ဂျပန် ယာဆူကူနီ စစ်သည်တော်ဗိမာန် ဗုံးပေါက်ကွဲ

တိုကျို၊ နိုဝင်ဘာ ၂၃

တိုကျိုမြို့တွင်ရှိသည့် အငြင်းပွားဖွယ်ဖြစ်နေသော စစ်အတွင်း ကျဆုံးစစ်သည်တော်များကို ဂုဏ်ပြုတည်ဆောက်ထားသော ယာဆူကူနီ စစ်သည်တော်ဗိမာန်ရှိ အများသုံး ရေအိမ်နေရာတွင် ဗုံးပေါက်ကွဲရာ ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမျှ မရှိကြောင်း ဂျပန်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်ကို New York Times သတင်းတွင် ဖော်ပြထားသည်။

ယာဆူကူနီဗိမာန်သည် စစ်အတွင်း ကျဆုံးခဲ့သော ဂျပန်စစ်သည်တော် ၂ ဒသမ ၅ သန်းကျော်ကို ရည်စူးပြီး အထိမ်းအမှတ်အဖြစ် တည်ဆောက်ထားသော ဗိမာန်ဖြစ်ကာ၊ ဒုတိယကမ္ဘာစစ် အတွင်းက စစ်ရာဇဝတ်သားများအဖြစ် သတ်မှတ်ထားသူများကိုပါ မြှုပ်နှံထားသောနေရာ ဖြစ်နေသောကြောင့် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့က ပြဿနာရှာနေသော စစ်သည်တော်ဗိမာန်တစ်ခု ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

တိုကျိုရဲတပ်ဖွဲ့သည် ဗုံးပေါက်ကွဲကြောင်း ဖုန်းဖြင့် အသိပေးချက်တစ်ခုကို ရရှိခဲ့ပြီးနောက် ဗိမာန်နေရာမှ မီးခိုးများ ထွက်လာကြောင်း၊ မီးသတ်တပ်ဖွဲ့သည် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိသွားရာ အများသုံးရေအိမ် မျက်နှာကျက်နှင့် နံရံများတွင် ပျက်စီးနေကြောင်း တိုကျိုမီးသတ်ဌာနက သတင်းထုတ်ပြန်သည်။

TBS TV သတင်းတွင် ဗုံးပေါက်သည့်နေရာ၌ ဓာတ်ခဲများနှင့် ဝိုင်ယာကြိုးများနှင့် အစိတ်အပိုင်းများကို တွေ့မြင်ရပြီး မည်သည့်အတွက်ကြောင့် ပေါက်ကွဲကြောင်း အတိအကျ မသိရသေးသော်လည်း ရဲတပ်ဖွဲ့နှင့် မီးသတ်ဌာနက အသေးစိတ် စုံစမ်းစစ်ဆေးနေကြောင်း New York Times တွင် ရေးသားထားသည်။


the voice
Powered by Blogger.