“ အလွမ်းမပြေတဲ့ ကမ်းခြေဇေယျာဦး ”

အလွမ်းတွေမပြေတဲ့ ကမ်းခြေဇေယျာဦးကို တစ်သက်တာ မမေ့နိုင်တော့ပါလေပြီ။   တန်ဆောင်မုန်းလ ရောက်ပြန်ပြီဆိုမှဖြင့် စစ်ကိုင်းတောင်နဲ့ ကမ်းခြေဇေယျာဦး ကို ပိုလို့သတိရ လွမ်းဆွတ်ရပြန်တော့တယ်။

“ကြည်နူးမှုရဲ့ အရိပ်ဝယ်
နှစ်သိမ့်စရာစကားတွေနဲ့ ဖေါင်ဖွဲ့ကာပဲ
ကမ်းခြေဇေယျာဦးဝယ်
အလွမ်းတွေ မပြေပါဘူးကွယ်”

ကမ်းခြေဇေယျာဦးဝယ်
တေးရေး - ကိုလှမိုး

တန်ဆောင်မုန်းလပြည့်နဲ့ စစ်ကိုင်းတောင်ရိုးကို ခွဲထားလို့ မရနိုင်တော့ပါ။ တန်ဆောင်မုန်းလပြည့်နေ့ မတိုင်ခင်ကတည်းက မန္တလေးမြို့သူ ၊ မန္တလေးမြို့သားတွေ စစ်ကိုင်းတောင်ရိုးဖက်ဆီကို တဖွဲဖွဲနဲ့ ရောက်လာကြပြီ။ အထူးသဖြင့် လပြည့်နေ့မတိုင်ခင် အဖိတ်နေ့မှာတော့ တစ်နေ့လုံးပဲ မန္တလေး
စစ်ကိုင်း ကားလမ်းပေါ်မှာ စစ်ကိုင်းဖက်သွားတဲ့ကားတွေက လူအပြည့်နဲ့ ကျပ်ညှပ်နေပါတယ်။

“တောင်ခြေ စိမ့်စမ်း၊ ချောင်တွေ သိန်းသန်း” လို့ ဆရာမြို့မငြိမ်း တင်စားဖွဲ့ဆိုခဲ့သလို ချောင် လို့ခေါ်တဲ့ ကျောင်းတွေ၊ ဘုရားစေတီပုထိုးတွေအပြည့်နဲ့ စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုး နဲ့ မင်းကွန်းအရပ်ဒေသတွေမှာ အေးချမ်းတဲ့ ရတနာသုံးပါးရဲ့အရိပ်ကိုခိုပြီး ကထိန်ခင်းကြ၊ ကောင်းမှုကုသိုလ်အလှူဒါနပြုကြရင်း၊ အပန်းဖြေတဲ့သူလည်းဖြေလို့ အင်မတန်ပျော်ကြတယ်။

အဖိတ်နေ့ ညနေခင်းနဲ့ ညဦးပိုင်းရောက်တော့ မိတ်ဆွေတွေရှိတဲ့ ချောင်တွေကို အပြန်အလှန် လည်ပတ်ကြပြီး အစားအသောက် အကျွေးအမွေးတွေနဲ့ ဧည့်ခံကြတယ်။ တချို့ကလည်း စစ်ကိုင်းတောင်ရိုးတန်းတလျှောက်က ဘုရားတွေကို လည်ဖူးကြတယ်။ စောင်းတန်းရှည်ကြီးတွေနဲ့ အုတ်လှေကား အဆင့်ဆင့်တွေ၊ တောလမ်းကလေးတွေမှာလည်း တက်ချီတစ်ခါ ဆင်းချီတစ်လှည့် ကွေ့ကာ ပတ်ကာ ၀ိုက်ကာ သွားကြရင်း မောပန်းရမှန်းမသိလောက်အောင်ပဲ ပျော်စရာကောင်းလှတယ်။
ညချမ်းအချိန်မှာ ဘုရားစေတီတွေကို ပူဇော်ထားတဲ့မီးရောင်တွေနဲ့ စစ်ကိုင်းတောင်ရိုးတစ်ခုလုံးရဲ့ လှပပုံကို စာပန်းချီမဖွဲ့တတ်နိုင်တော့ပါ။ လေမှုတ်တူရိယာတွေ၊ အကော်ဒီယံ၊ တယော၊ မယ်ဒလင်၊ ဂီတာ၊ ဟာမိုနီကာ အတီးအမှုတ်တွေနဲ့ သီချင်းတကြော်ကြော် ဆိုလာသူတွေကိုလည်း တွေ့နိုင်ပါတယ်။ 

တန်ဆောင်မုန်းလပြည့်နေ့ မနက်ပိုင်းမှာတော့ အရှေ့ဘက် စစ်ကိုင်းတောင်ရိုးလမ်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ သရက်ပင်ဆိပ်ကစပြီး မြောက်ဖက်ထိပ် ၀ါးချက်ရွာ လှေဆိပ်ဆီကို မြစ်ကြောင်းတလျောက် ငှက်သမ္ဗန်စီးရတာကိုက စစ်ကိုင်းတောင်ရိုး ရဲ့ တဆောင်မုန်းလပြည့်နေ့ သရုပ်တစ်ခုပါပဲ။

