လူထုအမေ နှစ် (၁၀၀) ပြည့်လေပြီ




■လူထုအမေ
လူထုအမေကို ၁၉၁၅ မှာ မွေးခဲ့တာဖြစ်လို့ ဗိုလ်ချုပ်အောင်ဆန်းနည်းတူ ဒီနှစ်မှာ တိုက်တိုက်ဆိုင်ဆိုင် နှစ် ၁၀၀ ပြည့်ပါပြီ။ လူထုအမေမာရဲ့ မွေးနေ့ပွဲတွေကိုတောင် သမန်အင်းစောင်းက ဆရာတော်ကိုပညာရဲ့ တောင်လေးလုံး ကျောင်းတိုက်မှာ နှစ်စဉ် ကျင်းပလေ့ရှိရာ ဒီနှစ်မှာတော့ ရာပြည့် အထူးပွဲအဖြစ် ၂၉-၁၁-၂၀၁၅ မှာ ကျင်းပတော့မှာပါ။ လူထုအမေ၊ ဒေါ်အမာ (လူထု ဒေါ်အမာ) (၁၉၁၅ - ၂၀၀၈) ဟာ မြန်မာပြည် လွတ်လပ်ရေးလှုပ်ရှားမှု၊ မြန်မာပြည် ငြိမ်းချမ်းရေး လှုပ်ရှားမှု၊ မြန်မာ့စာပေ စာနယ်ဇင်း လောကရဲ့ မီးရှူးတန်ဆောင်၊ အဖိနှိပ်ခံ ပြည်သူတို့ဘက်က အစဉ်အမြဲရပ်တည်ခဲ့တဲ့ နေတစ်စင်း၊ လတစ်စင်း ဖြစ်သူ လူထုချစ်တဲ့ လူထု မိခင်လူထုဒေါ်အမာ (အသက် ၉၃ နှစ်)၊ အစားထိုးစရာလည်း မရှိသလို အစားထိုးလို့ လည်းမရတဲ့ မဟာမှိုင်းရဲ့အမွေခံသမီး အမေမာ ဒါမှမဟုတ် လူထုချစ်တဲ့ လူထုရဲ့မိခင် သတင်းစာ၊ စာရေးဆရာမကြီး ဖြစ်ပါတယ်။ လူထုဒေါ်အမာဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီးဒဂုန်တာရာတို့နဲ့ ခေတ်ပြိုင်လည်း ဖြစ်တယ်။
အမေနဲ့ကျွန်တော်
အညာသား ကျွန်တော်ဟာ ခေတ်ပြိုင်ဝတ္ထုတို ဆရာများနည်းတူ အမေ့စာတွေနဲ့ ကြီးလာသူပါ။ အကြိုက်ဆုံးကတော့ “ပြည်သူ ချစ်သော အနုပညာသည်များ”ပါ။ အားအကျဆုံးကတော့ သတင်းစာ ဂျာနယ်လစ်ဘ၀ပါ။ လူထုကို အားကျပြီး မြို့မငြိမ်းစကားနဲ့ ပြောရရင် ဟိုဘက်အိမ်ကညှော် (စိန်ဗေဒါကြီး ဆိုင်းသံ)နဲ့ ကြီးလာတာဆိုတာလို လက်ဆည်ကန်က လူထုညှော်နဲ့ လူထုသတင်းစာ မင်နံ့နဲ့ ကြီးလာတာ။ အထက်မြန်မာပြည် စာရေးဆရာအသင်း လှုပ်ရှားမှုတွေကို သဘောကျတာ။ သူတို့စခဲ့တဲ့ ပြောသလိုရေးခြင်း လှုပ်ရှားမှုကို ခုထိလိုက်နာနေတာပါ။
မန္တလေးမှာ ကျောင်းနေစဉ် အထက်တန်း ကျောင်းသားဘ၀မှာ ၈၄ လမ်းလူထုတိုက် ရှေ့ကနေ ၀င်းလိုက်ရုံဘက်ဆီ ဦးစိန်မောင်မြင့် (ဆရာဝင်းစည်သူ-သရဖူမြန်မာစာ) ကျူရှင်သွားရင်း စက်ဘီးစီးရင်း လူထုရှေ့က ဖြတ်တိုင်း ရင်ခုန်တယ်။နောက်တော့ ကျွန်တော် ကမကထလုပ်တဲ့ စာကြည့်တိုက်တွေအတွက် စာအုပ်ဝယ်ရင်း ရောက်တယ်။ “မီးသွေးခဲမို့ မည်းသကို”၀ယ်ရင်းနဲ့ ကိုညိုက အမေမာနဲ့ မိတ်ဆက်ပေးတယ်။ နောက်တော့ ရန်ကုန်ဂျာနယ် အယ်ဒီတာလုပ်တော့ မန္တလေးက ဆရာတွေကို အင်တာဗျူးတိုင်း အမေက ထိပ်ဆုံးကပါနေကျ။ မဆီမဆိုင် အားကစားအကြောင်း ဘောလုံးအကြောင်းလည်း အမေ့ကို ဗျူးဖူးတယ်။ ကမ္ဘာ့ဖလားပွဲ တစ်ခုမှာတော့ မေမြို့ရောက်နေတဲ့ အမေ့ကိုတောင် အလွတ်မပေးဘဲ ဗျူးတာ။ အမေကမှတ်မှတ်ရရ ဂျာမနီအသင်းကို အကြိုက်ဆုံးဗျ။ ကမ္ဘာ့ဖလား ၂၀၀၆ ရသွားတယ်။ အမေတို့ခေတ်က နိုင်ငံခြားသတင်းတွေ၊ အားကစားသတင်းတွေ အင်တာနက်ခေတ် မဟုတ်လို့ ခက်ခက်ခဲခဲ ကြေးနန်းရယူ ဘာသာပြန်ပုံ၊ သတင်းရေးရပုံတွေကို သင်ကြားပြသပြောပြခဲ့လို့ အမေ့ကျေးဇူးကြီးလှတယ်။ အမေ့စကားတစ်ခု နားထဲမှာ စွဲနေတာကတော့ “သတင်းစာသမားဆိုတာ ဘက်မလိုက်ရဘူးဆိုတာ မဟုတ်ပါဘူး။ သတင်းစာသမားဟာ ဘက်လိုက်ရပါတယ်။ အမှန်တရားဘက်က လိုက်ရပါတယ်”တဲ့။
■လူထုမိခင်နဲ့ သတင်းစာတည်းဖြတ်မှု
လူထုမိခင်ရဲ့ သတင်းစာ တည်းဖြတ်မှုဆိုင်ရာ သဘောတရားကို လူထုမောင်နှံရဲ့ သတင်းစာမှာ တပည့်ရင်းဖြစ်ခဲ့သူ သတင်းစာဆရာ ဆရာမောင်သစ်လွင် (လူထု) က ပြောဖူးတာကို မှတ်သားရဖူးတယ်။
ဒေါ်အမာဟာ ရှားပါးတဲ့ဆရာကောင်းတစ်ယောက် ဖြစ်ပါတယ်တဲ့။
“လူထုဒေါ်အမာရဲ့ သွန်သင် ဆုံးမမှုအောက်မှာ ကျွန်တော်တို့နေခဲ့ရတယ်။ မမေ့နိုင်စရာ အကြောင်းကတော့ သူရေးတဲ့စာတောင်မှပဲ တို့ကိုတည်းဖြတ်ခိုင်းတာ။ ဆရာသမား အဲဒါမျိုးရှားတယ်ကွ။ ဆရာက ဆရာလိုပဲနေ မှာပေါ့။ မောင်သစ်လွင်မင်းက တည်းဖြတ်ရဲတယ်။ငါကတော့ စိတ်ရှိသလောက် ရေးလိုက်တာပဲ၊ မင်းဘာသာမင်း တည်းဖြတ်ပြီးတော့ မင်းဘာသာမင်း ဖြတ်တောက်ပြီးတော့ အဲသလိုခွင့်ပေးတာ။ အဲဒီလိုဆရာမျိုး ဘယ်မှာရှိလို့လဲ။ သိပ်ရှားတယ်နော်”
ယမန်နှစ်က၂၀၁၄ အခမ်းအနားကိုတော့ နှစ်(၁၀၀)အကြိုပွဲအဖြစ် လူထုဒေါ်အမာကို ချစ်မြတ်နိုးသူတွေ၊ စာရေးဆရာတွေ၊ သတင်းစာဆရာတွေနဲ့ အနုပညာသမားတွေ တက်ရောက်ခဲ့ပြီး ကဗျာဖတ်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
