ပြောင်းလား မပြောင်းလားပြော


ဗျို့ ... အယ်ဒီတာ

ပြောပါရစေဗျာ။ကျုပ်တို့ အစကမပြောလား။ ရွေးကောက်ပွဲနားနီးရင် ပွဲကြမ်းမှာပါဆို။ အခုကိုပဲ ကြည့်ဗျာ။ ရွေးကောက်ပွဲကျင်းပဖို့ ကိုးရက်လောက်အလိုမှာ ကြားရတဲ့သတင်းတွေက စိတ်မကောင်းစရာပါကလား။ သာကေတမှာ ဒီချုပ်အမတ်လောင်းနဲ့ အပေါင်းပါအချို့ မဲဆွယ်စည်းရုံးစဉ်မှာ ဓားခုတ်ခံလိုက်ရသတဲ့။ ဖြစ်ရလေဗျာ။ ဒါမျိုးဟာ မလုပ်ကောင်းတဲ့အလုပ်တစ်ခုပဲဗျ။ ဒီအမှုအခင်းအတွက် ကျူးလွန်သူတွေကို ဆိုင်ရာတွေက စနစ်တကျနဲ့စုံစမ်းဖော်ထုတ်အရေးယူမှုတွေ လုပ်ပေးဖို့လိုတယ်။ ဟိုလိုဒီလိုနဲ့ ပြီးမသွားသင့်ဘူး။

အနှီသတင်းနဲ့ပတ်သက်ပြီး အခုဆိုရင် လူထုကြားမှာလည်း စုတ်တသပ်သပ်နဲ့ခင်ဗျ။ ပြီးတော့ လည်း ဒီချုပ်နဲ့ ဒီချုပ်အမတ် လောင်းတွေဟာ ဟောဒီရွှေပြည် ကြီးမှာ လူထုထောက်ခံမှုအရှိဆုံး။ တစ်နည်းအားဖြင့် လူထုအများစု ရဲ့ ချစ်ခင်မှုကိုခံရတယ်ပေါ့ဗျာ။သို့ကလို အချစ်ခံရဆုံးပါတီက အမတ်လောင်းက ဓားခုတ်ခံရပြီး လူအတော်များများ အမုန်းခံနေရ တဲ့ပါတီကလူတွေကျ ဘေးမသီ ရန်မခပါကလားဆိုပြီး အံ့သြမဆုံး ပေါ့လဗျာ။

ဘယ်လိုပဲဖြစ်ဖြစ် အခုလို ရွေးကောက်ပွဲကျင်းပဖို့ ရက်သတ္တ တစ်ပတ်သာ လိုတော့ချိန်မှာ ကိုယ်စားလှယ်လောင်းတွေ ဓား ခုတ်ခံရတယ်ဆိုတာဟာ ဘယ်လို မှနှစ်မြို့စရာမကောင်းတဲ့အဖြစ်ပဲ။ ပြီးတော့ လမ်းပေါ်မှာ သူ့ဟာ သူမဲဆွယ်နေတာ ဓားနဲ့လာခုတ် တယ်ဆိုတော့ကာ ပိုပြီးတောင်မှ မဖြစ်သင့်သေးဗျာ။ ဒီ့အတွက် ခုနင်ကပြောသလိုပေါ့လေ။ အမှု ကျူးလွန်ခဲ့သူတွေအပေါ် ဆိုင်ရာ က ထိရောက်တဲ့အရေးယူမှုတွေ ခပ်မြန်မြန်လုပ်ပေးမှတော်မယ်။ သို့ကလိုမဟုတ်ရင် အခု ဓားခုတ် မှုရဲ့နောက်ကွယ်မှာ ဘယ်သူ ဘယ်ဝါ ပါဝင်ပတ်သက်ပါတယ် ဆိုတဲ့အသံတွေထွက်လာရင် ဘယ်သူ့အတွက်မှ ကောင်းကျိုး မဖြစ်ဘူးထင်တာပဲဗျာ။ အရေးယူ ပါ။ ခပ်မြန်မြန်အရေးယူပေးပါ။

