မြန်မာနှင့် ကွမ်းစားခြင်းအလေ့


ကွမ်းရွက်ကို ထုံး၊ဆေးရွက်ကြီးတို့ထည့်သွင်းကာ ၀ါးသော အလေ့သည် စင်စစ်အားဖြင့် မြန်မာတို့၏ ကိုယ်ပိုင်အလေ့အထမဟုတ်ပေ။ အိန္ဒိယဘက်မှ စတင်ကူးစက်လာခြင်းဖြစ်ပြီး မြန်မာတို့က လက်ခံကျင့်သုံးရာမှ ရိုးရာသဖွယ် အမြစ်တွယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာတို့သည် ကွမ်းစားခြင်းကို ပျူခေတ်ကပင် စတင်ခဲ့ကြဟန်တူသည်။ အကြောင်းမှာ သရေခေတ္တရာပြည့်ရှင် ဒွတ္တဘောင်မင်းကြီးသည် ပင်လယ်ပြင်သို့ ဖောင်တော်ဖြင့်ခရီးသွားတိုင်း ပင်လယ်တွင်းသို့ ကွမ်းသွေးထွေးချရာ နဂါးတို့၏ မျက်စိများ နီရဲကျိန်းစပ်ကြသဖြင့် နဂါးမင်းက ဒွတ္တဘောင်မင်းကြီးကို ရွှေထွေးခံ လာရောက်ဆက်သခဲ့ကြောင်း ရာဇ၀င်များတွင် ပါရှိသောကြောင့်ဖြစ်သည်။

ပုဂံခေတ်တွင်လည်း ကွမ်းယာစားသုံးခဲ့ခြင်း ကိုလေ့လာလျှင် အနော်ရထာမင်းကြီး၏ ခမည်းတော် ကြောင်ဖြူ မင်းသည် ဘုရင်မဖြစ်မီက နန်းတော်သို့ ကွမ်းရွက်ဆက်ရန် ရွာများကို လိုက်လံဆော်သြ ရသော ကွမ်းဆော် လုလင်ဖြစ်ခဲ့ကြောင်း သိရသည်။

ပုဂံခေတ်က ကွမ်းယာကို ထုံး၊ဆေးရွက်များအပြင် လက်ဖက်အသားကိုပါထည့်သွင်း၍ ယာကြောင်းလည်း သိရသည်။ ထိုကွမ်းကို "ကွမ်းခေါင်းတုံး" ဟုခေါ်ပြီး ပုဂံသားများသာမက ပုဂံသူများပါ နှစ်ခြိုက်စွာ စားသုံးခဲ့ကြသည်။ လူပျိုက အပျိုကို ကွမ်းခေါင်းတုံး မပေးကောင်း ဟုအယူရှိကြပြီး ပေးမိလျှင် "ရဲစား"(ရည်းစား) ဖြစ်တတ်သည်ဟုဆိုသည်။

တောင်ငူခေတ်တွင်မူ ကွမ်းယာကိုသာမက ကွမ်းနှင့် ဆက်စပ်ပစ္စည်းများထည့်ရာ ကွမ်းအစ်၊ ကွမ်းလောင်းတော်များကို အနုစိတ် ခြယ်သလာကြသည်။ တပင်ရွှေထီးမင်းသည် စစ်အောင်ပြီး ပြန်လာသော မှူးမတ်များကို ရဲဆုအဖြစ် ပတ္တမြားနှစ်ရစ်စီ၊ ငါးရစ်စီ ကွမ်းခွက်များ ချီးမြင့်ခဲ့ကြောင်း သိရသည်။ ၁၅၆၉ ခုနှစ်တွင် ဘုရင့်နောင်မင်းကြီး အယုဒ္ဓယကို ဒုတိယအကြိမ် အောင်မြင်ရာ စစ်ရှုံးသူ ယိုးဒယားမင်း ဗြမဟင်ကို ကိုယ်တော်တိုင် ကွမ်းယာပေးကာ ၀ါးစေသည်ကို ယိုးဒယားမှတ်တမ်းများတွင်တွေ့ရသည်။

ကုန်းဘောင်ခေတ်တွင်မူ မင်းညီ မင်းသားများသည် နှလုံးရည် ကောင်းမွန်စေရန် ရွှေဆိုင်းပြားများကို ကွမ်းယာထဲတွင် ထည့်သွင်းကာ ၀ါးခဲ့ကြသည်။ ဥရောပတိုက်သားများ ခြေရှုပ်လာသော ထိုခေတ်တွင် တိုင်းတပါးသားများသည် မြန်မာတို့၏ ကွမ်းစားခြင်း အလေ့ကို အထူးအဆန်းမှတ်တမ်းတင်ခဲ့သည်