လူထုဒေါ်အမာကို ၁၉၁၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှာ မန္တလေးမြို့ ဂုန္တန်ရပ် အဖ ဦးထင်၊ အမိ ဒေါ်စုတို့က မွေးဖွားခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာ သတင်းစာဆရာ လူထုဦးလှနဲ့ လက်ထပ်ခဲ့ပြီး ပြည်သူချစ်သော အနုပညာ သည်များ၊ မန္တလေးသူ မန္တလေးသားများ၊ အမေ့ရှေးစကား စာအုပ်များ အပါအ၀င် ဆောင်းပါး၊ ပင်ကိုရေးနဲ့ ဘာသာပြန် စာအုပ်တော်တော်များများကို ရေးသားခဲ့ပါတယ်။
■ လူထုနဲ့ ဖဆပလအစိုးရ
လူထုမောင်နှံနဲ့ ဖဆပလအစိုးရ အကြောင်းကိုတော့ လတ်တလော အမေရိကန်က ပြန်လာသူ ကဗျာဆရာကြီး မောင်စွမ်းရည်က ဒီိလိုရေးဖူးပါတယ်။
ဒီနှစ် ၂၀၁၅ ဟာ “အောင်ဆန်းရာပြည့်နှစ်” ဖြစ်သလို သူ့ရဲဘော်များဖြစ်ကြတဲ့ သတင်းစာဆရာကြီး ဦးခင်မောင်လတ်၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ စာရေးဆရာ သတင်းစာ ဆရာမကြီး လူထုဒေါ်အမာ၊ နိုင်ငံရေးသမား ကျားကြီးဗဆွေ၊ အာဇာနည် ဗိုလ်အောင်ကျော်စတဲ့ “လူကျော်”ကြီးများရဲ့ ရာ ပြည့်လဲဖြစ်ပါတယ်။
ဦးလေးနဲ့ ဒေါ်ဒေါ်တို့ဟာ နိုင်ငံလွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ စာပေယဉ်ကျေးမှု မြှင့်တင်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ စာရေးသားပြီး လူထုသတင်းစာ၊ ဂျာနယ်တို့ကို ဦးစီးထုတ်ဝေခဲ့တာပါ။ လွတ်လပ်ရေးမရခင်ကတော့ သူတို့ရဲဘော်ကြီး “အောင်ဆန်း” ရဲ့ လွတ်လပ်ရေးတိုက်ပွဲကို သတင်းစာ လက်နက်ကိုင်စွဲပြီး ထောက်ခံ ပါဝင်ခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးတော့ ပြည်တွင်းစစ်ဖြစ်တယ်။ ပြည်တွင်းစစ် ဖြစ်လျှင်ဖြစ်ခြင်း “ငြိမ်းချမ်းရေး”အတွက် ရှေ့ဆောင်စေ့စပ်သူကတော့ ဆရာကြီးမှိုင်းပဲဖြစ်ပါတယ်။ ဒီအခါမှာ ဆရာကြီးမှိုင်းရဲ့ “သူမနာ၊ ကိုယ်မနာ၊ သင်ပုန်းချေရေး”လမ်းစဉ်ကို လူထုသတင်းစာက ထောက်ခံအားပေးခဲ့ပါတယ်။ ဖဆ-ဆိုရှယ် အစိုးရက အနောက်အုပ်စုအားကိုးနဲ့ အပြုတ်တိုက်ရေး လမ်းစဉ်ကို တစ်လျှောက်လုံး ကိုင်စွဲပြီး ပြည်တွင်းစစ်ကို ဆက်လက်ဆင်နွဲခဲ့တာ ဒီနေ့ထိမပြီးပါဘူး။
