တရားအားထုတ်တယ် ဆိုတာ

တရားအားထုတ်တယ် ဆိုတာ . .
လေးလံတဲ့တံတိုင်းကြီးထမ်းသလို၊ လွှတိုက်သလို သဲသဲမဲမဲ ပင်ပင်ပန်းပန်း 
လုပ်ရလိမ့်မယ်မယ်လို့ အချို့က ထင်နေကြတယ်။ 

ဘုရားက ဒီလိုမဟောပါဘူး။

ဥပမာ - မြင်တယ်ဆိုပါတော့။
မြင်တာကို မမြင်အောင် အားထုတ်ရတာ မဟုတ်ပါဘူး။
'မြင်တယ် မြင်တယ်' လို့ သိဖို့ပဲ၊
သတိက မမေ့ဖို့ဘဲ။

ကြားတာကို ကြားတဲ့သူက 'ကြားတယ် ကြားတယ်' လို့ သိဖို့ပဲ။
မကြားကြားအောင် အားထုတ်ရတာမျိုး မဟုတ်ပါဘူး။
ကြားတာကို သိအောင်သတိပြုတာကို အားထုတ်တယ်လို့ ခေါ်တယ်။
ချွေးထွက်သံယို သိပ်ပြီး လုပ်ရတာ မဟုတ်ပါဘူး။
ကြားတာကို ကြားတယ်လို့ သိရင် . . ဝိဇ္ဇာဖြစ် တာပဲ။
ကြားတာကို ကြားတယ်လို့ အသိမပါရင် . . အဝိဇ္ဇာပဲ။
အဝိဇ္ဇာမဖြစ်ဘဲ ဝိဇ္ဇာဖြစ်ဖို့ အင်မတန်အရေးကြီးတယ်။

နံတာ၊ စားတာ၊ ထိတာ၊ သွားတာ၊ ရပ်တာ၊ ထိုင်တာ စသည်တွေမှာလည်း
ဒီနည်းအတိုင်းပဲ။
နံရင် နံမယ်၊ စားရင် စားတယ်၊ ထိရင် ထိတယ်၊
သွားရင် သွားတယ်၊ ရပ်ရင် ရပ်တယ်၊ ထိုင်ရင် ထိုင်တယ် သိဖို့ပဲ။

နံတာကို နံတယ်လို့သိရင် တရားဖြစ်တယ်လို့ မထင်ကြဘူး။
ဘုရားကတော့ တရားဖြစ်တယ်လို့ ဟောတယ်။

သတိဆိုတာ . .
တစ်အာရုံနဲ့ တစ်အာရုံ အကူးအပြောင်းအဆက်အစပ်မှာ
မေ့တတ်တာကို မမေ့အောင်၊ ထင်ရှားအောင်၊ ပေါ်လွင်အောင် လုပ်ပေးတဲ့
သဘောတရား ဖြစ်တယ်။

( တောင်ပုလုကမ္ဘာအေးဆရာတော်ဘုရားကြီး )
Powered by Blogger.