ဆီမလူးတဲ့ ပေဖူးလွှာ


ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောက်မတို့ရေ။

မြင်းမနီသား၊ မြင်းကျားခွာမည်း
တစ်လုံးတည်းနှင့်၊အုန်းလွဲပစ်တင်
တိမ်မိုးမည်းနှင့်၊ကသည်းစစ်သို့
နှစ်မည်ဝင်
သန်လျင်ကို ရောက်ဖူးပါစရှင်။

သန်လျင်ငယ်မှမက
မုတ္တမနှင့် ဒလတစ်သွယ်
ထားဝယ်တခြား
ယိုးဒယားတစ်လိုက်
ကမန်ပိုက်ကို တိုက်သောခါမူ
ဓားကို သို့ကိုင်
လှံကို သို့နုတ်
စစ်မြေပြင်တွင် ၀င်ကာခုတ်၍
တရုတ်ကယ် ရှမ်းပြည်
ထွားထွားငယ်ကြေ
အောင်လေပြီတဲ့ ဆီမလူး
ပေဖူးလွှာနှင့် မှာလိုက်ကဲ့ရှင့်

အပျိုဖြူ ငယ်ကကျွမ်း
လွမ်းတုံ့တင်လေး။

အိုင်ချင်း- ရှင်ငြိမ်းမယ်

( အရင်ခေတ်က ဗမာသူရဲကောင်းတွေ စစ်မြေပြင်ထွက်ကြတုန်း၊ လွမ်းပြီးကျန်ရစ်ခဲ့တဲ့ ချစ်သူကောင်မလေးတွေရဲ့ ခံစားချက်ကို ပေါ်လွင်စေတဲ့ ကဗျာလေးပါ။)

( ကောင်မလေးတစ်ယောက်က သူ့ချစ်သူဆိုရင် ဘုရင့်မြင်းတပ်မှာအမှုထမ်းပြီး ကသည်းပြည်ကို သွားတိုက်ခဲ့ဖူးတယ်။ သန်လျင်ကို တိုက်တော့လည်း ပါတာပဲ။ နင့်ကောင်လေးကရော သန်လျင်ကိုရောက်ဖူးလား လို့ သူ့သူငယ်ချင်းမလေးကို မေးတဲ့ဟန်နဲ့ စပါတယ်။)

(အာ့နဲ့ မေးခံရတဲ့ကောင်မလေးက သူ့ငယ်ချစ် ကောင်လေးက သန်လျင်တင်မကဘူး၊ မုတ္တမ၊ဒလ၊ထားဝယ်၊ယိုးဒယား၊ကမန်ပိုက်၊တရုတ်စစ်၊ရှမ်းစစ် အစုံတိုက်ဖူးတယ်။ခုလေးတင် ရှမ်းပြည်ကို ထောင်းထောင်းကြေ အောင်နိုင်တယ်လို့ သူ့ဆီသတင်းလှမ်းပို့လိုက်သေးတယ်။ ဆီမလိမ်းထားတဲ့ ပေရွက်လွှာနဲ့လို့ ပြန်ပြောလိုက်ပါတယ်။)

( အဲ့ခေတ်က ယောကျာ်းတွေ စစ်ထွက်တုန်း နောက်မှာကျန်ရစ်ခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ ခံစားချက်ကို ရသမြောက်အောင်ရေးဖွဲ့ထားတဲ့ကဗျာလေးပါ။ ရှေးမြန်မာတွေရဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် စစ်ရေးအရ လွှမ်းမိုးနိုင်မှုကိုလည်း ထင်ဟပ်ပြထားနိုင်တာ တွေ့ရပါတယ်။)

( အဲ့ကဗျာလေးကို ကြောင်သိပ်ကြိုက်လို့ ခုလိုစာစီလိုက်ရပါတယ်။) =(^_^)=

ပဉ္စမံကြောင်
Powered by Blogger.