“ဖဆ- ဆိုရှယ်”အစိုးရက လူထုဦးလှ၊ ဒေါ်အမာနဲ့တကွ ဆရာကြီး ရွှေဥဒေါင်းကအစ လူထုဘက် ရှိတာတွေ တစ်ယောက်ပြီး တစ်ယောက်၊ လူထုမိသားစု၊ ဒေါ်အမာရဲ့မောင်၊ ဒေါ်အမာရဲ့ သားတွေကိုပါ တစ်ယောက်ပြီးတစ်ယောက် ထောင်ချခဲ့ပါတယ်။ သားလတ်ကို တစ်ကျွန်းပို့ခဲ့ပါတယ်။ ဒေါ်အမာကိုယ်တိုင် အရွယ်မရောက်တစ်ရောက် သားအငယ်ဆုံးနဲ့အတူ အဖမ်းခံခဲ့ရဖူးပါတယ်။ သတင်းစာတိုက်ကိုလဲ ဗုံးနဲ့ ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရဖူးပါတယ်။ ဒီကြားထဲက ဆရာကြီးရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဒေါ်ဒေါ်တို့က မမှိတ်မသုန် ထောက်ခံခဲ့ပါတယ်လို့ ဆိုတယ်။
■ဒေါ်အမာနဲ့ မင်းသုဝဏ်
ဆရာမင်းသုဝဏ် (ဒုတိယကျောင်းသား သပိတ်ကာလ၊ အမေမာငယ်စဉ်ဘ၀ ကျောင်းသူဘ၀ ရေးပေးခဲ့သောစာ)မှာ လူထုအမေကို ဒီလို ဖော်ညွှန်းဖူးပါတယ်။
အမာသည် အပျော့မဟုတ်
အဖြူသည် အမည်းမဟုတ်
အဖြောင့်သည် အကောက်မဟုတ်
အမာကို မပျော့စေနှင့်
အဖြူကို မမည်းစေနှင့်
အဖြောင့်ကို မကောက်စေနှင့်
မောင်ဝန် (၉-၃-၁၉၃၆)
■ကိုယ်ရေးဖြစ်စဉ်
■လူထု ဒေါ်အမာကို မန္တလေးမြို့ ဂုန္တန်မှာ အဘ ဦးထင် ၊ အမိ ဒေါ်စုတို့မှ ၁၉၁၅ ခု၊ နိုဝင်ဘာ ၂၉ ရက် တနင်္လာနေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၁၂ ဦးရှိသည့်အနက် စတုတ္ထမြောက် ဖြစ်ပါတယ်။ အမည်ရင်းမှာ အမာ ဖြစ်ပါတယ်။ နဂါးဒေါ်ဦးနဲ့ ညီအစ်မ တော်စပ်ပါတယ်။
■ ၁၉၂၀ ပြည့်နှစ်က မန္တလေးမြို့ ဒေါ်စောအုံ၏ အမျိုးသမီး နေရှင်နယ်ကျောင်းမှာ ဒုတိယတန်းအထိ ပညာသင်ကြားခဲ့တယ်။ ABM(American Baptist Mission School) အေဘီအမ်ကျောင်းမှာ ၁၉၂၃ မှ ၁၉၃၁ အထိ ပညာဆက်လက်သင်ကြားခဲ့ပြီး ဆရာကြီးဦးရာဇတ် မန္တလေးဗဟို အမျိုးသားကျောင်းမှ ၁၉၃၃မှာ ဆယ်တန်းကို အောင်မြင်ခဲ့တယ်။ ဆရာကြီးဦးရာဇတ်ရဲ့ နေရှင်နယ်ကျောင်းမှာ ကိုဗဟိန်းတို့နဲ့ ကျောင်းနေဘက်များဖြစ်ပါတယ်။။ မန္တလေးဥပစာကောလိပ်မှာ ဓာတု၊ ရူပ၊ သင်္ချာ ဘာသာတွဲယူကာ တက်ရောက်ခဲ့ပြီး (၁၉၃၃-၁၉၃၅)၊ ရန်ကုန်တက္ကသိုလ် (၁၉၃၆-၁၉၃၇) တို့မှာ ပညာဆည်းပူးခဲ့တယ်။ ၁၉၃၆ မှာ အင်းလျားဆောင် သဟာယနှင့် စာဖတ်အသင်းရဲ့ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တယ်။ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်ကြီးမှာ တက်ကြွစွာ ပါဝင်ခဲ့တယ်။ အိုးဝေ မဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊ ဘားမားဂျာနယ်တို့မှာ ၀တ္ထု၊ ဆောင်းပါးများ ရေးသားခဲ့တယ်။ ကြီးပွားရေး ဦးလှနဲ့ စတင်သိကျွမ်းခဲ့ပြီး၊ ကြီးပွားရေးမဂ္ဂဇင်းမှာ ကလောင်အမည် ခင်လ၀င်း၊ မြမဉ္ဇူ ကလောင်အမည်များဖြင့် ရေးသားခဲ့တယ်။ ၁၉၃၇ ခုနှစ်မှာ ဘီအေနောက်ဆုံးနှစ် စာမေးပွဲကျရှုံးပြီး ကျောင်းထွက်တယ်။ အဲဒီနောက် မန္တလေးမှာ မြန်မာစက္ကူ ဆိုင်ဖွင့်ခဲ့တယ်။
■၁၉၃၈ မှာ မောရစ် ကောလစ် (Maurice Collis) ရဲ့ Trails In Burma စာအုပ်ကို “မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ”အမည်နဲ့ ဆရာကြီးဦးရာဇတ်ရဲ့ တိုက်တွန်းချက်အရ တက္ကသိုလ် သပိတ်မှောက်ကျောင်းသူ အမာအမည်နဲ့ ဘာသာပြန် ထုတ်ဝေခဲ့ရာ ယင်းစာအုပ်ဖြင့် စာပေနယ်တွင် အမည်ထင်ရှားလာခဲ့တယ်။
■၁၉၃၉ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှာ ကြီးပွားရေး ဦးလှနဲ့ လက်ထပ်ခဲ့ပြီး သားသမီး ငါးဦးဖြစ်တဲ့ ကိုစိုးဝင်း (ရဲဘော်ထွန်းကျော်)၊ ဒေါက်တာ ဒေါ်သန်းရင်မာ၊ ကိုဖိုးသံချောင်း၊ ဒေါ်တင်ဝင်းနဲ့ ကိုငြိမ်းချမ်း (စာရေးဆရာ ညီပုလေး) တို့ ထွန်းကားခဲ့တယ်။ သားအကြီးဆုံး ကိုစိုးဝင်းနဲ့ တတိယသား ကိုဖိုးသံချောင်းတို့က လက်နက်ကိုင် တော်လှန်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နဲ့ သွားရောက် ပူးပေါင်းခဲ့ကြတယ်။ ကိုစိုးဝင်းဟာ ဗကပရဲ့ ပါတီတွင်း အစွန်းရောက် ဖြုတ်ထုတ်သတ် လှုပ်ရှားမှုများမှာ အသက်စတေး သွားခဲ့ရပြီး ကိုဖိုးသံချောင်းကတော့ ဗကပမှာ ရှိနေဆဲဖြစ်တယ်။
■နိုင်ငံရေးကြောင့် မိသားစုတစ်ခုလုံး သေကွဲရော ရှင်ကွဲပါ အကွဲကွဲအပြားပြား ကြုံတွေ့ခဲ့ရပေမယ့် လောကဓံ အထုအထောင်းကို ကြံ့ကြံ့ခံကာ နောက်ဆုံးအချိန်အထိ နိုင်ငံရေး လူမှုရေးအရ ပြည်သူလူထုဘက်က ခိုင်ခိုင် မာမာ ရပ်တည်ခဲ့သူ လူထုချစ်တဲ့ စာရေးဆရာမကြီးတစ်ဦး ဖြစ်ပါတယ်။
■၁၉၄၂ - ၄၄ ခု ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက ပိုင်ရွာကို ခေတ္တပြောင်းရွှေ့ နေထိုင်ပြီး စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်ခဲ့တယ်။
