အင်းဝတွင် ပိတ်ဖြူ ရှားသလော


အေဒီ ၁၃၇၁ တွင် အင်းဝမင်းကြီးစွာစော်ကဲ သည် မြေဒူးမြို့ကို ထိပါးလာသော ရှမ်းတို့ကို တိုက်ရန် စစ်ချီခဲ့ရင်းမှ ကန်စွန်းနိမ့်ရွာတွင် မိဘေဇာဟူသော မိန်းမချောလေးနှင့်တွေ့လေသည်။

မြင်မြင်ချင်းပင် မေတ္တာသက်ဝင်သွားသော မင်းကြီးသည် မိဘေဇာကို နေပြည်တော်သို့ ခေါ်ဆောင်လာခဲ့သည်။ ( မိဘေဇာနှင့် သားသမီး သုံးယောက် ရရှိသည်။ မင်းဆွေ၊ ရှင်သိဒ္ဓတ် နှင့် ညီမငယ် ရှင်မြတ်လှ တို့ ဖြစ်သည်။ )

မင်းကြီးစွာစော်ကဲသည် မင်းဆွေနှင့် ရှင်သိဒ္ဓတ် တို့ကို မျက်နှာသာမပေးခဲ့ချေ။ အကြောင်းမှာ သူ့ထံတွင် ထီးမွေဆက်ခံရန် သားတော်ကြီး တရဖျား ရှိပြီးသောကြောင့် ဖြစ်သည်။

ထို့ကြောင့် တောအရပ်မှာ ဖြစ်သလိုနေစေရန် ( သေချင်လည်းသေ ဂရုမစိုက် ) ဟူသောသဘောဖြင့် ငခင်ညို ၊ ငခင်ဘ ဟူသော အထိန်းတော် နှစ်ဦး နှင့်အတူ ထိုမင်းညီနောင်ကို အဝေးပို့ထားခဲ့သည်။

ကလေးသူငယ် အရွယ်မျှသာ ဖြစ်သော မင်းဆွေ နှင့် ရှင်သိဒ္ဓတ် တို့မှာ ဆင်းရဲပင်ပန်းစွာ အသက်ဆက်ခဲ့ရရှာသည်။ ငခင်ညိုနှင့် ငခင်ဘ တို့သည် နတ်ပွဲများတွင် ကူညီတီးမှုတ်ပေးရင်း ရရှိသည့် ငွေစကလေးများနှင့် မင်းသားနှစ်ပါးကို လူလားမြောက်အောင် ကျွေးမွေးခဲ့ရသည်။

ထိုမင်းညီနောင်သည် ဆင်းရဲစွာနေရသော်လည်း အသက်မသေခဲ့ချေ။ အရွယ်ရောက်သည့်အခါ မင်းကြီးစွာစော်ကဲက မင်းဆွေကို ပြင်စည်မြို့စား အဖြစ်လည်းကောင်း၊ ရှင်သိဒ္ဓတ်ကို စစ်ကိုင်း မြို့စား အဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။ ( သားတော်ကြီး တရဖျားကို Official ဥပရာဇာအဖြစ် ခန့်အပ်ပြီးသောကြောင့် ဖြစ်သည်။ )

မင်းကြီးစွာ နတ်ရွာစံပြီးနောက် တရဖျား နန်းတက်သည်။ တရဖျားသည် ငါးလမျှသာ နန်းစံလိုက်ရပြီး သူ၏ အထိန်းတော် ငနောင်စံ၏ ရက်စက်စွာ လုပ်ကြံခြင်းကို ခံခဲ့ရသည်။

ငနောင်စံလည်း ကြာကြာမခံလိုက်ပေ။ အင်းဝသားများက စုပေါင်းနှိမ်နင်းခြင်းကို ခံလိုက်ရပြီး ဇာတ်သိမ်းမလှခဲ့ပေ။

လစ်လပ်သွားသော အင်းဝထီးနန်းကို မှုးမတ်များက ပြင်စည်စား မင်းဆွေကို ပေးအပ်သည်။ ( မင်းကြီးစွာ ၏ သွေးသားအရင်း ဖြစ်သော ကြောင့် ဖြစ်သည်။)

