နဂါးကိုးကွယ်သော ပုဂံမင်းကြီး (တောင်သူကြီးမင်း)


အေဒီ ၉၅၆တွင် ပုဂံမင်းအဖြစ် စိုးစံနေသော သိန်းခိုမင်းသည် တောကစားထွက်ရာတွင် အဖော်များနှင့်ကွဲကာ ညောင်ဦးအရပ်ရှိ တောင်သူကြီးတစ်ဦးထံ အခန့်မသင့်ရောက်ရှိသွားလေသည်။

လွန်စွာ ဆာလောင်မွတ်သိပ်နေသော သိန်းခိုမင်းသည် တောင်သူကြီးကို မြင်လျှင် သခွားသီးအနည်းငယ် ကျွေးပါရန် ပြောရာ တောင်သူကြီးက "အသီးကိုစားလိုကစားပါ အညွှန့်များကို မထိစေနှင့်" ဟုသတိပေး၍ ခွင့်ပြုလေ၏။

သို့ရာတွင် သိန်းခိုမင်းသည် အသီးကို မခူးတတ်ခူးတတ်နှင့် ဆွဲယူဆွတ်ခူးသဖြင့် အညွှန့်များပါ တစ်ထွေးကြီး ပါလာသည်ကို မြင်လျှင် တောင်သူကြီးလည်း ဒေါသတကြီး ဆဲရေးကာ တူရွင်းဖြင့် နှက်လေ၏။

ချက်ကောင်းကိုထိမိသဖြင့် တစ်ချက်တည်းနှင့်ပင် သိန်းခိုမင်းခမျာ ပုံလျက်သားလဲကာ ပွဲချင်းပြီးတော်မူ၏။

များမကြာမီ နောက်မှလိုက်လာသော သိန်းခိုမင်း၏ မြင်းခံတော် ရောက်ရှိလာကာ တောင်သူကြီးနှင့် ရှင်ဘုရင့် အလောင်းတော်ကို မြင်လျှင်-

-"ဟယ်၊ တောတွင်းသား၊ ငါတို့အရှင်ကို နင်ဘာလုပ်လိုက်တာလဲ"

-"နင်တို့အရှင်သောဘာသော ငါမသိ၊ ငါ့သခွားကိုဆွတ်ရာတွင် အသီးကိုသာမယူဘဲ အညွှန့်ပါဖျက်ဆီးသဖြင့် ရိုက်မိသည်"

မြင်းခံလည်း စဉ်းစားလေ၏။ မင်းကြီး နတ်ရွာစံကြောင်းသိလျှင် သူဘုရင်လုပ်မည်၊ ငါဘုရင်လုပ်မည်ဟုဆိုကာ ပုဂံနန်းတွင် အရေးအခင်းများဖြစ်နိုင်ကြောင်း တွေးမိ၍ ပရိယာယ်ဖြင့်-

-"ဟယ်၊ နင်သတ်သည်မှာ ရှင်ဘုရင်ဖြစ်သည်။ ဘုရင်ကိုသတ်လျှင် နင်ဘုရင်လုပ်ရမည်။ လာ၊ ငါနဲ့လိုက်ခဲ့တော့"

-" ဘာလို့လိုက်ရမှာလဲ။ ဒီနှစ် ငါ့သခွားတွေ အသီးကောင်းချက်က ခွေးလေးတွေ နို့စို့သလိုကိုသီးတာ။ ဒါတွေထားခဲ့ပြီး ငါမလိုက်နိုင်ပေါင်"

မြင်းခံလည်း ရယ်ပြုံးပြုံးဖြင့် တောင်သူကြီးကိုကြည့်ကာ-

-" ကိုယ့်လူ၊ နန်းတော်မှာ ရှင်ဘုရင်လုပ်ရင် ကိုယ့်လူရဲ့သခွားခင်းလည်း ပိုင်ရမယ်၊ နန်းတော်က ဆင်မြင်းရွှေငွေလူသူမောင်းမ တွေပါ ပိုင်ရမယ်။ မင်းစည်းစိမ်ဆိုတာ သိပ်ကြီးကျယ်တဲ့ဟာပဲ"