■ ၁၉၄၅ ဇူလိုင်မှာ လူထုဂျာနယ် စတင်ထုတ်ဝေတဲ့အခါ လက်ထောက် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၄၆ ဧပြီ ၁၉ ရက် နေ့မှာ လူထုသတင်းစာ စတင်ထုတ်ဝေတဲ့အခါ အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ကာ “ဖခင် အောင်နိုင်”ကလောင်ခွဲနဲ့ နိုင်ငံရေး ဆွေးနွေးခန်း”ပင်တိုင်ဆောင်းပါးကို ရေးသားခဲ့တယ်။ ၁၉၄၆ မေလမှာ လူထုဂျာနယ်ကို ရပ်နားခဲ့တယ်။
■ ၁၉၄၇ မှာ လူထုဦးလှနဲ့အတူ လွတ်လပ်ရေးအတွက် ဦးဆောင်နေတဲ့ ဖဆပလအဖွဲ့ရဲ့ အာဘော်နဲ့ ထပ်တူရေးသား တိုက်ပွဲဝင်ခဲ့တယ်။
■ ၁၉၄၉ မှာ လူထုသတင်းစာနဲ့ ကြီးပွားရေး ပုံနှိပ်စက်များ တည်ရှိရာအဆောက်အအုံကို ထိုစဉ်စစ်တပ်က ဒိုင်းနမိုင်းနဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်။ ၁၉၄၉ ဧပြီ ၂၄ ရက်မှာ လူထုသတင်းစာ ပိတ်ပင်ခံရတယ်။ ခင်ပွန်းသည် လူထုဦးလှ၊ သားညီပုလေး (ကိုငြိမ်းချမ်း) တို့နဲ့အတူ ထိန်းသိမ်းခံခဲ့ရတယ်။ အထိန်းသိမ်း ခံရသည်မှာ ၁ နှစ်၊ ၁ လ၊ ၁ ရက် ကြာမြင့်ခဲ့ပြီး ၁၉၇၉ ခု သြဂုတ် ၂၂ ရက်မှာမှ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။
■၁၉၅၀ နိုဝင်ဘာ ၁ ရက်မှာ ပိတ်ထားတဲ့ လူထုသတင်းစာကို ပြန်လည်ထုတ်ဝေခဲ့တယ်။ သြဂုတ် ၁ ရက်မှာ လူထုဂျာနယ်ကို ပြန်လည်ထုတ်ဝေခဲ့တယ်။ လူထုဂျာနယ်နဲ့ လူထုသတင်းစာကိုတွဲပြီး ပြန်လည် ထုတ်ဝေ ခဲ့ချိန်မှစပြီး ခင်ပွန်းနှင့်အတူ သတင်းစာ၊ ဂျာနယ်လုပ်ငန်းများကို ဇောက်ချ လုပ်ကိုင်ခဲ့ပြီး လူထု ဒေါ်အမာရယ်လို့ အမည်တွင်လာ ခဲ့တယ်။
■ ၁၉၅၃ ဇွန် ၆ ရက်မှာ ကမ္ဘာ့ဒီမိုကရက်တစ် အမျိုးသမီးညီလာခံ (ကိုပင်ဟေဂင်)၊ ၁၅ ရက်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံ (ဟန်ဂေရီ၊ ဘူဒါပက်)၊ ဇူလိုင် ၂၅ ရက်မှာ ဒုတိယအကြိမ် ကမ္ဘာ့လူငယ်နဲ့ ကျောင်းသားပွဲတော် (ရူမေးနီးယား၊ ဘူခါရက်စ်) တို့ကို တက်ရောက်ခဲ့တယ်။
■၁၉၅၃ မှာ လူထု ဦးလှ ပုဒ်မ ၅ နဲ့ အဖမ်းခံရလို့ လူထု သတင်းစာ ခေါင်းကြီးတွေကို တာဝန်ခံ ရေးသားခဲ့တယ်။
■၁၉၅၉ မတ် ၁၂ ရက်မှာ လူထုသတင်းစာ ချိပ်ပိတ်ခံရတယ်။
■၁၉၆၀ မေ ၁၀ရက်မှာ လူထုသတင်းစာ ပြန်လည်ထွက်ရှိခဲ့တယ်။