အောင်မယ် . . . ကျုပ်က ခပ်မြန်မြန်အရေးယူပေးလို့သာ ပြောရတာ။ ဟိုတစ်ရက်က အညာဘက်မှာ ဒီချုပ်အမတ်လောင်း တွေ မဲဆွယ်ဟောပြောနေတုန်း ပျားတုပ်ခံရတဲ့ကိစ္စလေဗျာ။ အဲ သဟာ ပျားအုံကိုဘယ်သူက ခဲနဲ့ ထုသလဲဆိုတဲ့တရားခံတောင်မှ မပေါ်သေးဆိုတော့ အခု သာကေ တမယ် အမတ်လောင်းကို ဓားနဲ့ အခုတ်ခံရတဲ့အမှု မြန်မြန်နဲ့မှန်မှန် စုံစမ်းဖော်ထုတ်အရေးယူဖို့ရာ ပြောရတာ တယ်ပြီးအားတော့ မရှိလှဘူး အယ်ဒီတာရဲ့။ အလား တူပဲလေ။ ပြည်ခိုင်ဖြိုးအလံခိုးခံရ တဲ့အမှုမှာလည်း အလံခိုးသူ ဘယ်သူဆိုတာ ဖမ်းမိသွားကြပြီ လားမသိ။ ဘစီရဲ့ အယ်ဒီတာများ ရော ဘာကြားမိသေးသတုံး။

သို့ကလို ရွေးကောက်ပွဲ ကာလ ကျူးလွန်ဖြစ်ပွားတဲ့တရား ခံအချို့သာ ခပ်မြန်မြန်မဖော်တာ ပါ အယ်ဒီတာရေ့။ ဒီမိုကရေစီ ပညာရေးအတွက် သပိတ်မှောက် ကျောင်းသားတစ်ဦးဖြစ်ပြီး ဖမ်း ဝရမ်းအထုတ်ခံထားရတဲ့ ကို ကျော်ကိုကိုတော့ဖြင့် တမြန်နေ့ က အဖမ်းခံထိသွားပြီဆိုပဲဗျ။ ဒါမျိုးတွေများ လိုက်လံစုံစမ်းဖမ်း ဆီးရမယ်ဆိုလို့ကတော့ သက် ဆိုင်ရာတွေကလည်း အင်မတန်မှ လုံ့လဝီရိယရှိကြထင်ပါရဲ့၊ မကြာ ဘူး မိတာပဲဗျို့။ ကြည့်လဗျာ။ ဟိုးတလောလေးတုန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဖေ့စ် ဘွတ်ခ်မယ် ဂုဏ်သတင်းကျဆင်း အောင်လုပ်တယ်ဆိုတဲ့ချစ်သမီး ကို ဖမ်းတုန်းကဆိုရင်လည်း တရားစခန်းထိ လိုက်ဖမ်းတယ်ဆို လား။ သမ္မတကြီးနာမည် အဝှာ မှာရေးထိုးထားဆိုပြီးသကာလ ရေးတဲ့ကဗျာဆရာမောင်ဆောင်း ခဆိုရင်လည်း အခုခါ အပြေး ကောင်းလို့သာ လွတ်နေသေး တာ။ ဆိုင်ရာက အပူတပြင်းလိုက် လံရှာဖွေဆဲရှိသတဲ့ဗျာ။ သတင်း တွေထဲမှာ ကျုပ်တို့ဖတ်နေရတာ တွေပြောပါတယ်။ ဆိုတော့ကာ အခု ဒီချုပ်အမတ်လောင်းကို ဓား နဲ့ခုတ်သူများကိုလည်း မကြာခင် မှာ အားလုံးဖမ်းမိအရေးယူတာ တွေလုပ်လိမ့်မယ်လို့ မျှော်လင့် ရတာပဲလေ။

သို့ကလို စိတ်မကောင်း စရာအဖြစ်တွေ ဖြစ်ပျက်နေတာနဲ့ တစ်ရက်တည်းမှာပဲ ကျုပ်တို့ရွှေ ပြည်ကြီးရဲ့သမ္မတဦးသိန်းစိန်ဟာ သူ့ရဲ့မွေးရပ်မြေမှာ မေးခွန်းတွေ သွားထုတ်နေတာကြားရသဗျာ။ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာ ကိုပြောတာလဲတဲ့။ ကိုင်းကြားတဲ့ အတိုင်းပဲ အယ်ဒီတာမင်းရေ။ ကျုပ်တို့ပြောမဟုတ်လား။ အခု ရွေးကောက်ပွဲမှာ ဒီချုပ်ရဲ့ပြောင်း လဲချိန်တန်ပြီဆိုတဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံဟာ အပြောင်း အလဲကို ဖော်ဆောင်ပါတယ်ဆို တဲ့ လက်ရှိအစိုးရအဖွဲ့ဝင်လူကြီး မင်းတွေအဖို့တော့ မကြာခဏ လျှာခလုတ်တိုက်စရာ ဖြစ်နေ တယ်လို့။

