်တစ်လုံး၊ မီးဖိုခန်းပြိုကျသည့် အိမ်နှစ်လုံးနှင့် ထုတ်တန်းပြိုကျသည့် အိမ်တစ်လုံး ရှိခဲ့သည်။

အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၄ အဆင့်ရှိ အဆိုပါ ငလျင်သည် ယနေ့ (နိုဝင်ဘာ ၂၇ ရက်) ညနေ ၃ နာရီ ၄ မိနစ် အချိန်ခန့်က လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကာ ငလျင် ဗဟိုပြုခဲ့သည့် နေရာမှာ စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် အတွင်းဖြစ်ပြီး မြင်းခြံ၊ သပိတ်ကျင်း၊ မြင်းမူ၊ မန္တလေး၊ ဂန့်ဂေါ၊ မိုးကုတ်၊ မုံရွာနှင့် စစ်ကိုင်းမြို့များ၌ ငလျင်သက်ရောက်မှု ရှိခဲ့ကြောင်း သိရသည်။

============

Eleven Media Group
Powered by Blogger.