■ ၁၉၆၂ ဖေဖော်ဝါရီ ၃ ရက် အေရိုဖလုတ်လေကြောင်း ဖွင့်ပွဲသို့ သတင်းစာဆရာ ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခံရသဖြင့် မော်စကိုသို့ သွားရောက်ခဲ့တယ်။ အပြန်တွင် အရှေ့ဂျာမနီ၊ ချက်ကိုစလိုဗက်ကီးယားနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံများကို လည်ပတ်ခဲ့တယ်။ ဒီ ဥရောပခရီးစဉ်တွေကို ‘ဆိုရှယ်လစ် တိုင်းပြည်များသို့ အမည်ဖြင့် စာအုပ်ရေးသား ထုတ်ဝေခဲ့တယ်။
■၁၉၆၄ မှာ ပြည်သူချစ်သော အနုပညာရှင်များစာအုပ်ဖြင့် စာပေဗိမာန် မြန်မာ့ယဉ်ကျေးမှု အနုပညာဆိုင်ရာ စာပေပထမဆုကို ရရှိခဲ့ပါတယ်။
■၁၉၆၇ ဇူလိုင် ၇ ရက်မှာ လူထုသတင်းစာ ရပ်စဲခံခဲ့ရတယ်။
■၁၉၇၀ မတ် ၃ ရက်မှာ ကျင်းပတဲ့ မန္တလေးကွန်သာယာ စာတမ်းဖတ်ပွဲမှာ ဗမာ့ဖန်ကျီလုပ်ငန်း စာတမ်းကို ဖတ်ကြားခဲ့တယ်။ ၁၉၇၁ မန္တလေးဓမ္မဗိမာန်မှာ ကနေ့ဗမာ သဘင်စာတမ်းကို ဖတ်ကြားခဲ့တယ်။ ၁၉၇၆ သြဂုတ် ၁၉ ရက် ဟံသာဝတီသတင်းစာ စနေအစောပိုင်း စာတမ်းဖတ်ပွဲမှာ အတ္ထုပ္ပတ္တိ စာပေစာတမ်း ဖတ်ကြားတင်သွင်းခဲ့တယ်။
■ ၁၉၇၈ သြဂုတ် ၂၁ ရက်မှာ ခင်ပွန်းသည် လူထု ဦးလှ၊ သားညီပုလေး (ကိုငြိမ်းချမ်း) တို့နဲ့အတူ ထိန်းသိမ်းခံရတယ်။ အထိမ်းသိမ်းခံရသည်မှာ တစ်နှစ်၊ တစ်လ၊ တစ်ရက် ကြာမြင့်ခဲ့ပြီး၊ ၁၉၇၉ ခု သြဂုတ် ၂၂ ရက်မှာမှ ပြန်လည်လွတ်မြောက်ခဲ့တယ်။
■ ၁၉၈၂ သြဂုတ် ၇ ရက်၌ ခင်ပွန်းသည် လူထုဦးလှ ကွယ်လွန်ခဲ့တယ်။
■ ၁၉၈၄ မတ် ၄ မှာ လောင်ကျွမ်းတဲ့ မန္တလေးမီးကြီးမှာ ကြီးပွားရေးစာအုပ်တိုက်၊ ပုံနှိပ်တိုက်၊ စက္ကူ သိုလှောင်ရုံတွေ မီးလောင်ဆုံးရှုံးခဲ့တယ်။ ၁၉၈၅ နိုဝင်ဘာ ၂၉၊ အသက် (၇၀) ပြည့်မွေးနေ့ကစပြီး အမရပူရ တောင်လေးလုံးကျောင်းမှာ မွေးနေ့ပွဲ နှစ်စဉ်ကျင်းပခဲ့တယ်။
■ ၁၉၉၂ ခုနှစ်အတွင်း ရနံ့သစ်မဂ္ဂဇင်း၌ ဇမ္ဗူဒီပါ အောင်ထွန်း ကလောင်အမည်ခွဲ ဖြင့် နိုင်ငံတကာ ဆောင်းပါးများကို ရေးသားခဲ့တယ်။