မင်းဆွေသည် ဆင်းရဲစွာ နေခဲ့ရသောဘ၀ မှ လာသူဖြစ်၍ သိမ်ငယ်စိတ်များ ၀င်နေဟန်တူသည်။ ထီးနန်းကို ငြင်းပယ်လိုက်ပြီး မိမိထက် ဆင်ကောင်ရေ ပိုရှိသော ရမည်းသင်းစား ဦးရီးတော် မဟာပြောက်ကို နန်းတင်ရန်ပြောဆိုခဲ့သည်။ ( မှုးမတ်များလည်း မဟာပြောက်ကို သွားရောက်ချီပင့်ရန် ထွက်သွားကြတော့သည်။ )

ထိုသတင်းကို ရှင်သိဒ္ဓတ် သိလျှင် ပြင်းစွာ အမျက်ထွက်ကာ-

" စားမည့်ထမင်းပွဲကို သူများကို ပေးလျှင်တော်သေးသည်။ ထီးနန်းကို ပေးမည်ဆိုသည်ကား မဖြစ်သင့်။ နောင်တော်က ပြောပြီးသားစကားကို မရုပ်သိမ်းပါလင့်။ ညီတော့် တာဝန်ထားပါ" ဟုဆိုကာ ပင်းယမြို့တောင်ဘက် ရန်အောင်မြင် ဘုရားအနီးသို့ စစ်တပ် ပြင်ကာ ထွက်ခွာသည်။

မဟာပြောက်လည်း ထီးနန်းရတော့မည်ဟူသော အတွေးဖြင့် မြောက်ကြွမြောက်ကြွဖြစ်ကာ အင်းဝသို့ ပီတိများဖြာလျက် ကြွလာသည်။ သို့သော် ထိုပီတိများသည် ကြာကြာမခံလိုက်ရှာပေ။ အကြောင်းမှာ ရှင်သိဒ္ဓတ်က ရန်အောင်မြင် ဘုရားအနီးတွင် အလစ်ဝင်တိုက်ကာ တပ်လုံးပြုတ်အောင် လုပ်ကြံလိုက်သောကြောင့်ဖြစ်သည်။

ထိုအခါမှသာ မင်းဆွေသည် ဘုရင်မင်းခေါင် ဟူသောအမည်ဖြင့် အင်းဝထီးနန်းကို သိမ်းပိုက်ခဲ့သည်။

ဘုရင်မင်းခေါင်သည် ဥပရာဇာ ခန့်အပ်သည့်အခါတွင်မူ ညီတော် ရှင်သိဒ္ဓတ် ကို မပေးဘဲ သားတော်ကြီး မင်းရဲကျော်စွာ ကိုသာပေးအပ်ခဲ့သည်။ ထီးနန်းကို ရယူပေးသော ညီတော်ကို ကျော်၍ ပေးအပ်ခြင်း ဖြစ်ရာ မှုးမတ်များပင် အံ့သြရသည်။

ထိုအခါ ရှင်သိဒ္ဓတ်က " ငဆွေကို ငါသူကောင်းပြုသည် " ဟု ကြိမ်းဝါးကာ ဘုရင်မင်းခေါင်ကို ပုန်ကန်သည်။ ဘုရင်မင်းခေါင်သည် ညီတော်ကို ကိုယ်တိုင် စီးချင်းထိုးကာ အနိုင်ယူခဲ့သည်။ ( အမှန်မှာ ဘုရင်မင်းခေါင် တော်လွန်း၍ မဟုတ်ဘဲ ရှင်သိဒ္ဓတ်စီးသောဆင်က ဘုရင်မင်းခေါင်၏ ဆင်ကို မယှဉ်နိုင်၍သာ ရှင်သိဒ္ဓတ် ရှုံးရခြင်းဖြစ်သည်။ )

ဘုရင်မင်းခေါင်သည် ညီငယ် ကို မသတ်ဘဲ အကျဉ်းချထားခဲ့သည်။ ၀န်ဇင်းမင်းရာဇာက ရှင်သိဒ္ဓတ်ကြောင့် ထီးနန်းရခဲ့သည့် ကျေးဇူးကို ထောက်၍ လွှတ်ပေးရန် တောင်းဆိုသည့်အခါ ချက်ခြင်းလွှတ်ပေးခဲ့သည်။

