ကရင်လူမျိုးများ ဖားစည်ကိုရပုံ



ရှေးအခါက "ဖူးမော်ထော်" ဟုအမည်ရသော ကရင်လူမျိုး ခေါင်းဆောင်ကြီး တစ်ဦးသည် မိမိလယ်သို့ မျောက်များဝင်ရောက် သောင်းကျန်းဖျက်ဆီးကြသဖြင့် အကြိမ်ရေ များလာသောအခါ တစ်နေ့တွင် စိတ်ပျက်အားလျော့၍ သေချင်ယောင်ဆောင်နေလေ၏။

မျောက်များလည်း လဲကျနေသော ဖူးမော်ထော် ကိုမြင်လျှင် လွန်စွာဝမ်းနည်း၍ " ဤလယ်ရှင်ခမျာ ငါတို့၏ ပယောဂကြောင့် သေရရှာသည်။ ငါတို့ပင်လျှင် ကောင်းမွန်စွာ သဂြိုလ်ပေးအံ့" ဟုဆိုကာ အသုဘအခမ်းအနားအတွက် စည် သုံးလုံးကို ယူဆောင်၍ တီးခတ်ကြလေ၏။

ထိုသို့ တီးခတ်ကြစဉ် ဖူးမော်ထော်သည် သေယောင်ဆောင်နေရာမှ ရုတ်တရက် " ၀ူး ၀ါး "ဟု အော်ပြီးထလိုက်ရာ မျောက်တို့လည်း အံ့အားသင့်၊ကြောက်လန့်ကာ စည်များကိုပင် မယူနိုင်ဘဲ ထွက်ပြေးကြလေသည်။

ဖူးမော်ထော်သည် ထိုစည် သုံးလုံးကို အိမ်သို့ ယူဆောင်ခဲ့၏။ တစ်လုံးမှာ ရွှေရောင်၊ တစ်လုံးမှာ ငွေရောင်၊ တစ်လုံးမှာ အဖြူရောင် ဖြစ်လေ၏။ ( အဖြူရောင်စည်သည် များမကြာမီ " မဂေါ်ဖဂေါ်လီ" ဟုခေါ်သော အိုင်တွင်းသို့ ကျကာ ပျောက်ဆုံးသွားလေ၏။ )

ကျန်သော ရွှေ ဖားစည်၊ ငွေဖားစည် တို့ကို ကရင်တို့သည် လွန်စွာ အလေးအမြတ်ထားသည်နှင့် အညီ နှစ်စဉ်နှစ်တိုင်း ပွဲလမ်းသဘင်ကြီးစွာခံ၍ ပူဇော်ကြလေ၏။ ( စည်မျက်နှာ နှုတ်ခမ်းတွင် ဖားရုပ်ကလေးများ ပါရှိသဖြင့် ဖားစည်ဟု ခေါ်ခြင်းဖြစ်သည်။ )

ထိုသို့ နှစ်စဉ်ကျင်းပနေရာ မွန်ပြည်နယ်မှ ကရင်တို့သည် နှစ်စဉ် စည်များရှိရာသို့ သွားနေရသည်ကို ငြီးငွေ့လာသဖြင့် တစ်ခါသော် စည်နှစ်လုံးကို မိမိတို့ ရပ်ရွာသို့ ယူဆောင်လာခဲ့ကြလေ၏။

ထိုစည်နှစ်လုံးကို ကရင်ဘာသာဖြင့် "ဂေါ်ကွာထူး" နှင့် "ဂေါ်ကွာစေး" ဟုခေါ်လေသည်။ ( ဂေါ်= စည်ကို ရှေ့တည်၍ခေါ်သောစကား။ ကွာ= ခါးစည်း။ ထူး=ရွှေ။ စေး=ငွေ)။ မွန်ကရင် တို့သည် ထိုစည်နှစ်လုံးကို သထုံနယ်၊ ဒုန်းရင်းရွာ အနီးရှိ ဂူ တစ်ဂူအတွင်းတွင် သိမ်းဆည်းထားသည်ဟု အယူရှိကြလေ၏။

ထိုစည်တို့ကို တီးခတ်သော လက်ခတ်တို့မှာမူ ဖာပွန်နယ်၊ လူးသော်ကိုရွာရှိ မူလကရင်တို့ လက်ထဲတွင် ကျန်ခဲ့ရာ နှစ်စဉ်လိုပင် ပွဲတော်ချိန်ကျသောအခါ မူလပိုင်ရှင်ကရင်ရွာသားအများသည် မွန်ကရင်တို့ထံဆင်းလာ၍ ထိုဖားစည်များကို ပြန်ပေးရန်တောင်းဆိုကြသည်။ သို့သော်လည်း မရရှာကြပေ။

ထိုစည်တို့ကို အတင်းယူဆောင်သွားသော မွန်ကရင်နှစ်ဦးမှာ "ဂေါ်လီဘေး"နှင့် "ဂေါ်ဆာပေါ်"တို့ ဖြစ်၍ အထွတ်အမြတ်ထားသော ဖားစည်တို့ကို ခိုးယူမိသောအပြစ်ကြောင့် မျက်စိနာရောဂါ စွဲကပ်ကြသည်ဆို၏။ ယခု ဒုန်းရင်းရွာရှိ ထိုသူတို့မှ ဆင်းသက်သော သားမြေး အဆက်အနွယ်တို့သည် ယနေ့အထိ ထိုသို့ မျက်စိနာရောဂါရကြသည်ဆို၏။

မည်သို့ပင်ဆိုစေ ကရင်တို့သည် ထိုဖားစည်များကို အစွဲပြုကာ "။ရွှေ၊ငွေ၊ကြေးနီ၊ခဲနှင့် သတ္တု" တို့ကို အသုံးပြုကာ နောက်ထပ် ဖားစည်အများ ပြုလုပ်ခဲ့ကြပြီး မတူကွဲပြားသောဖားစည်များကို မတူညီသော ရည်ရွယ်ချက်များအတွက် အသုံးချခဲ့ကြသည်။ ( ဥပမာ- စစ်အောင်နိုင်ပွဲ၊ ကောက်သစ်ပွဲတို့အတွက် တီးရန် ဖားစည်က တစ်မျိုး ဖြစ်၍။ အသုဘအခမ်းအနားနှင့် ရွာနှင်ဒဏ်ပေးခြင်း အတွက် တီးရန် ဖားစည်က သက်သက်ဖြစ်သည်။ )
-------------------------------------------------------------
(ကရင်လူမျိုးတို့၏ ဖားစည်ကား အံ့ချီးဖွယ်၊ စိတ်ဝင်စားဖွယ်ကောင်းလှသကဲ့သို့ ကရင်တို့၏ ခိုင်မာသောယဉ်ကျေးမှုအမွေအနှစ် တစ်ရပ်အဖြစ် ဆက်လက်ထိန်းသိမ်းသင့်ကြောင်းကို လည်း ကြောင်တွေးမိပါသည်။ ကြောင်တင်ပြသည်မှာ မပြည့်စုံပါကလည်း သည်းခံကြပါရန်။)=(^_^)=

ကျမ်းကိုး- ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည်ရာဇ၀င်ဖတ်စာ

( ပုံကို http://www.lubo601.com/ မှယူ၍ စာစီသူမှာ ကြောင်ကိုယ်တိုင်သာဖြစ်ပါကြောင်း။) ~_^

ပဉ္စမံကြောင်
Powered by Blogger.