မိခင်



===================
===================

အမေ့ကို ကျွန်တော်ဘယ်အရွယ်မှာ ကောင်းကောင်း မှတ်မိသလဲဆိုတာ ပြန်စဉ်းစားကြည့်တယ်။ မမှတ်မိဘူး။

ဒါပေမဲ့ ကျွန်တော် သိတတ်လာတဲ့ အချိန်မှာတော့ အမေ့ကို မျက်စိအောက်က တောင် အပျောက် မခံချင်တတ်ဘူး။ အမေ့ကို မမြင်ရင် ကျွန်တော်ငိုနေတတ်တာလည်း မှတ်မိတယ်။ ကျွန်တော်အမေ့ကို ချစ်မှန်းသိတော့ အိမ်နားနီးချင်းတွေက အမေအိမ်မှာ မရှိတဲ့အခါ နင့်အမေ ဘယ်သူနဲ့ လိုက်သွားပြီ စသဖြင့်  'စ' တတ်တယ်။ အဲဒီအခါကျတော့ ကျွန်တော်မငိုဘဲ မျက်လုံးအပြူးသားနဲ့ လူတွေကို လိုက်ကြည့်နေမိတယ်။ မျက်လုံးက မျက်ရည်မထွက် ပါးစပ်က အသံထွက်ပြီးသာ မငိုတာပါ။ အဲဒီအချိန်ဆို ကျွန်တော့်ရင်ထဲမှာ ဗြောင်းဆန်နေတာပဲ။ သူတို့ပြောတာကို မဟုတ်မှန်းသိလျက်နဲ့ အဲဒီလိုများ အမေကျွန်တော့်ကို ထားပြီး ထွက်သွားခဲ့ရင် ကျွန်တော်ဆက်ပြီး မတွေးရဲတော့ဘူး။

တကယ်လည်း အမေက ကျွန်တော့်ရဲ့ဘ၀ပါ။ ကျွန်တော်အားကိုးရာ မိုးကောင်းကင်ကြီးပါ။ အမေရှိနေရင် ကျွန်တော့်ဘ၀အမြဲ လုံခြုံတယ်လို့ စိတ်ထဲမှာ အမြဲခံစားရတယ်။ ဒါပေမဲ့ အမေက ပိန်ပိန်သေးသေးလေးပါ။ အရပ်ကလည်း ငါးပေပြည့်တယ်ဆိုရုံလေး။ ဒါပေမဲ့အမေက ကျွန်တော်နဲ့ ပတ်သက်လာရင်တော့ ဘယ်သူ့ကိုမဆို ရင်ဆိုင်ဖို့ ၀န်မလေးဘူး။ ကုန်ကုန်ပြောရရင် တစ်သက်လုံး ကောင်းသည်ဆိုးသည် တစ်ခွန်းမှ ခံမပြောဘဲ ဆိုးလည်းခံ ဆဲလည်းခံ၊ ရိုက်လည်းခံခဲ့တဲ့ အဖေ့ကိုတောင် ကျွန်တော်နဲ့ ပတ်သက်လာတဲ့အခါ '' နင်ငါ့သားကို ရိုက်စရာမလိုဘူးလို့'' ခပ်တင်းတင်း ပြန်ပြောရဲတဲ့အထိ သတ္တိရှိတယ်။