ရှင်သိဒ္ဓတ်သည် အကျဉ်းမှ လွတ်သည့်အခါ ဟံသာဝတီသို့ ထွက်ပြေးကာ ရာဇာဓိရာဇ်ထံ ခိုလှုံခဲ့သည်။ ( ရာဇာဓိရာဇ်ကလည်း အဆောင်အယောင်ပေးကာ ကောင်းမွန်စွာ ထားသည်ဆို၏။ )

ထိုအချိန်က အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ဖြစ်နေချိန်ဖြစ်ရာ ဘုရင်မင်းခေါင်နှင့် ရာဇာဓိရာဇ်တို့ ဘုန်းတန်ခိုးချင်း အားပြိုင်နေချိန်လည်းဖြစ်သည်။

ဤသို့ဖြင့် တစ်နေ့တွင် ရာဇာဓိရာဇ်က သူရဲကောင်းလကွန်းအိမ်ကို ဘုရင်မင်းခေါင် ကင်းတပ်များကို စစ်ဆေးသည့်အချိန်တွင် လုပ်ကြံခိုင်းသည်။

လကွန်းအိမ်က လုပ်ကြံပေးမည်ဟု အာမခံသည့်အခါ "ဗကမတ်"ဟူသော အစွမ်းထက်သည့်ဆင်ကို ပေးသည်။ "မဟာစောလကွန်းအိမ်"ဟူသော ဘွဲ့ကိုလည်း ရာဇာဓိရာဇ်ကိုယ်တိုင် နဖူးပေါ်တွင် လက်ဖြင့်ရေးပေးသည်။ ထို့ပြင် ရှေးဟောင်း ၀က်စွယ် အဆောင်တစ်ခုကိုလည်း ပေးသေးသည်။ ( ရခိုင်ငှက်ပျောသီး အရွယ်ခန့်ရှိသည် ဆို၏။ )

ထို့နောက် လကွန်းအိမ်က ဘုရင်မင်းခေါင်ကို မမှတ်မိသဖြင့် ၄င်းကို သိသောသူတစ်ယောက်ယောက်ကို ဆင်ပေါ်တွင် ကုန်းလယ်စီး အဖြစ် ထည့်ပေးရန် တောင်းဆိုသည်။

ထိုအခါ ရာဇာဓိရာဇ်က ရှင်သိဒ္ဓတ်ကို ခေါ်ကာ အကြောင်းစုံရှင်းပြပြီး ဘုရင်မင်းခေါင်ကို ရပြီးလျှင် အင်းဝထီးနန်းသည် ရှင်သိဒ္ဓတ် အတွက်သာဟု ကတိပေးသည်။

ရှင်သိဒ္ဓတ်သည် ရုတ်တရက် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားဟန်တူသည်။ ဆင်ပေါ်သို့ ကြုံးဝါး၍တက်သည်ဟု မှတ်တမ်းများကဆိုသည်။

ဤသို့ဖြင့် လကွန်းအိမ်သည် တပ်အနည်းငယ်နှင့်အတူ ဘုရင်မင်းခေါင် ကင်းစစ်မည့် လမ်းကျဉ်းကလေးတစ်ခုတွင် ချုံခိုကာ အသင့်စောင့်နေခဲ့သည်။

ဘုရင်မင်းခေါင် လာသည်နှင့် လကွန်းအိမ်သည် စည်မောင်းတီးကာ ရုတ်တရက် ထွက်တိုက်လေသည်။ ဘုရင်မင်းခေါင်လည်း ချက်ချင်းပင် ပြန်လည် တုံ့ပြန်တိုက်ခိုက်ရတော့သည်။ ထိုသို့တိုက်ခိုက်နေစဉ် လကွန်းအိမ်၏ဆင်ထက်မှ ရှင်သိဒ္ဓတ်က " မင်းဧကရာဇ်ဖြစ်လျက် အမှုးအမတ် နှင့် ဆင်စီးချင်းထိုးရသလော၊ နောက်တွင် တပ်ကူလည်းများသေးသည်။ ခွာလှည့်တော့ " ဟု ဗမာစကားဖြင့် ကျယ်လောင်စွာ အော်လေ၏။

