ဒညင်းသီး ဘယ်ကစ


ကြောင်တို့ မြန်မာလူမျိုးတွေဟာ ဒညင်းသီးကို အတော်ကြိုက်နှစ်သက်ကြသူများပါတယ်။ ဒညင်းသီးပြုတ်၊ဒညင်းသီး ဆားရည်စိမ်၊ ဒညင်းသီး အုန်းနို့ဆမ်း စသဖြင့် အမျိုးမျိုးပြု ပြင်စားသုံးကြပါတယ်။

ဒညင်းသီးဟာ အနံ့မကောင်းတာကလွဲရင် အရသာသိပ်ရှိတဲ့ အသီးပါ။ ဒညင်းသီးအနံ့ဆိုးရတာကလည်း အကြောင်းရှိပါသတဲ့။ဘာလို့လဲဆိုတော့..

ဟိုးရှေးရှေးတုန်းက တိုင်းပြည်ကြီးတစ်ပြည်မှာ အရမ်းချောမောတဲ့ တစ်ပင်တိုင်မြနန်းစံ မင်းသမီးလေးတစ်ပါး ရှိပါတယ်။

မင်းသမီးလေးက သိပ်ချောလွန်းတော့ နေ့စဉ်နှင့်အမျှဆိုသလို ခုနစ်ပြည်ထောင်မင်း တွေက သူ့ထက်ငါဦး အလုအယက် လာရောက်ချစ်ရေးဆိုကြပါသတဲ့။

တစ်ချို့ မင်းညီမင်းသားတွေက ဆင်တပ်မြင်းတပ်တွေနဲ့ ချီလာတဲ့ထိ အခြေအနေဆိုးဝါးလာတော့ မင်းသမီးလေးရဲ့ ခမည်းတော်မင်းကြီးက အစီအမံ တစ်ခုပြုလုပ်ပါသတဲ့။

အစီအမံကတော့ မင်းသမီးလေးကို ရေကန်ကြီးတစ်ကန် အလယ်မှာ ပြသာဒ်ဆောက်လို့ စံစေတော်မူပြီး ကန်ကြီးကို ငါး၊လိပ်၊မကန်း စတဲ့ အသားစားအဏ္ဏ၀ါကောင်တွေနဲ့ ပြည့်စေပါတယ်။

"ရေလယ်ကျွန်းကို လှေမသုံး၊မကူဘဲ လက်ပစ်ကူးကာ သမီးတော်ထံရောက်စေ၊ ရောက်ရှိသူသည်သာ အာဂယောက်ျား လူစွမ်းလူချွန်အဖြစ် သတ်မှတ်ကာ သမီးတော်နှင့် ရွှေလက်မြဲစေမည်။" လို့ကြေညာပါသတဲ့။

ခုနစ်ပြည်ထောင်မင်းအပေါင်းဟာ တွေဝေနေကြပါတယ်။ မင်းသမီးဆီမရောက်ခင်လမ်းခုလတ်က ငါး၊လိပ်၊မကန်းတွေရဲ့ သွားဖွေးဖွေးတွေကလည်း အသည်းယားစရာပေကိုး။

အဲ့မှာ ရုတ်တရက်ဆိုသလို နတ်သားတစ်ပါး ပေါ်လာပြီး မင်းသမီးလေးကို ပွေ့ခေါ်သွားပါသတဲ့။

ဘယ်သူမှ ထင်မထားတဲ့ ကိစ္စမို့ အားလုံး အံ့သြပက်လက် ကျန်ခဲ့ပါသတဲ့။ မင်းကြီးဆိုရင် မူးမေ့လဲကျတဲ့ အထိပါပဲ။

ဒီလိုနဲ့ မင်းသမီးလေးဟာ နတ်ပြည်ကိုရောက်တဲ့အခါ နတ်သားက လိုလေသေးမရှိ စီမံပေးပါသတဲ့။ ဒါပေမယ့် မင်းသမီးလေးဟာ လူ့ပြည်ကိုသာ ပြန်လိုကြောင်း တွင်တွင်တောင်းဆိုပါတယ်။

နတ်သားက တစ်ရက်နှစ်ရက်ရမလားလို့ အချိန်ဆွဲကြည့်ပါတယ်။ မင်းသမီးလေးကတော့ ခါးခါးသီးသီးပါပဲ။