■ ၁၉၉၅ မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်း ကျောင်သားဟောင်းများ ဦးစီးထုတ်ဝေတဲ့ (၇၅) ကြိမ်မြောက် အမျိုးသားနေ့ စိန်ရတု အထိမ်းအမှတ် မဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့တယ်။ နဒီမြန်မာ ဦးအောင်ခိုင်၊ ဒေါ်ညိုမီ မိသားစုမှ နာရေးယာဉ်တစ်စီး လှူဒါန်းပြီး တောင်စလင်းဆရာတော် ဦးတိက္ခက ကျောင်းဝင်းအတွင်း ပေနှစ်ရာပတ်လည် မြေကွက်ကို အသုံးပြုခွင့်ပေးလို့ ၁၉၉၈ မေ ၇ ရက်နေ့မှာ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းကို မန္တလေးတွင် စတင် ဦးဆောင် ဖွဲ့စည်းခဲ့တယ်။ ထိုအသင်းမှာ နာယကအဖြစ် တာဝန်ယူခဲ့တယ်။ နာရေး ကူညီမှု အပိုင်းမှာအသားကျလာသည့်အခါ ကျန်းမာရေး ကူညီမှုများကို ၂၀၀၀ ပြည့်နှစ် ဧပြီ ၄ ရက်မှ စပြီး ကူညီပေးခဲ့တယ်။
ထင်ရှားသော စာအုပ်များမှာ မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ (၁၉၃၈)၊ စန္ဒမာလာ (၁၉၄၀)၊ ပြည်သူချစ်သော အနုပညာသည်များ (၁၉၆၄)၊ ဘ၀ချင်း မတူသည့် တရုတ်ပြည် (၁၉၆၆)၊ အောင်ဗလ ဖိုးစိန် စိန်ကတုံး (၁၉၆၇) ၊ ရွှေရိုးဦးဘကလေး (၁၉၆၉)၊ ရွှေမန်းတင်မောင် (၁၉၇၀)၊ အငြိမ့် (၁၉၇၃)၊ ရွှေဒေါင်းတောင် ဆောင်းပါးများ (၁၉၇၅)၊ ဆရာကြီးသခင် ကိုယ်တော်မှိုင်း (၁၉၇၆)၊ အာဖရိက ၀တ္ထုတိုများ (၁၉၈၉)၊ မန္တလေးသူ မန္တလေးသားများ (၁၉၉၁)၊ ထိုင်းဝတ္ထုတိုများ (၁၉၉၂)၊ ထိုင်းဝတ္ထုတိုများ (၂) (၁၉၉၃)၊ ရတနာပုံ မန္တလေး ကျွန်မတို့ မန္တလေး (၁၉၉၃)၊ သာသနာ့တန်ဆောင် ဆရာတော်ကြီးများ (၁၉၉၄)၊ ကျွန်မတို့ ငယ်ငယ်က (၁၉၉၄)၊ အမေ့ရှေးစကား (၁၉၉၇) တို့ ဖြစ်ကြပါတယ်။
လူထု ဒေါ်အမာ (၉၂)နှစ်သည် ၂၀၀၈-ခု ဧပြီ ၇ ရက် နံနက် ၈ နာရီ ၃၇ မိနစ်မှာ မန္တလေးဆေးရုံကြီး၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့တယ်။ ကွယ်လွန်ချိန်မှာ သားသမီး (၄) ဦးဖြစ်သော ရဲဘော်ဖိုးသံချောင်း၊ ဦးငြိမ်းချမ်း (ခေါ်) ညီပုလေး(စာရေးဆရာ)၊ ဒေါက်တာ သန်းရင်မာနှင့် ဒေါ်တင်ဝင်းတို့ ကျန်ရစ်ခဲ့တယ်။ ရုပ်အလောင်းကို သမီးအကြီး မြမဉ္ဇူ အိမ်တွင်ထားရှိပြီး ဈာပန အခမ်းအနားကို နံနက် (၁၀) နာရီတွင် ကြာနီကန် သုဿန်တွင် မီးသဂြုင်္ိဟ်၍ အရိုးပြာကို ဧရာဝတီမြစ် လည်ကောင်မှာ မျှောခဲ့တာ ဖြစ်ပါတယ်။
Writer:
ကိုနေ(မန်း)
============
Eleven Media Group

Powered by Blogger.