ပြီး အမေ ပြောတတ်တဲ့ စကားတစ်ခွန်းရှိတယ်။ ''ငါ့သားလေးကို အချစ်ဆုံးပဲ'' ဆိုတဲ့ စကားပါ။ အဲ့ဒါအမှန်ပဲ။ ကျွန်တော်အကြွင်းမဲ့ ယုံတယ်။ ကျွန်တော့်မှာ ဓာတ်မတည့်တာကိုပဲ ပြောရမလား မဆိုနိုင်ဘူး။ ရွှေဖရုံသီး ဟင်းကိုစားဖို့ မပြောနဲ့ မြင်တာနဲ့တောင် အန်တဲ့အကျင့်ရှိတယ်။ ကျွန်တော်ငယ်စဉ် ထမင်းပွဲထဲမှာ ရွှေဖရုံသီးဟင်းကို မြင်တာနဲ့ ကျွန်တော်အန်တော့တာပဲ။ ဒါနဲ့ နောက်တော့ အမေက ရွှေဖရုံသီးကို အိမ်မှာမချက်တော့ဘူး။ အဖေက ရွှေဖရုံသီးဟင်းလေး စားချင်တယ် ပြောလည်း အမေက ချက်မကျွေးဘူး။ စားချင် တခြားမှာ သွားစားလို့ပဲ ပြောတတ်တယ်။ ပြောရရင် ကျွန်တော်ကြီးတဲ့အထိ အိမ်မှာ ဘယ်တော့မှ ရွှေဖရုံသီးဟင်း မချက်တော့ဘူး။ ဒါပေမဲ့ အမေက ''ရွှေဖရုံသီးဟင်းကို အရမ်းကြိုက်တာ။ တစ်ခါတလေ သူ့နှုတ်က ရွှေဖရုံသီးနဲ့ ပုစွန်လေးနဲ့ချက်၊ မန်ကျည်းသီးစိမ်းလေး ထောင်းစားလိုက်ရရင် အရမ်းကောင်းပေါ့လို'' အမှတ်တမဲ့ ထုတ်ပြီး ပြောတတ်တယ်။ ဒါဖြင့်လည်း စားပါလားအမေရယ်လို့ ကျွန်တော်က ပြောရင်တော့ '' အိုငါ့သားမှ မကြိုက်တာ မစားပါဘူး'' လို့ ချက်ချင်း ငြင်းတတ်တယ်။ တကယ်လဲ ကျွန်တော့်ကြောင့် အမေ ရွှေဖရုံသီးဟင်း မစားခဲ့ရတော့ပါဘူး။

ကျွန်တော် အရွယ်ရောက်လာတော့ အမေက ကျွန်တော်တို့နဲ့ ထမင်းတစ်ဝိုင်တည်းတောင် မစားတော့ဘူး။ မီးဖိုချောင်မှာ ချွေးတလုံးလုံးနဲ့ ချက်ပြုတ်ပြီး ကျွန်တော်တို့ ထမင်းစားမယ်ဆိုတာနဲ့ အသင့်ခူးခပ်ပြီး ကျွေးတော့ တာပဲ။ အမေကတော့ ထမင်းဝိုင်းဘေးမှာ ထိုင်ပြီး ကျွန်တော်တို့ ထမင်းစားနေတာကို အရသာခံပြီး ထိုင်ကြည့်နေတတ်တယ်။ ပါးစပ်ကလည်း '' စားလေ ဟင်းတွေခပ်စား'' နဲ့ ကျွန်တော်တို့က အမေ့ဖို့ မကျန်မှာစိုးလို့ ချန်ထားရင်လည်း မကြိုက်ဘူး။ အတင်းခပ်ထည့်ပေးပြီး ''စား၊ စား အမေသိပ်မဆာဘူး'' နဲ့ စားတဲ့သူတွေ အားရှိအောင် လောကွတ်တွေ လုပ်နေတတ်သေးတယ်။ အဲ ကျွန်တော်တို့အားလုံး စားပြီးပြီဆိုတော့မှ ကျန်တဲ့ ချဉ်ဟင်း၊ ငါးပိရည်လောက်နဲ့ နယ်ဖတ်ပြီး စားလိုက်တာပဲ။ ကြာတော့ အမေ့အကျင့်ကိုသိတဲ့ ကျွန်တော်တို့က ဟင်းကောင်းချက်ရင် အိုးကိုနယ်ပြီး စားပစ်လိုက်တာပဲ။ ဒါဆို အမေအရမ်းသဘောကျတာ။ သူ့ဖို့မကျန်ရင်နေတော့ဟု သူချက်တာကို အားရပါးရစားနေတာကို မြင်ရတာနဲ့တင် သူဗိုက်က ၀နေပြီလား ထင်ရတယ်။ အမေက ကျွန်တော်တို့အတွက်ဆို အနစ်နာခံဖို့လဲ အဆင်သင့်ပဲ။