ရှေ့မှာလည်း ဒါမျိုးတွေ ပြောခဲ့ပြီးသားပဲ။ ဒါပေသိ အနှာ လိုပြောင်းလဲချိန်တန်ပြီဆိုသဟာ ကို ပြန်ပြီးမေးခွန်းထုတ်တာက ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းတွေအများစုခင်ဗျ။ ဟုတ်သလေ။မေးခွန်းထုတ်သင့်တာပေါ့။ ရွေး ကောက်ပွဲမှာ အပြိုင်အဆိုင် မဲ ဆွယ်စကားပြောရတယ်ဆိုတော့ ကာ တစ်ဖက်က ပြောင်းလဲချိန် တန်ပြီပြောနေတာကို တစ်ဖက်က ပြောင်းနေပါတယ်ဆိုပြီးချေပရမှာပေါ့။ ဒါက သဘာဝကျတဲ့ကိစ္စ ပဲ မင့်ဟာ။

နို့ပေတဲ့ အခုတစ်ခါ‘ပြောင်း လဲချိန်တန်ပြီ’ဆိုတဲ့စကားကို မေး ခွန်းထုတ်လာသူက သမ္မတဦး သိန်းစိန်ဖြစ်နေတော့ကာ ထူးခြား သဗျ။ သူက ဒီချုပ်ရဲ့ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီရဲ့ဦးဆောင်သူ ဆိုပေတဲ့ လက်ရှိမှာ သမ္မတရာ ထူးကို လက်ခံထားသူမို့ မိခင်ပါတီရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက် ပြောဆိုမှုပြုခွင့်မရှိဘူးလေဗျာ။ ဖွဲ့စည်းပုံဥပဒေမှာလည်း ဒီ အချက်ကို တားမြစ်ထားပြီးသား။ ဆိုတော့ကာ အခုလို ပါတီတစ်ခု ရဲ့ရွေးကောက်ပွဲကြွေးကြော်သံ ကို နိုင်ငံတော်သမ္မတစ်ဦးက မေး ခွန်းထုတ်ကာ ပြန်လည်ချေပပြော ဆိုတာဟာ ဥပဒေနဲ့ညီသလား၊ မညီသလား။ ဒါကတော့ သက် ဆိုင်ရာနိုင်ငံရေးသမားတွေ၊ နိုင်ငံ ရေးလေ့လာသုံးသပ်သူတွေက ဝေဖန်ထောက်ပြရမယ့်အချက်ပဲ။ ဘစီတို့ကတော့ ဒါမျိုးတွေမှာနား မလည်ပေါင်။ မသိပေါင်။ မကျွမ်း ကျင်ပေါင်။ နို့ပေတဲ့ သမ္မတပြော သွားတဲ့ပြောင်းသလား၊ မပြောင်း သလားဆိုတဲ့ စကားတွေနဲ့ပတ် သက်ပြီးတော့ဖြင့် နည်းနည်းပါး ပါးစဉ်းစားကြည့်မိသဗျ။

အယ်ဒီတာရေ . . .သမ္မတ ကပြောသလေ။ သူတို့အစိုးရက စနစ်တစ်ခုကနေ စနစ်တစ်ခု ပြောင်းတဲ့ အစိုးရဖြစ်သတဲ့ခင်ဗျ။ သူတို့ပြောင်းလဲပြီးပြီပေါ့လေ။ အနှာလိုပြောင်းလဲရာမှာလည်း ဟို . . . ဘယ်လိုပြောရမလဲပေါ့ လေ။ အာရပ်ကမ္ဘာက အပြောင်း အလဲဆိုတာတွေလိုလည်းမဟုတ် ဘူး။ သူတို့လို သွေးထက်သံယို တွေမရှိဘဲ အသာအယာပြောင်း လဲနိုင်ခဲ့တယ်တဲ့ခင်ဗျ။

