သမ္မတဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တင်္နသာရီတိုင်းသို့ သွားရောက်

သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပါဝင်သောအဖွဲ့ သည်
အောက်တိုဘာ ၃၁ ရက်တွင် မနက် ၈နာရီတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ထားဝယ်လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ထားဝယ်လေဆိပ်မှတဆင့် ထားဝယ်မြို့ ရွှေတောင်စားစေတီနှင့် လောကမာရ်ဇိန်ဘုရားတို့ အားသွားရောက်ဖူးမျှော်ခဲ့ပြီး ခေတ္တရပ်နားကာ ဘုရားဂေါပကအဖွဲ့ ဝင်များနှင့်အစိုးရအဖွဲ့ဝင်များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့ နောက် သမ္မတနှင့်အဖွဲ့ သည် ယာဉ်တန်းများဖြင့် ထားဝယ်မြို့ အတွင်းသို့ လှည့်လည်ခဲ့ပြီး ကမြောကင်းတံတားအနီးရှိ DDPC ရှော့ပင်းစင်တာကို ကားပေါ်မှ ကြည့်ရှုခဲ့ပြီး နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ထားဝယ်လေဆိပ်သို့ ပြန်လည် ထွက်ခွာခဲ့ပြီး လေဆိပ်မှတဆင့် ကော့သောင်းမြို့ သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်မတိုင်မီ ၎င်းတို့အား ကြိုဆိုရန် အတွက် ဌာနဆိုင်ရာများအား အကြောင်းကြားခဲ့ကြောင်းခဲ့ပြီး သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့  မြို့ တွင်းသို့ ဖြတ်သန်းစဉ် လမ်းဘေးဝဲယာ၌ နိုင်ငံတော် အလံများနှင့်သမ္မတ၏ပုံပါ ပြည်ခိုင်ဖြိုးပါတီ ပြက္ခဒိန်များဖြင့် ကြိုဆိုသူများ ရှိခဲ့ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် တနသာင်္ရီတိုင်းဒေသကြီး ခရီးစဉ်အဖြစ် အောက်တိုဘာ ၃၁ ရက်နေ့ မနက်မှစတင်ကာ ထားဝယ်မြို့ သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ထားဝယ်မြို့ တွင် ၂ နာရီခန့် သာရပ်နား၍ နေ့လည်ပိုင်းတွင်
ကော့သောင်းမြို့ သို့ သွားရောက်ပြီး ယင်းမှတဆင့် မြိတ်မြို့ သို့ ပြန်လာကာ ညအိပ်ရပ်နားမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁ ရက်နေ့ နံနပ်ပိုင်းတွင် မြိတ်မြို့ ၌လှည့်လည်မည်ဖြစ်ပြီး ကျွန်းစုမြို့နယ်သို့ သွားရောက်ကာ ခရီးစဉ်ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ် တစ်နှစ်ကာလုံးတွင် ပြည်တွင်း ခရီးစဉ် ၁၈ ခု၊ ၂၀၁၄ ခုနှစ် တစ်နှစ်လုံးတွင် ပြည်တွင်း ခရီးစဉ် ၃၁ ခုသာ သွားရောက်ထားခဲ့ရာမှ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ယခုနှစ် သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာ ၂၂ ရက် သုံးလတာကာလအတွင်း ပြည်တွင်းခရီးစဉ် ၃၉ ခုထိ သွားရောက်ခဲ့ပြီး ဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်က ၎င်း၏ ဇာတိဖြစ်သော ငပုတောနှင့် ပုသိမ်သို့ သို့ သွားရောက်ခဲ့ပါသည်။ ထိုခရီးစဉ်သည် သုံးလတာကာလအတွင်း ဧရာဝတီတိုင်းသို့ တတိယအကြိမ် သွားရောက်သည့် ခရီးစဉ် ဖြစ်ပါသည်။ အောက်တိုဘာ ၃၀ ရက်တွင်မူ ပဲခူးတိုင်းသို့ သွားရောက်ခဲ့ပါသည်။ သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာမှ ၂၀၁၅ ခုနှစ် သြဂုတ်အထိ ပဲခူးတိုင်းသို့ ခြောက်ကြိမ်ထက်မနည်း သွားရောက်ခဲ့ပြီး ဖြစ်ကာ အောက်တိုဘာ ၃၀ ရက်တွင် ထပ်မံ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

သမ္မတ အနေဖြင့် ရွေးကောက်ပွဲနီးချိန်ရောက်မှ ပုံမှန် အချိန်များထက် ပြည်တွင်း ခရီးစဉ်များ ဆက်တိုက် သွားရောက်နေခြင်း၊ ထိုသို့ သွားရောက်ချိန်တွင်လည်း ပြည်ခိုင်ဖြိုးပါတီဝင်များက ကြိုဆိုခဲ့ကြခြင်း၊ ယင်းသို့ ကြိုဆိုမှုများကို အစိုးရ သတင်းစာများနှင့် ရုပ်မြင်သံကြား သတင်းများတွင် အကျယ်တ၀င့် ဖော်ပြခဲ့ခြင်းများကြောင်း သမ္မတ၏ ခရီးစဉ်များသည် ဒေသဖွံ့ဖြိုးရေး၊ သဘာဝဘေးသင့်ဒေသ ကူညီကယ်ဆယ်ရေးများထက် ပြည်ခိုင်ဖြိုးပါတီအတွက် တစ်ဖက်လှည့်ဖြင့် မဲဆွယ်စည်းရုံးမှု ပြုလုပ်နေသည့် ပုံစံဖြစ်နေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေပါသည်။



Writer: 
ဖြိုးဇင်(ထားဝယ်)

============

Eleven Media Group
Powered by Blogger.