ဘကြီးတော်မင်းလက်ထက်တွင် အင်းဝနန်းတော်သို့ ရောက်ရှိခဲ့သူ အင်္ဂလိပ်လူမျိုး မိုက်ကယ်ဆိုင်း၏ မှတ်တမ်းတစ်ခုတွင်-

" ယနေ့တွင် ကျွန်ုပ်သည် မိဖုရားခေါင်ကြီး(နန်းမတော်မယ်နု) နှင့်တွေ့ခွင့်ရသည်။ မိဖုရားကြီးသည် ကျွန်ုပ်နှင့် စကားပြောနေရင်း အနားရှိ အပျိုတော်တစ်ဦးကို ၀ါးလက်စ ကွမ်းဖတ်ကို ထွေးပေးရာ အပျိုတော်က ရိုရိုသေသေလက်ခံကာ ဆက်လက်ဝါးသည်ကို တွေ့ရသည်။ ( မိဖုရားကြီး၏ ကွမ်းဖတ်ရခြင်းသည် အဖိုးတန်ဆုလာဘ်ဟု သူတို့မှတ်ယူကြဟန်တူသည်။) မိဖုရားကြီးက ကျွန်ုပ်ကိုလည်း ကွမ်းယာတစ်ယာပေးရာ ကျွန်ုပ်မှာ မစားချင်သဖြင့် ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်ရသည်။ အပျိုတော်များက ၀ါးခနဲ ၀ိုင်းရယ်ကြသဖြင့် အနည်းငယ် ရှက်မိသည်။ ကျွန်ုပ်ကို ကွမ်းဖတ်မပေးဘဲ ကွမ်းယာပေးသည်မှာ တော်ပါသေးသည်။ ထို့ထက်ဆိုးသော ကွမ်းသွေးအရည် ပေးနည်းလည်း ရှိသေးသည်။ စာဖတ်သူများ အော်ဂလီဆန်မည် စိုး၍ အကျယ်မရေးလိုတော့ပါ။"

ရာဇ၀င်ထဲတွင် အကျီလက်ကို ကွမ်းသွေးဖြင့် ထွေးသော မင်းသားသီဟသူ ကို အညှိုးထားကာ ထိုမင်းသားကို ထီးနန်းမပေးဘဲ ညီတော်မင်းခွေးချေး ကို နန်းတင်သော ရာဇသင်္ကြန် အမတ်ကြီးသည်လည်းကောင်း၊ တရားရင်ဆိုင်ကြသူများ အချင်းချင်း ကွမ်းဝါးစေကာ ကျေအေးစေခြင်းသည်လည်းကောင်း မြန်မာ့ ကွမ်းသည်မည်မျှ နေရာယူထားကြောင်း သိနိုင်သည်။

ဧည့်သည်ကို ကွမ်း၊ဆေး၊လက်ဖက်ဖြင့် တည်ခင်းသည်များ၊ နန်းတက်ပွဲတွင် ကွမ်းလောင်းတော်၊ ကွမ်းခွက်တော်များကို ခင်းကျင်းစေသည်များကို မူအကျယ်မရေးလိုတော့ပေ။ ( လိုအပ်သည်များကိုလည်း Comment Box တွင် ဝေဖန်အကြုံပြုရေးသားစေလိုပါသည်)

ကြောင့် အနေဖြင့်မူ ကွမ်းစားခြင်းအပေါ် အောက်ဆီဂျင်ကဲ့သို့ရပ်တည်ပါသည်။ အောက်ဆီဂျင်သည် ကိုယ်တိုင် မီးမလောင်၊ မီးလောင်ခြင်းကိုမူ အားပေးသည်။ ထို့အတူ ကြောင်သည်လည်း ကိုယ်တိုင် ကွမ်းမစား၊ ကွမ်းစားခြင်းကိုမူ လွန်စွာ အားပေးပါကြောင်း။ =(^_^)=

(ပုံကို http://www.myanmartodaynews.com/ မှယူပြီး စာစီသူမှာ ကြောင်ကိုယ်တိုင်သာ ဖြစ်ပါကြောင်း)

ပဉ္စမံကြောင်
Powered by Blogger.