ဆိုတော့ကာ သူတို့ဟာ ပြည်သူအများလိုလားတဲ့ ဒီမိုကရေစီ စနစ်ကို ပြောင်းပြီးပြီဖြစ်တဲ့ အတွက် အခု ပြောင်းလဲချိန်တန် ပြီဆိုတာ ဘာကိုပြောတာပါလဲ တဲ့။ သူတို့ကဖြင့် ပြောင်းပြီးပြီ တဲ့။ ပြောင်းပြီးတဲ့စနစ်ကို ခိုင်မာ အောင် ဆက်လုပ်သွားဖို့ပဲလို တော့တယ်တဲ့ဗျ။ သူတို့ဘာတွေ ပြောင်းလဲခဲ့တယ်ဆိုသဟာကို လည်း သမ္မတက ဥပမာများနဲ့ ဝေဝေဆာဆာရှင်းပြသွားတာ လည်း ကျုပ်တို့တွေ့ရပါရဲ့ အယ် ဒီတာခင်ဗျာ။

ဘာတွေပြောင်းလဲသွားလဲ ဆိုတော့ ဟောဒီမှာကြည့်ပါခင် ဗျ။ သမ္မတပြောတာ။ ဟိုတုန်းက လက်ကိုင်ဖုန်းတစ်လုံး ကျပ်သိန်း သုံးလေးဆယ်ပေးဝယ်ခဲ့ရာက အခုဆိုရင် ဈေးပေါပေါနဲ့ ရွာသား တွေပါဖုန်းကိုင်နိုင်လာတာ။ လူ ဝတ်ကြောင်တွေတင်မက ဘုန်း ဘုန်းတွေတောင်မှ ဟန်းဖုန်းနဲ့ ဓာတ်ပုံတွေ ဘာတွေတောင်မှ ရိုက်နေနိုင်ပြီတဲ့ခင်ဗျ။ ကျောင်း သားတွေကလည်း ဖုန်းနဲ့၊ ဈေး သည်ကလည်းဖုန်းနဲ့၊ လယ်သမား ကလည်းဖုန်းနဲ့၊ ဆိုက်ကားနင်းသူ ကလည်းဖုန်းနဲ့။ အဲသဟာတွေ ဟာ တိုးတက်မှုတွေပါတဲ့လေ။

ဒါမျိုးကို ပြည်ခိုင်ဖြိုးအမတ် လောင်းများလည်း မကြာခဏ ပြောနေကြတာ ကြားရတယ်ဗျာ။ အခုလည်း သမ္မတက လူတိုင်း ဖုန်းကိုင်နိုင်တာဟာ သူတို့အစိုးရ ပြောင်းလဲမှုငါးနှစ်တာ ရလဒ်တွေ ဆိုပဲဗျ။ ဒီမယ် ဘစီမိတ်ဆွေက တော့ ဘာပြောလဲသိလား။ ဒါ တွေဟာ လျှောမွေးကို ဗာရာဏ သီချဲ့နေတာတဲ့။ သူပေးတဲ့ဥပမာ က မှတ်သားလောက်တယ်ဗျ။ လူတစ်ယောက်ဟာ မွေးတုန်းက ကိုယ်လုံးတီးနဲ့။ နည်းနည်းကြီး လာတော့လည်း တစ်ခါတလေ အောက်ပိုင်းဗလာနဲ့ လျှောက် သွားနေတာပဲ။ နောက်တော့ ဘောင်းဘီတိုလေးဘာလေးဝတ်၊ အဲဒီက နည်းနည်းကြီးလာတော့ ပုဆိုးလေးဘာလေးဝတ်လာ၊ စသဖြင့် သူ့သဘာဝအခြေအနေနဲ့ ပြောင်းလဲလာတာကို ဒါဟာ ပြောင်းလဲတိုးတက်မှုလို့ ခေါ်လို့ ရပါ့မလား။

အသက် ၂ နှစ်သားလောက်တုန်းက မိမွေးတိုင်း၊ ဖမွေးတိုင်းအရပ်ထဲလျှောက်ကဲနေပေတဲ့ အသက်၂၀ မှာ ပုဆိုးဝတ်ပြီး လုံလုံခြုံခြုံနေတတ်လာတာဟာ ပြောင်းလဲမှုမဟုတ်ဘူး။ အဲဒါသဘာဝပဲတဲ့လေ။

