ဦးအောင်ဇေယျ၏ ဟိုင်းကြီးကျွန်း အရေးတော်ပုံ


အေဒီ ၁၇၅၅ ခုနှစ်တွင် အလောင်းမင်းတရားကြီး၏ ကုန်းဘောင်တပ်များက ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများစွာကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။

ထိုအခါ အင်္ဂလိပ်တို့က ၀င်ရောက်ခစားလာကာ မိမိတို့ကို ဟိုင်းကြီးကျွန်းတွင် တရားဝင် အခြေချခွင့်ပြုရန်နှင့် ကူးသန်းရောင်းဝယ်ရေးအခွင့်အရေးများကို တောင်းဆိုခဲ့သည်။

ဦးအောင်ဇေယျသည် ဟိုင်းကြီးကျွန်းတွင် အင်္ဂလိပ်တို့ကို စခန်းချနေထိုင်ခွင့်ပြုကြောင်းကို ရွှေချိန် ငါးကျပ်သားရှိ၍ ပတ္တမြားနှစ်ရစ်စီ ရွှေပေလွှာဖြင့် အင်္ဂလန်ဘုရင် ဒုတိယမြောက်ဂျော့ထံ အကြောင်းကြားခဲ့သည်။ ( မဒရပ်ဘုရင်ခံ၊ အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီနှင့် ဟိုင်းကြီးကျွန်းစခန်းမှုး ဂျွန်ဟိုး ( John Howes ) တို့ထံသို့လည်း ရာဇသံသုံးစောင် ပြန်ကြားခဲ့သည်။ )

သို့သော် အင်္ဂလိပ်တို့သည် ထိုရွှေပေလွှာ၊ ရာဇသံများ နှင့်ပတ်သက်၍ အလောင်းမင်းတရားကြီးထံ ပမာမခန့်ပြုကာ မည်သို့မျှ အကြောင်းမပြန်ခဲ့ပေ။ ( အလောင်းမင်းတရားကြီး၏ စာချုပ်များကို အရှေ့အိန္ဒိယကုမ္ပဏီ စာချုပ်စာရင်းတွင်ပင် ထည့်သွင်းခဲ့ခြင်း မရှိဟု အချို့သုတေသီများကဆိုသည်။ )

အင်္ဂလိပ်တို့သည် လှေနံနှစ်ဖက်နင်းသကဲ့သို့ တစ်ဖက်တွင် ကုန်းဘောင်သြဇာကို စောင့်သိဟန်ပြပြီး အခြားတစ်ဖက်တွင် ပုန်ကန်သူ ဟံသာဝတီသားတို့ကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့သည်။ ( ကိုယ့်သချိုင်း ကိုယ်တူးသကဲ့သို့ ပြုမူခြင်းလည်း ဖြစ်သည်။ )

ွှအင်္ဂလိပ်-ပြင်သစ် ခုနစ်နှစ် စစ်ပွဲအပြီးတွင် အင်္ဂလိပ်တို့က အနိုင်ရခဲ့သည်။ ပြင်သစ်တို့အနေဖြင့် အထုပ်ပိုက်ကာ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ မှခြေကုပ်စခန်းများကို လက်လွှတ်ကာ ပြန်ပြေးရတော့သည်။

အင်္ဂလိပ်တို့သည် မည်သူကိုမျှ ဂရုစိုက်စရာမလိုတော့ဟု သဘောထားကာ ၁၇၅၉ တွင် ဟိုင်းကြီးကျွန်းစခန်းကို ပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ ( ထိုသို့ ပိတ်ပစ်တော့မည်ကိုလည်း အလောင်းမင်းတရားကြီးကို အကြောင်းမကြားခဲ့ပေ။ )

အလောင်းမင်းတရားကြီးသည် လူပါးဝသော အင်္ဂလိပ်တို့ကို အလွတ်မပေးခဲ့ချေ။ ပေါ်တူဂီလူမျိုး အန်တိုနီယို ( မြန်မာအမည်-မင်းရဲကောင်းပုံ ) ကို ကုန်းဘောင်ရဲမက် ၂၀၀၀ ပေးအပ်ကာ ဟိုင်းကြီးကျွန်းနေ ကုလားဖြူတို့ကို တစ်ယောက်မကျန် သုတ်သင်စေလေ၏။

အေဒီ ၁၇၅၉ အောက်တိုဘာ ၅ ရက်နေ့ တွင် မင်းရဲကောင်းပုံသည် ဟိုင်းကြီးကျွန်းနေ မစ္စတာဆော့သဘီ ထံ မင်းကြီး၏ စာချွန်လွှာပါလာကြောင်းပြောကြားကာ ထိုနေ့ညစာကို မစ္စတာဆော့သဘီနှင့်အတူတကွ စားကြလေ၏။

အောက်တိုဘာ ၆ ရက်နေ့ မနက် ကိုးနာရီခန့်တွင် မင်းရဲကောင်းပုံက ပြန်စာကို ယူလိုဟန် ပြုလုပ်၍ မစ္စတာ ဆော့သဘီ အနီးကပ်ကာ အချက်ပြလိုက်လေ၏။ ( ထိုအချိန်မှာ မနက်စာစားရန် ပြင်ဆင်နေကြချိန်ဖြစ်သည် )