လှော်တက်နှစ်ချောင်းနဲ့ ခတ်လိုက်လို့ ငှက်သမ္ဗန်မြည်တဲ့အသံကို  ‘အိပွဲ့ အိပွဲ့’ လို့ ဆရာ မြို့မငြိမ်းက ဖွဲ့ဆိုသွားခဲ့ပါတယ်။  ငှက်သမ္ဗန်စီးရင်းလည်း အပါင်းအသင်း မိတ်ဆွေတွေနဲ့ လမ်းမှာတွေ့ကြရင် အော်ကြ ခေါ်ကြ နှုတ်ဆက်ကြ နဲ့ ပျော်ကြရတယ်။

လူငယ် လူရွယ် ယောကျာ်းလေးတွေက မိန်းခလေးချောချောတွေကို လမ်းမှာတွေ့ရင် လက်တွေပြကြ၊ ရွှေမန်းမေလား၊ ဇေယျာမယ်လားဗျာ၊ နန်းဆံတဲ့ ရွှေညာသူလို့ ထင်ပါရဲ့၊ လှလိုက်တာနော် လို့ ရိသဲ့သဲ့ ပြောတတ်ကြတယ်။ မိန်းခလေးတွေကလည်း တိတ်တခိုးပြန်ကြည့်ပြီး သူတို့အချင်းချင်း၊ တိုးတိုး ကျိတ်ကျိတ် စကြ နောက်ကြ ပြောင်ကြ ပျော်ကြလို့ပါပဲ။

တန်ဆောင်မုန်းလပြည့်နေ့မှာ နှစ်စဉ်နှစ်တိုင်း သွားနေကျ စစ်ကိုင်းတောင်ရိုးဖက်ဆီကို တစ်နှစ် တလေများ မရောက်လိုက်ရရင်ဖြင့်၊ ဒီတစ်နှစ်တော့ လွဲသွားရလေခြင်းရယ်လို့ မကြာခဏဆိုသလိုပဲ တွေးနေမိတတ်တယ်။ တွေးမိတိုင်းလည်း ကမ်းခြေဇေယျာဦးကို တ၀ဲလည်လည်နဲ့ သတိရနေတော့တာပါပဲ။

“အော်၊ ဒီအချိန်များကို
တွေးတွေးပြီး သတိတွေရလို့
ရက်တွေ တွက်ရေ လက်ရေချိုးရင်
တရေးရေးပဲ မှတ်မိကာလည်း
ဆုံးစ မမြင်တယ်ကွယ်”

တန်ဆောင်မုန်းလပြည့်နေ့ ညနေစောင်းရင်တော့ အချိန်တန် အိမ်ပြန်ကြရပြီ။ နောင်နှစ်ခါလည်း လာဦးမှာပေါ့လေ ဆိုတဲ့ မျှော်လင့်ချက်ကလေးတွေ ကိုယ်စီ ရင်မှာပိုက်လို့၊ နောင်နှစ်ခါလည်း ဆီးလို့ကြိုကွယ်၊ မောင်ကြီးလာပါမယ် ဆိုတဲ့ နှုတ်ဆက် လွမ်းတေးကို တရှိုက်မက်မက် သီဆိုရင်း ပြန်ခဲ့ကြရပြန်ပြီ။ တရွေ့ရွေ့ နဲ့ ဝေးဝေးပြီး ကျန်ရစ်ခဲ့တဲ့ ကမ်းခြေဇေယျာဦး ကတော့ မြူခိုးမှုန်တွေအကြားမှာ မှိုင်းပြာ ရီဝေလို့ပါပဲ။

အခုအချိန်မှာဆိုရင် တန်ဆောင်မုန်းလပြည့်နေ့ရဲ့ ကမ်းခြေဇေယျာဦး ကို မရောက်နိုင်တော့တာ ဆယ်စုနှစ် နှစ်စုများတောင်မှ ကျော်လွန်ခဲ့ပြီကောလေ။

…ဇေယျာကမ်းဝယ်
ပြန်လည်လို့ပဲ တွေ့ဆုံကာ
ပျော်မွေ့ချင်ပါသေးတယ်
တရေးရေး စိတ်ဝယ်
အောက်မေ့လို့ သတိရနေသူမယ်…

ကမ်းခြေဇေယျာဦးဝယ်
တေးရေး - ကိုလှမိုး
တေးဆို - သန်းဖေလေး

ဓါတ်ပုံ - အင်တာနက်မှ မူလတင်သူ

ရန်ကြီးအောင်ဝင်း (တောင်တံခါး) စုဆောင်း မျှဝေသည်

http://vocaroo.com/i/s0ACyj11yG4P

https://my.pcloud.com/publink/show?code=XZKLFzZe9PHieKLEOjoeX2rkivdtYTGbLSy

http://picosong.com/6M9x


Powered by Blogger.