ချုံခိုတိုက်ခံရ၍ လန့်နေသော ဘုရင်မင်းခေါင်သည် ချက်ချင်းပင် ဆင်ကို ချွန်းအုပ်ကာ နောက်ပြန်ဆုတ်သည်။ အရံဆင်များကိုလည်း လကွန်းအိမ်က တရစပ် ထိုး၍ နေသည်။

ဘုရင်မင်းခေါင် ထွက်ပြေးသည်ကို မြင်လျှင် လကွန်းအိမ်သည် တစိုက်မတ်မတ် လိုက်လံ တိုက်ခိုက်လေ၏။ ဘုရင်မင်းခေါင်၏ ဆင်မှ ထီးဖြူတော်ကို အမှတ်အသားပြု၍ လိုက်နေခြင်း ဖြစ်ကြောင်း ရှင်သိဒ္ဓတ် သိလျှင်

- " နောင်တော်....အင်းဝမှာ ပိတ်ဖြူရှားသလော " ဟု အော်ဟစ်ခဲ့သည်။

ထိုအခါမှ ဘုရင်မင်းခေါင်သည် ထီးဖြူကို ခုတ်ချကာ အရံဆင်များနှင့် ၀င်ရောပြီး ထွက်ပြေးလွတ်မြောက်သွားသည်။ လကွန်းအိမ်လည်း စစ်ကျွံမည်စိုး၍ ပြန်ဆုတ်ခဲ့တော့သည်။

ဟံသာဝတီနန်းတော်သို့ရောက်သည့်အခါ အရေးမလှခဲ့ကြောင်း သိလျှင် ရာဇာဓိရာဇ်သည် ဒေါသပြင်းစွာထွက်သည်။ လကွန်းအိမ်က ရှင်သိဒ္ဓတ် အော်ပြောသည်များကို တင်လျှောက်လျှင် ပို၍ စိတ်ဆိုးတော့သည်။

ရှင်သိဒ္ဓတ်က " ညီရင်း အစ်ကို ဖြစ်၍ ပျက်စီးမည်စိုးသဖြင့် သတိပေးမိသည်။ နောင်ရာဇ၀င်အဆက်ဆက်တွင် နောင်တော်ကို သတ်၍ ထီးနန်းစည်းစိမ် ယူသည်ဟု ပြောစမှတ်တွင်မည်ကိုလည်း စိုးရိမ်သဖြင့် အော်ရခြင်းဖြစ်သည်။ " ဟုပြန်လျှောက်သည်။

ထိုအခါ ရာဇာဓိရာဇ်သည် ရှင်သိဒ္ဓတ်ကို အပေါင်အလက်များ ဖြတ်ပစ်ကာ ရက်ရက်စက်စက် ကွပ်မျက်ခဲ့သည်။ ( နောင်တစ်ချိန်တွင် သူ့လူ ကိုယ့်ဘက်သား ဖြစ်လာမည်ကိုလည်း စိုးရိမ်သောကြောင့် ဖြစ်နိုင်သည်။ )

ရှင်သိဒ္ဓတ် သည် မည်မျှပင် မိမိနောင်တော်ကို စိတ်နာနေသည်ဆိုသော်ငြား အမှန်တကယ်သူတစ်ပါးက လုပ်ကြံတော့မည့်အခါ တွင် သွေးက စကားပြောခဲ့ဟန်တူပါသည်။ ထို့ပြင် တောအရပ်တွင် နှပ်ချေးတွဲလောင်းဘ၀ဖြင့် ညီနောင်နှစ်ပါး ဆင်းဆင်းရဲရဲ နေရစဉ်က မင်းခေါင်က အစ်ကိုကြီးအဖြစ် ကြင်ကြင်နာနာ စောင့်ရှောက်ခဲ့သည် များကိုလည်း မြင်ယောင်ခဲ့ရှာဟန်တူသည်။ ထို့ကြောင့်သာ နောင်တော်ကို သေဘေးမှ လွတ်စေရန် အော်ဟစ်သတိပေးခဲ့ခြင်း ဖြစ်မည်ဟု ယူဆရပါတော့သည်။


ပဉ္စမံကြောင်
Powered by Blogger.