အခုလည်း လူတွေ စက်ဘီး စီးရာက ဆိုင်ကယ်ပြောင်းစီး၊ ဖုန်းဆိုတာ ချိုနဲ့လားမေးရတဲ့ဘဝ က ဖုန်းတွေပေါပေါလောလော ကိုင်နိုင်တာဟာ ထူးခြားတဲ့ပြောင်း လဲမှုမှမဟုတ်တာပဲကလား။ ဒါ တွေဟာ လူတွေရဲ့တိုးတက်မှုပဲ လေ။ ဒါတောင်မှ ဘစီတို့မြန်မာ လူထုဟာ အိမ်နီးနားချင်းနိုင်ငံ တွေနဲ့ယှဉ်လိုက်ရင် စက်ဘီးက ဆိုင်ကယ်ပြောင်းစီးနိုင်တာ၊ အခု လိုဖုန်းတွေ လူတိုင်းကိုင်နိုင်တဲ့ အခြေအနေဟာ အတော်တောင် မှ နောက်ကျနေပါသေးဗျာ။ အဝေးကြီးမကြည့်နဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဖုန်းကို လမ်းဘေး စတိုးဆိုင်မှာ လိုသလိုဝယ်ကိုင်နိုင် နေချိန်မှာ ကျုပ်တို့ရွှေပြည်ကြီးမှာ ဖုန်းတစ်လုံး ကျပ် ၁၅ သိန်း လောက်ဖြစ်နေတုန်းရှိသေးတာ။ သူများထက် ၁၀ နှစ်၊ ၁၅ နှစ် နောက်ကျပြီးမှ ဖုန်းတွေဈေးပေါပေါနဲ့ချပေးတာများ ပြောင်းလဲတိုးတက်မှုရဲ့လက္ခဏာပါတဲ့လေ။ ဟေ .. . ဟေ . .သိပ်ရယ်ချင်တာပဲအယ်ဒီတာတို့ရာ။ ဒါပေသိ မရယ်ရဲပါဘူးခင်ဗျာ။

ကိုင်း . . . တယ်လီဖုန်းတွေ အခုလိုဈေးပေါပေါနဲ့ လူတိုင်း ကိုင်နိုင်တဲ့အဆင့်ရောက်အောင် လုပ်ပေးလိုက်တော့ ဘယ်သူက အကျိုးများတုန်း။ မြန်မာ့ဆက် သွယ်ရေးဟာ ဖုန်းပြောခတွေ အရင်ထက်တောင်မှ ဆတက်ထမ်းပိုး တိုးလို့ရမလာဘူးလား။ ပြောရင်တော့ ပြောစရာတွေပေါ့ ဗျာ။ သမ္မတကတော့ ပြောတာပဲ။ အခုပြောင်းသင့်တာပြောင်းပြီးပြီ ဆိုတော့ကာ ဆက်ပြောင်းစရာ ကွန်မြူနစ်စနစ်သာရှိတော့သတဲ့ ဗျာ။ အဲဒီစနစ်တော့ ပြည်သူတွေ က ပြောင်းချင်ကြမယ်မထင်ဘူး တဲ့ခင်ဗျာ။ ဟုတ်တာပေါ့။ မြောက်ကိုရီးယားလို ကွန်မြူနစ် အယောင်ဆောင် အာဏာရှင်နဲ့ တွေ့ရင် ကျုပ်တို့မယ် အခက်။ သဟာနဲ့သွားယှဉ်ရင်တော့ကာ အခု ပြောင်းထားတဲ့ဒီမိုကရေစီ လေးကမှ အိုကေနေသေး။

ဘာပဲဖြစ်ဖြစ်ပေါ့ အယ်ဒီ တာရေ . . .ကျုပ်တို့တော့ ပြောင်း တယ် မပြောင်းတယ်မသိပါဘူး ဗျ။ သိတာကတော့ အခုဆိုရင် ကျုပ်တို့ရွှေပြည်ကြီးမှာ ရေမြေ တောတောင်သဘာဝသယံဇာတ အရင်းအမြစ်များ ပြောင်သလင်း ခါ၊ တောင်ပြောင်၊ တောပြောင် ဖြစ်နေတာ၊ ပြည်သူအများ ဆင်း ရဲမွဲတေဖွတ်ကျောပြာစုခရုဆန်ကျွတ် သူ့ထက်ငါအမွဲတကာ့ထိပ် ခေါင် ပြောင်ပြောင်ရောင်ရောင် မရှိကြတာကတော့ ရင်နာစရာ လက်တွေ့မျက်မြင်ပါပဲခင်ဗျား။ ဒါပေတဲ့ နိုင်ငံတော်ရဲ့အကြီးအကဲ ဖြစ်သူ သမ္မတက သူ့မျက်လုံးထဲ ဖုန် အဲ . . . ဖုန်းတွေချည်းမြင်နေ တော့ မခက်လား။ တော်သေးပြီ။

(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်သည်)

============

7Day News Journal

http://www.7daydaily.com/story/49852
Powered by Blogger.