-" သခွားခင်းရော ဆင်မြင်းတွေရောဆို မဆိုးဘူးဟ။ ဒါဆို ခုကိုလုပ်မယ်၊ဟေးဟေး"

ဤသို့ဖြင့် မြင်းခံလည်း တောင်သူကြီးကိုနန်းတော်သို့ခေါ်လာလေ၏။ အကြောင်းစုံ ကို မိဖုရားခေါင်ကြီးအား လျှောက်တင်ရာ အမြော်အမြင်ကြီးလှပေ၏ဟု ချီးမွမ်း၍ ဆုလာဘ်များချီးမြင့်လေ၏။

ထို့နောက် တောင်သူကြီးကို နန်းတင်ရန် စီမံလိုသဖြင့် အခြားသူများ မရိပ်မိအောင် "မင်းကြီးနေမကောင်း၍ အတွင်းလူအပြင်မထွက်ရ၊အပြင်လူအတွင်းမ၀င်ရ" အမိန့်ကိုကြေညာစေ၏။

တောင်သူကြီးကို ပထမဦးစွာ မောင်းမမိသံများက အမွှေးနံ့သာ၊ ကသယ်မှုန့် များဖြင့် ရေချိုးသန့်ရှင်းပေးရလေ၏၊

သန့်ရှင်းပေးစဉ် ပဲ့ရွဲ့နေသော ခြေသည်းများ၊ ကြမ်းတမ်းသောအမွေးများကို မြင်လျှင် မောင်းမတစ်ဦးက ထိတ်လန့်ကာ မော့ကြည့်မိလေ၏။ မိမိတို့ ဘုရင်မဟုတ်မှန်းသိလျှင်-

-"ဘာကြီးလဲ။ ငါတို့အရှင်လဲမဟုတ်ပါလား။ဒါကြီးက ညစ်ပတ်စုတ်ပြတ်နေတာပဲ"

ထိုအခါ တောင်သူကြီးမင်းက ဒေါသတကြီးဖြင့်-

-" ဒီ ကျွန်ယုတ်မ ကို ဘယ်သူထောင်းပါ့မလဲ"ဟု ရေရွတ်လေ၏

ထိုအခါ တံခါးထိပ်မှ ကျောက်သူရုပ်ကြီးသည် အသက်ဝင်လာကာ ထိုမောင်းမကို ပြေးလာပြီး ထောင်းသဖြင့် မောင်းမလည်း နေရာတွင်ပင် အသက်ပျောက်လေ၏။( အခြားမောင်းမများလည်း ထိတ်လန့်ကုန်ကြလေ၏)

နောက်နေ့တွင် တောင်သူကြီးအား ရာဇပလ္လင်ပေါ်ထိုင်စေကာ မင်းအဖြစ် ညီလာခံခေါ်စေ၏

ညီလာခံစစချင်း တောင်သူကြီးက "မင်းကြီးများ"ဟု အော်ရာ သိန်းခိုမင်းနှင့် အသံချင်းမတူသဖြင့် အမတ်တစ်ပါးက ခေါင်းငုံ့ထားရာမှ မသိမသာ ခိုးကြည့်မိလေ၏။ တောင်သူကြီးကို တွေ့လျှင်-

"ဟ၊ ဘာကြီးလဲ။ ဘယ်သူကြီးလဲ။ ငါတို့အရှင်ရောဘယ်မှာလဲ။ ရှင်မိဖုရားတို့က ကိုယ့်သဘောကိုယ်စီမံလိုက်တာပဲ။ ဒါဆိုဘာလို့ ငါတို့ကို မတိုင်ပင်တာလဲ" စသဖြင့် ပွစိပွစိ ထလုပ်လေ၏။

တောင်သူကြီးမင်း လည်း အစက ကြောင်ကြည့်နေပြီး နားနည်းနည်း ညည်းလာသောအခါမှ-

-" ဒီ ငဆ ( သူယုတ်မာ) ကို ဘယ်သူထောင်းပါ့မလဲ"ဟု အော်လေ၏။

ရုတ်ချည်းပင် တံခါးထိပ်မှ ကျောက်ရုပ်ပြေးဝင်လာကာ ထိုအမတ်ကို တံတောင်ဖြင့်ထောင်းလေ၏။ အမတ်လည်း သွေးအန်ကာ သေလေ၏။