" ငါ၏ မေတ္တာကို လက်မခံလိုသည်မှာ ငါ့၏နှလုံးကို ပြင်းစွာထိခိုက်လှပါ၏။ လူ့ပြည်သို့ ပြန်လိုသည် ဆိုကလည်း ပြန်ပို့ပါတော့မည်။ သို့ရာတွင် ဤတစ်ညဥ့်တော့ စောင့်ပါဦး"လို့ နတ်သားကဆိုပြီး ခေါင်းကိုခါလို့ ထွက်သွားပါသတဲ့။

အဲ့နောက် မင်းသမီးလေးဟာ အခန်းထဲမှာ နတ်သားကတည်ခင်းထားတဲ့ အသီးတွေကို မြည်းစမ်းကြည့်ရာမှာ နတ်သြဇာသဖွယ် စားလို့ကောင်းတဲ့ အသီးလေး ကို စားမိပါသတဲ့။

အရသာ သိပ်ရှိလွန်းတော့ "နောက်ကို ဒါမျိုး စားဖို့ခက်ရချည်ရဲ့။ လူ့ပြည်ကို ယူသွားမှ" လို့တွေးမိပြီး အသီးအချို့ကို ရင်ဝတ်တော်ကြားမှာ ၀ှက်ယူခဲ့ပါတယ်။

မနက်မိုးသောက်တော့ နတ်သားက ကတိအတိုင်း သူမကို လူ့ပြည်ကို ပြန်ပို့ပေးပါတယ်။ ခုနစ်ပြည်ထောင်မင်း အပေါင်းကတော့ ရေကန်နားမှာ စောင့်နေဆဲပါပဲ။

မင်းကြီးလည်း သမီးတော်လေးပြန်ရောက်လာလို့ အားရတော်မူပါတယ်။ အဲ့နောက် မင်းသမီးလေးကို အကြောင်းစုံမေးမြန်းပါသတဲ့။

ခက်တာက နုနုနယ်နယ် မင်းသမီးလေးဟာ လူ့ပြည်-နတ်ပြည် အစုန်အဆန်ကြီး မြန်မြန်သွားလိုက်ရတော့ နှလုံးကြေကွဲပြီး ခမည်းတော်ရှေ့မှာတင် ကွယ်လွန်သွားပါသတဲ့။

မင်းကြီးလည်း ယူကျုံးမရတွေဖြစ်ပြီး ခုနက ရေကန်အနားမှာပဲ သမီးတော်လေး ကိုဂူသွင်းသဂြိုလ်ပါတယ်။

မကြာခင်မှာပဲ အဲ့အုတ်ဂူနားမှာ အပင်တစ်ပင်ပေါက်လာပါသတဲ့။ အသီးဟာ အရသာ အလွန်ကောင်းပေမယ့် အနံ့က သိပ်ဆိုးရွားလွန်းပါတယ်တဲ့။

ဟုတ်ပါတယ်။ ဒညင်းသီးပါ။မင်းသမီးလေး နတ်ပြည်ကသယ်လာတဲ့အသီးတွေပါ။ တကယ်တမ်း နတ်သြဇာလို ချိုမွှေးသော်ငြား နတ်ပြည်ကနေ သူတစ်ပါးမသိအောင် ခိုးဝှက်ယူလာခြင်း ( အဒိန္နဒါန ကံ) ကြောင့် အနံ့ဟာ သိပ်ဆိုးရွားနေခြင်းပါတဲ့။

မည်သို့ပင်ဖြစ်စေ ခုနစ်ပြည်ထောင်မင်း အပေါင်းကတော့ မင်းသမီးလေး အလွမ်းပြေ အနေနဲ့ အသီးတွေကို မက်မက်မောမော ရယူကာ သူတို့ တိုင်းပြည်တွေမှာ စိုက်ပျိုးဖို့ယူသွားကြပါသတဲ့။

အဲ့ကစလို့ ဒညင်းသီးဟာ လူတွေကြားမှာ စတင်ပျံ့နှံ့စားသုံးခဲ့ကြပါတယ်တဲ့။

(မိတ်ဆွေတော့ ဒညင်းသီး ကြိုက်မကြိုက် ကြောင်မသိပါ။ ကြောင်ကတော့ အဲ့အသီးစားရင် ကျောက်ကပ်ထိတယ်ဆိုလို့ လုံးဝမစားပါကြောင်း။ခိခိ..~_^)

(ပုံကို http://www.newshopper.sulekha.com/ ကယူပြီး စာစီသူမှာ ကြောင်ကိုယ်တိုင်သာဖြစ်ပါကြောင်း ~_^)

ပဉ္စမံကြောင်
Powered by Blogger.