နောက်ပြီး အမေက သူ့သား ကျွန်တော် ဘာပဲလုပ်လုပ် အမြဲမှန်တယ်လို့ချည်း ယုံမှတ်တတ်တဲ့သူ။ တော်ပါသေးရဲ့ ကျွန်တော်ကလည်း ငယ်ငယ်က သိပ်မဆိုးလို့၊ ဆိုးသာဆိုးရင်လဲ အမေက အပြစ်ယူမှာ မဟုတ်တာ သေချာတယ်။ အိမ်မှာ ကျွန်တော်က ဟင်းကြေးအထူဆုံး။ ဘာဆိုလည်းမစား၊ ညာဆိုလည်း မကြိုက်နဲ့ဆိုတော့ ကျွန်တော့်အကြိုက်ကိုသိတဲ့ အမေက အမြဲပဲ ကျွန်တော့်အကြိုက် ဟင်းတွေချည်းပဲ ချက်တတ်တယ်။ အဖေက မစားနိုင်ဘူး။ ဒါနဲ့ နောက်တော့ အဖေလည်း သူ့ဘာသာသူ မီးဖိုချောင်ဝင်ပြီး ချက်စားရတော့တယ်။ အဖေချက်တဲ့ ဟင်းတွေက အမေချက်တာထက်တောင် ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်ပါးစပ်က အမေ့လက်ရာနဲ့ ယဉ်ပါးနေတာဆိုတော့ အမေချက်တာလောက် ကောင်းတယ်လို့ကို မထင်ဘူး။ ဒါကြောင့် အဖေ့ဟင်းတွေကို ကျွန်တော်က သိပ်မစားတော့ အဖေကမကြိုက်ဘူး။ မင်းကွာ ''ဒါလောက်ကောင်းအောင် ချက်ထားတာများ'' လို့ စိတ်မရှည်သလို ပြောတတ်တယ်။ ဘယ်လိုပဲပြောပြော ဒီကနေ့အထိ အမေချက်တဲ့ ထမင်းနဲ့ဟင်းလောက် ကျွန်တော့်အကြိုက်နဲ့တွေ့တာ ဘယ်မှာမှ မရှိဘူး။ တကယ်တော့ ကျွန်တော်ကိုယ်တိုင်က အမေ့နှလုံးသားနဲ့ ထုဆစ်ထားတဲ့ လူတစ်ယောက်အဖြစ် အသက်ရှင်နေတယ်ဆိုတာ အမှတ်တမဲ့နဲ့ မေ့နေခဲ့တာပါ။

ကျွန်တော်တို့လူဆိုတာ ကလေးဘ၀မှာ ဘယ်သူမှ မလိမ္မာပါဘူး။ အင်မတန် လိမ္မာပါတယ်ဆိုတဲ့ ကလေးတောင်မှ လူကြီးတွေ စိတ်ညစ်အောင်တော့ တစ်ခါမဟုတ် တစ်ခါ လုပ်မိတာပဲ။ ကျွန်တော်လည်း ဆိုးတာပဲ။ တခြားဆိုးတာတော့ မဟုတ်ဘူး။ အဆော့သန်ကာ ဆော့တာကို စားတာထက် မက်တယ်။ အမေက မကြိုက်ဘူး။ ထမင်းစားချိန် အိမ်ပြန်မကပ်ရင် တုတ်ကိုကိုင်ပြီး လိုက်တာပဲ။ ဒါပေမဲ့ အမေ့ကို မြင်တာနဲ့ ကျွန်တော်က ''လာပြီလာပြီ''  အော်ပြီး အမေ့ကို ပြေးဖက်လိုက်တာနဲ့ အမေ့လက်က တုတ်က အလိုလို လွတ်ကျသွားတာပဲ။ မှန်တာပြောတာ ကလေးဘ၀မှာ အမေကျွန်တော့်ကို နာအောင်တစ်ခါမှ မရိုက်ခဲ့ဖူးဘူး။ ရိုက်တော့ရိုက်တယ် ဒါပေမဲ့ မနာဘူး။ ရိုက်တာလည်း ၁၀ ခါတောင် ပြည့်မယ်မထင်ဘူး။ နောက် ကျွန်တော်ကြီးလာတော့ ပိုဆိုးသေးတယ်။ ကျွန်တော်မို့ အမေ မကြိုက်တာ လုပ်မိရင် အမေက ကျွန်တော့်ကို စကားမပြောတော့ဘူး။ ထမင်းခူးကျွေးတာတောင် မျက်နှာကို တစ်ဖက်လှည့်ပြီး 'ရော့စား'' လို့ ကျွေးတတ်တယ်။ ကျွန်တော်ဘယ်လိုလုပ်ပြီး ဒီထမင်းကို စားနိုင်မှာလည်း ''အမေကလည်းဗျာ'' လို့ ကျွန်တော်က တစ်ချက်ကလေး ညည်းလိုက်တာနဲ့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတာပဲ။  ''အမေမကြိုက်ရင် ရိုက်လိုက်တာမဟုတ်ဘူး'' လို့ ပြောတော့ ''နင့်ကို ရိုက်ရတာ ငါ့ကိုယ်ငါ့ ရိုက်ရတာထက် နာလို့ မရိုက်ချင်ပါဘူး'' လို့ ပြန်ပြီး ပြောလေ့ရှိတယ်။