မင်းရဲကောင်းပုံ အချက်ပြလိုက်သည် နှင့် မြန်မာရဲမက်များ ရုတ်တရက် ပြေးဝင်လာကြကာ အင်္ဂလိပ်တို့ကို ဓါးဖြင့် ခုတ်သူခုတ်၊ ၀ါးရင်းတုတ်ဖြင့် နှက်သူကနှက်ဖြင့် အုန်းအုန်းကြွက်ကြွက် တိုက်ခိုက်ကြလေ၏။

အင်္ဂလိပ်အကြီးအကဲများဖြစ်ကြသော မစ္စတာဆော့သဘီ၊ မစ္စတာ ရော့ဘာစတန်၊ မစ္စတာ ဟုတ်၊ မစ္စတာ ဘရွတ် တို့ လေးဦးမှာ မျှော်လင့်မထားသဖြင့် ခုခံချိန်မရဘဲ ပွဲချင်းပြီး သေဆုံးကြလေ၏။

အခြားရဲမက်တို့ကလည်း ကျွန်းပေါ်တွေ့သမျှ ကုလားဖြူကုလားမည်းတို့အား ၀ါးရင်းတုတ်များဖြင့် ရိုက်နှက်ကြသည်။ နံရိုးပေါ်တွင် ဓါးဒဏ်ရာကြီးဖြင့် ထွက်ပြေးနေသော သင်္ဘောသား တစ်ဦးက ရှလ်စဘဲရီးသင်္ဘောပေါ်ရှိ အင်္ဂလိပ်များထံသို့ " Burmese are killing us ( မြန်မာတွေက သတ်ပစ်ကုန်ပြီ ) " ဟုအော်ပြောရာ ရှက်စဘဲရီးသင်္ဘောလည်း အင်္ဂလိပ်အလံကို အမြန်ချကာ ဆိပ်ကမ်းမှ ခွာလေ၏။

မြန်မာဝါးရင်းတုတ်သမားတို့သည် သေနတ်ကိုင်အမြောက်ပစ်သမားများကိုပါ ရိုက်နှက်ကာ ၄င်းတို့၏ အမြောက်များဖြင့် သင်္ဘောကို ပစ်ခတ်နေသဖြင့် ရှက်စဘဲရီးသဘောင်္သည် ဒုက္ခရောက်နေသူ အင်္ဂလိပ်များကို စောင့်ချင်သော်လည်း လူအနည်းငယ်မျှနှင့်ပင် ရွက်လွှင့်ရလေ၏။

မစ္စတာရောဘတ်ဆင်နှင့် စစ်သားသုံးယောက်တို့သည် ကုန်လှောင်ခန်းလေးတစ်ခုတွင် ပုန်းနေကြစဉ် တံခါးသော့ခတ်သည့် အပေါက်မှ ချောင်းကြည့်သည့်အခါ ကုန်းဘောင်ရဲမက်များသည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် ၄င်းတို့၏ ခြေထောက်များကို မစ္စတာဆော့သဘီနှင့် မစ္စတာ ဟုတ်တို့၏ အလောင်းများပေါ်တွင် နင်းထားသည်ကို မြင်ကြရလေသည်။

ထိုအချိန်တွင် အပြင်ဘက်တံခါးကို အတင်းဖွင့်နေသံများကို ကြားရပြီး ဖွင့်မရသည့်အခါ " နင်တို့ကိုသတ်ပစ်လိမ့်မယ်၊တံခါးဖွင့်လျှင်မသတ် "ဟု ပြောသံကို မြန်မာစကားအနည်းငယ်တတ်သော စစ်သားတစ်ယောက်က ပြန်ပြောသဖြင့် ဖွင့်ပေးကြရလေ၏။

မြန်မာတို့သည် ထိုသူများအား လက်ပြန်ကြိုးတုပ်လျက် လှံဖြင့်ထိုးကာ အန်တိုနီယိုမင်းရဲကောင်းပုံထံ ခေါ်ဆောင်သွားကြလေ၏။ ဟိုင်းကြီးကျွန်း တစ်ကျွန်းလုံးရှိ အိမ်ရာအဆောက်အဦ ရှိရှိသမျှကို မီးရှို့ပစ်ကြလေသတည်း။

( ဟိုင်းကြီးကျွန်းအရေးအခင်းကို မြန်မာရာဇ၀င်တွေမှာ အကျယ်မပါလို့ Oriental repertory လို့ခေါ်တဲ့ အင်္ဂလိပ်မှတ်တမ်းကနေယူထားတယ်လို့ သတင်းစာဆရာဦးသိမ်းမောင်ရဲ့ မြန်မာသူရဲကောင်း စာအုပ်မှာ ပါပါတယ်။ ကြောင်က အဲ့စာအုပ်ကို မှီငြမ်းထားတာပါခင်ဗျ။ kiki emoticon )

ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


ပဉ္စမံကြောင်
Powered by Blogger.