ရန်ကုန်မြို့ မှ မြို့နယ်များ၏ နာမည်ရင်းမြစ်များ



ရန်ကုန်မြို့ကို လက်မွန်မဆွ တည်ထောင်ခဲ့ကြသူများမှာ မွန်လူမျိုးများဖြစ်ကြပြီး ဒဂုံဟု သမုတ်ခဲ့ကြသော်လည်း ၁၇၅၅ ခုနှစ်တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက ဤအရပ်ကို အခြေပြု၍ ရန်သူ အားလုံးကို အကုန်အစင် တိုက်တော့မည် ဟူသောရည်ရွယ်ချက်ဖြင့် ရန်ကုန်ဟု အမည်တွင်စေခဲ့သည်။ ( အချို့ကလည်း ရန်အပေါင်းကုန်စင်သော အထိမ်းအမှတ် " End of Strife" အဖြစ် မှည့်သည်ဆို၏။)

မည်သို့ပင်ဆိုစေ ရန်ကုန်မြို့သည် ရှေးကျသောခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ရသည်ကိုမူ ၄င်း၏ မြို့နယ် အမည်များကို ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။

(၁) မင်္ဂလာဒုံ

ဥက္ကလာပမင်းကြီး အုပ်စိုးစဉ်က သမင်ခေါင်းနှင့် လူကိုယ်ရှိသော သတ္တ၀ါဆန်း "မောင်မင်္ဂလာ" ကို အစွဲပြု၍ ခေါ်သောနာမည် ဖြစ်သည်။

(၂) ကမာရွတ်

မွန်အမည် ကမာ နှင့် ရွတ် ကို ပေါင်းထားသော နာမည်ဖြစ်သည်။ ကမာ ဆိုသည်မှာ ရေကန် ဖြစ်ပြီး ရွတ် ဆိုသည်မှာ ရတနာ ဖြစ်ကာ အင်းလျားကန်ကြီးကို အစွဲပြု၍ ခေါ်သောနာမည်ဖြစ်သည်။

(၃) ကြည့်မြင်တိုင်

မွန်လူစွမ်းကောင်း မောင်ကံ ရွှေတိဂုံဘုရား ဆံတော်ကို ခိုးယူရန်လာစဉ် ရွှေတိဂုံစေတီကို ကြည့်လျှင် မြင်နိုင်သော နေရာကိုရောက်ပြီဟူသည်ကို အစွဲပြု၍ ခေါ်သောနာမည်ဖြစ်သည်။ ( မောင်ကံ အကြောင်း သိလိုလျှင် https://web.facebook.com/kittygonnakillcha/photos/a.1461105137448334.1073741828.1460824287476419/1578512662374247/?type=1 ဤလင့်ခ် ကို နှိပ်ပါ )

(၄) ဗိုလ်တစ်ထောင်

တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦး မြတ်ဗုဒ္ဓဆံတော်ကို ပင့်တော်မူလာစဉ် ဥက္ကလာပမင်းကြီးက ဗိုလ်ခြေတစ်ထောင်ဖြင့် ဆီးကြိုခဲ့သည် ကို အစွဲပြု၍ခေါ်သောနာမည်ဖြစ်သည်

(၅) ပုစွန်တောင်

ပုစွန်တောင် နာမည်တွင်မူ မှတ်တမ်းနှစ်ခုကွဲလျက်ရှိသည်။ ရွှေတိဂုံစေတီကို တင်သော ပန်းများ စွန့်ရာ အရပ်ဖြစ်၍ ပန်းစွန့်တောင် ဟု ခေါ်ရာမှ ပုစွန်တောင်ဖြစ်လာသည် ဆိုသည်နှင့် ပုစွန် လက်မသဏ္ဏာန် တောင်ကုန်းရှိသောကြောင့် ခေါ်သည် ဆိုခြင်းတို့ဖြစ်သည်။

(၆) လှည်းတန်း

ရွှေတိဂုံစေတီသို့ လာရောက်ဖူးမြော်သော ဘုရားဖူးပြည်သူတို့ ၏ လှည်းများ စတည်းချရာ အရပ်ဖြစ်ခဲ့သောကြောင့် ခေါ်သောနာမည်ဖြစ်သည်။

(၇) တိုးကြောင်ကလေး

မင်းနန္ဒာ နှင့် ငမိုးရိပ်မိကျောင်းတို့ကို မလက်တိုမိကျောင်းမက အုပ်စုဖွဲ့ အလစ် တိုက်ခိုက်၍ ပြေးမိပြေးရာ ၀င်တိုးမိသော ချောင် ကို အစွဲပြု၍ ခေါ်သော နာမည်ဖြစ်သည်။ ( မင်းနန္ဒာအကြောင်း သိချင်လျှင် ဤလင့်ခ် (အဲအဲ ဆောရီး) မင်းနန္ဒာအကြောင်းတော့ ကြောင် မရေးရသေးဘူး :P)

(၈) ဗဟန်း

အဂ္ဂိရတ် ထိုးရာတွင် အသုံးဝင်သော ဗဟန်းကျောက်များ ပေါများစွာထွက်သည်ကို အစွဲပြု၍ ခေါ်သောနာမည်ဖြစ်သည်။ ( ဗဟန်းကျောက်သည် ပြာနှမ်းနှမ်းအရောင်ရှိပြီး အဂ္ဂိရတ်ဆရာများ တန်ဖိုးထားသောကျောက်ဖြစ်သည်)

(၉) သင်္ဃန်းကျွန်း

သင်္ဃန်းပင်များ ထူထပ်စွာပေါက်ရောက်သော ငမိုးရိပ်ချောင်းကမ်းပါးမှ မြို့နယ်တစ်ခုဖြစ်သည်။

(၁၀) ဆူးလေ

ဆူးလေချုံများ ထူထပ်စွာပေါက်ရောက်သောအရပ်ဖြစ်၍ ခေါ်သောနာမည်ဖြစ်သည်။

တာမွေ၊ ကံဘဲ့၊ စမ်းချောင်း၊ရွှေဂုံတိုင်၊မှော်ဘီ စတာတွေကတော့ မောင်ကံနဲ့ပတ်သက်နေတာတွေမို့ရေးပြီးသား အကြောင်းအရာများ ဖြစ်နေပါသဖြင့် ထပ်မံမရေးသားတော့ပါ။ အချို့မြို့နယ်များ ( ဥပမာ- လသာ၊ ပန်းဘဲတန်း ) မှာမူ ကြောင်လဲ သေချာမသိ၍ မရေးလိုပါ။ ( ရမ်းလဲ မတုပ်လိုပါ။) ကြောင့် ပို့စ်တွင် မပါဘဲ မိတ်ဆွေသိသော မြို့နယ်အမည် သမိုင်းကို ပြောပြပါကလည်း ၀မ်းမြောက်ဝမ်းသာ လက်ခံမည် ဖြစ်ပါကြောင်း)

(ပုံကို http://www.burmatravel.com/ မှယူပြီး စာစီသူမှာ ကြောင်ကိုယ်တိုင်သာဖြစ်ပါကြောင်း) =(^_^)=
ပဉ္စမံကြောင်
Powered by Blogger.