အခြားမှုးမတ်များလည်း ထိုအခါမှ တောတွင်းသား ပင်ဖြစ်လင့်ကစား ဘုန်းရှင်ကံရှင်ဖြစ်ပေသည် ဟုတွေးမိကာ မင်းအဖြစ် လက်ခံလိုက်ကြလေ၏။( ထိုအချိန်တွင် ကျောက်ရုပ်ကလည်း နေရာသို့ ပြန်သေးဟန်မတူချေ tongue emoticon )

တောင်သူကြီးသည် ညောင်ဦးစောရဟန်းမင်းအဖြစ် ပုဂံတွင် နန်းတက်၏။ ဘုရင်ဖြစ်လျှင် မိမိ၏ သခွားခင်းကို ပန်းခြံကြီးအဖြစ် ပြောင်းလဲပစ်ကာ အလယ်တွင် နဂါးရုပ်ထုကြီးကို ကျောက်ဖြင့်ထု၍ ကိုးကွယ်လေ၏။

နဂါးသည် လူထက်တန်ခိုးရှိသဖြင့် တစ်နိုင်ငံလုံး ကိုးကွယ်ရမည်ဟု အမိန့်တော်ပင် ထုတ်ပြန်လိုက်သေးသည်။

ထို့ပြင် သရေခေတ္တရာပြည်၊ သထုံပြည်တို့တွင် စေတီပုထိုးများကို တည်ထားကိုးကွယ်ကြသည်ဟု ကြားရလျှင် အားကျမိကာ ပုထိုးတော် ငါးလုံးကို တည်ပြန်လေ၏၊

ထိုပုထိုးငါးလုံးတွင် ဘုရားဆင်းတုလိုလို၊ နတ်ရုပ်လိုလို အရုပ်များကိုထားရှိကာ နေ့ရောညပါ ထမင်းဟင်း၊အရက်သေစာများဖြင့် ပူဇော်ပသလေ၏။ ( ထို့ကြောင့် ၄င်းကို နတ်ကျောင်းဒကာ မင်းချမ်းသာ ဟုလည်း ခေါ်ကြလေ၏)

နန်းစံသက် ၃၃ နှစ်အကြာတွင် ၄င်း၏ ဘုန်းကံသည် ကုန်ဆုံးချိန်တန်သဖြင့် မင်းလောင်းပေါ်မည်ဟု တဘောင်ထွက်လေ၏။

ထို့နောက် ထိုမင်းလောင်းသည် နန်းတော်သို့ ရောက်လာပြီဟု အုန်းအုန်းကြွက်ကြွက် ဖြစ်နေသဖြင့် နန်းတော်ထိပ် ၀ရံတာသို့တက်ကာ-

"ငါမင်း စင်စစ် သက်တော်ထင်ရှားရှိသေးလျှက် ဘယ်က မင်းလောင်းကပေါ်ရပါ့မလဲ" ဟု ရေရွတ်လျှင်

တံခါးဝက ကျောက်သူရုပ် ( ဇာတ်လိုက်ကျော်ကြီး :P) ရုတ်တရက်ပြေးလာပြီး မင်းကြီးကို တွန်းချသဖြင့် ၀ရံတာမှ ဦးစိုက်ကျွမ်းပြန် ပြုတ်ကျကာ နတ်ရွာစံရှာလေ၏။

( တင်ချင်တာက တောင်သူကြီးမင်းအကြောင်းပဲဗျာ။ ပုံရှာတာကတော့ လုံးဝမတွေ့ဘူး။ အာ့နဲ့ သူကိုးကွယ်တဲ့ ပုဂံခေတ်နဂါးပုံပဲ တင်ပေးလိုက်ရတယ်။ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် =(^_^)= )

( ပုံကို http://www.flickrhivemind.net/ ကယူပြီး စာစီသူမှာ ကြောင်ကိုယ်တိုင်သာ ဖြစ်ပါကြောင်း ) ~_^

ပဉ္စမံကြောင်
Powered by Blogger.