အမှန်တော့ အမေမျက်ရည်ကျတာက ရိုက်တာထက် နာပါတယ်။ ဒါနဲ့ နောက်ဆို အမေမကြိုက်မှန်း သိရင် ကျွန်တော်မလုပ်တော့ဘူး။ ကျွန်တော့်ကို လိမ္မာတယ်လို့ သူများတွေကပြောရင် အမေ မရိုက်ခဲ့လို့ပါပဲလို့ ပြောရမလားပါပဲ။ ဒါပေမဲ့ အမေမသေခင် တစ်နှစ်လောက်ကထင်ရဲ့ ညဘက် အိမ်ပြန် နောက်ကျလို့ အမေက ကျွန်တော့်ကိုရိုက်တယ်။ သုံးလေးချက်ကို ဆင့်ပြီးရိုက်တာ အဲဒီအချိန်မှာ ကျွန်တော့်အသက်က လေးဆယ် ကျော်နေပြီ။ ကျွန်တော့်ဇနီးက ၀င်မဆွဲရဲလို့ ဘေးကရပ်ပြီး ကြည့်နေရတယ်။ အမေ အတော်စိတ်ဆိုးနေပုံပါပဲ။ ကျွန်တော်ငြိမ်ပြီး ခံနေရတယ်။ နောက်မလုပ်ပါဘူးလို့လည်း အမေကျေနပ်အောင် ချော့ရတယ်။ ကျွန်တော့် ဘ၀မှာ ဒီတစ်ခါအရိုက်ခံရတာလောက် ချိုတာ တစ်ခါမှမရှိဘူး။ ပြောရရင် ခုနေ အမေသာရှိရင် ကျွန်တော့်ကို ဆိုးတယ်ဆိုပြီး ရိုက်ချင်လည်း ရိုက်နေဦးမှာ။ သြော် အရိုက်ခံချင်လိုက်တာ အမေရယ်။

အမေက (၂၉.၆.၂၀၀၂) ည ၁၀ နာရီမှာ ကျွန်တော့်လက်ပေါ်မှာပဲ ဆုံးရှာတယ်။ အမေ၊ မမေခင်က တဖွဖွပြောဖူးတယ်။ ''အမေသေရင် သားလက်ပေါ်မှာပဲ သေချင်တယ်'' တဲ့လေ။ အမေ့ဆန္ဒ ပြည့်သွားတာပါပဲ။ ကျွန်တော်အမေ့ကို အရမ်းလွမ်းတာပဲ။ ခုတော့ လွမ်းတဲ့အခါ ကဗျာလေးတွေရေးပြီး သိမ်းထားရတယ်။ ပြီးခဲ့တဲ့ နှစ်ကရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်က အခုထိ ခေါင်းထဲမှာ ရှိနေသေးတယ်။

''သည်လဆိုလျှင်...

မြတ်မိခင်၏၊ ကွယ်လွန်သည့်နှစ်

ပြန်တွက်စစ်သော်၊

ဆယ့်သုံးနှစ် ပြည့်ခဲ့လေပြီ။

အမေရှိစဉ်၊ ဟိုယခင်က၊

ငါ့၏စိတ်တွင်၊ မိုးကောင်းကင်သည်၊ ကြယ်စင်လည်းရှိ၊ လလည်းပြည့်၏

အမေရှိစဉ်၊ ဟိုယခင်က၊

ငါ့၏စိတ်တွင်၊ မြေအပြင်သည်

စမ်းလျှင်လည်းအေး ပန်းလည်းမွှေး၏။

အမေရှိစဉ်၊ ဟိုယခင်က

ငါ၏စိတ်တွင်၊ လောကခွင်သည်

မေတ္တာလည်းပြည့် စိတ်ချမ်းမြေ့၏။

ယခုသော်မူ ငါ့စိတ်ဟူလည်း

အတည်မကျ နွမ်းခွေလျ၏။

ပန်းကမမွှေး၊ စမ်းမအေးခဲ့

လမင်းလည်းကွယ် ကြယ်လည်းပြယ်၍

ရင်ဝယ်မမွေ့ မချမ်းမြေ့ပြီး၊

အမေ...မရှိတော့သည်ကြောင့်''

အမေ...နောက်ဘ၀တွေ ရှိတယ်ဆိုရင် ဖြစ်ရာဘ၀မှာ ကျွန်တော်အမေ့သားပဲ အမြဲဖြစ်ချင်မိပါတယ်။

လွမ်းလိုက်တာ... အမေရယ်။

Writer:
ဘစံကောက်

============

Eleven Media Group


Powered by Blogger.