ရာဇ၀င်ထဲက မြန်မာမွတ်ဆလင်များ


ယနေ့ထုတ် ( စက်တင်ဘာ ၂၀၊ ၂၀၁၄) မြန်မာ့အလင်း သတင်းစာမှာ ဆောင်းပါးရှင် ကိုသစ္စာ ရေးသားထားတဲ့ "အကြမ်းဖက်ဝါဒသည် နိုင်ငံတော်၏ရန်သူဖြစ်သည်" ဆိုတဲ့ဆောင်းပါးမှာ မြန်မာမွတ်ဆလင်တွေရဲ့ သမိုင်းကို အတိုချုပ် ရှင်းပြထားပါတယ်။

ဝမ်းနည်းဖို့ကောင်းတာက ၀ါဒဖြန့်တဲ့နည်းတွေထဲက တစ်နည်းဖြစ်တဲ့ ရောချခြင်း ( Over-generalization ) နည်း သုံးထားတာရယ်၊ ဘုရင်အမည်တွေတောင် မှန်အောင်မသိဘဲ အကြီးအကျယ်ရေးထားတာတွေရယ်ကြောင့် ဖတ်ရတာ သိပ်အရုပ်ဆိုးနေတာပါပဲ။ ဥပမာပြပါ့မယ်-

(၁) တပင်ရွှေထီးလက်ထက်မှာ မင်းခေါင်နော်ရထာ နှင့်အတူ တိုင်းပြည်အရေးကိစ္စဆောင်ရွက်တယ် ဆိုတဲ့..။ ( မင်းခေါင်နော်ရထာ အမည်နဲ့ သူရဲကောင်းဟာ တောင်ငူခေတ်မှာ ပေါ်တာမဟုတ်ဘဲ ကုန်းဘောင်ခေတ် ဦးအောင်ဇေယျ ခေတ်မှ ပေါ်တာဖြစ်ပါတယ်။ နောက်ဘာလုပ်တယ်ဆိုတာကိုလဲ သေချာမဖော်ပြဘဲ ရောသလိုပေါသလို လုပ်ထားပါတယ်။)

(၂) ဘိုးတော်ဦးဝိုင်းလွန်တဲ့အခါ စစ်ကိုင်းမင်းလို့လည်း ခေါ်တဲ့နောင်တော်ကြီးမင်း ခေတ်မှာ..။ ( တကယ့်တလွဲကြီးပါ။ နောင်တော်ကြီးဟာ ဦးဝိုင်းရဲ့ အစ်ကိုသာဖြစ်ပြီး တကယ်ဖြစ်သင့်တာက စစ်ကိုင်းမင်းခေါ် ဘကြီးတော် ဖြစ်သင့်တာပါ။ သိပ်ရုပ်ပေါက်တဲ့ အမှားပါ။)

(၃) ညောင်ရမ်းခေတ်လွန် အင်းဝခေတ်အစ စနေမင်းလက်ထက်..။( စာရေးသူဟာ ပု၊ပင်း၊အင်း၊တောင်၊ညောင်၊ကုန်းဘောင် ဆိုတဲ့ ခေတ်အစဉ်ကိုတောင် မသိဘဲ ရမ်းရွှီးထားတာ ပေါ်လွင်စေတဲ့ အရေးအသားပါ။ စနေမင်းဟာ ညောင်ရမ်းခေတ်နှောင်းကာလ က မင်းတစ်ပါးသာဖြစ်ပါတယ်။)

ထားပါတော့.. ကြောင်သိသလောက် ရာဇ၀င်ထဲက မြန်မာမွတ်ဆလင်တွေ အကြောင်းကို အရှိကို အရှိအတိုင်း စာစီပြပါမယ်။ ( အနှစ်ချုပ်ပေါ့နော်)

(၁) ပုဂံခေတ်

-ဗျတ်ဝိ၊ဗျတ္တ တို့နှစ်ဦးကို အစောဆုံး ခိုးဝင်ဘင်္ဂါလီများအဖြစ် သတ်မှတ်ကြသော်လည်း အမှန်မှာ ၄င်းတို့သည် ပါရှန်အနွယ်ဝင်များဖြစ်ပြီး ခိုးဝင်ခြင်းမဟုတ်ဘဲ သဘောင်္ပျက်၍ ရောက်လာခြင်းသာဖြစ်သည်။ နောင်တွင် ဗျတ်ဝိမှာ သထုံတွင် သတ်ခံရပြီး ညီငယ် ဗျတ္တမှာ အနော်ရထာမင်းထံ သက်စွန့်ကြိုးပမ်း အမှုတော်ထမ်းခဲ့သည်။

-ကျန်စစ်မင်းကြီးလက်ထက် မြကန်ကို တည်တော်မူရာ ပျူ၊ မွန်၊ဗမာ တို့နှင့်အတူ အိန္ဒိယမှ ပြောင်းရွှေ့အခြေချလာသော မွတ်ဆလင်များလည်း လုပ်အားပါဝင်ခဲ့ရသည်။

- အလောင်းစည်သူမင်းကြီးထံ ပဋိက္ခရားကုလားမင်းက သမီးကညာဆက်သခဲ့သည်။

(၂) တောင်ငူခေတ်

- ၁၅၆၉ ခုနှစ် ဘုရင့်နောင်မင်းကြီး ဒုတိယအကြိမ် အယုဒ္ဓယသို့ ချီတော်မူရာတွင် မွတ်ဆလင်ဘာသာဝင် ပသီကုလားတို့သည် ခေါင်းပေါင်းထုပ် အနီရောင်၊ ခါးစည်းကြိုး အနီရောင် ၀တ်ဆင်ကာ ဓါးကောက် စွဲလျက် ၀င်းတော်လေးမျက်နှာတွင် ချီတက်အမှုထမ်းခဲ့သည်။

- ရခိုင်မင်းများ ဘုန်းမီးနေလ တောက်ပချိန်ဖြစ်ပြီး ဘင်္ဂါ တစ်ဆယ့်နှစ်တိုင်းလုံးကို သိမ်းကျုံးအောင်မြင်ကာ ရခိုင်မင်းတို့၏ ရွှေဖ၀ါးတော်အောက်တွင် မွတ်ဆလင်များသည် မိန်းမစိုး၊ ရေခပ် စသည်ဖြင့် အမှုတော်ထမ်းခဲ့ရသည်။ ( ရခိုင်မင်းတို့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်သော်လည်း မွတ်ဆလင်တို့၏ သက်ဦးဆံပိုင် အရှင်ဖြစ်ကြောင်းသိသာစေရန် မွတ်ဆလင်ဘွဲ့များကိုလည်း ခံယူခဲ့သည်။)

(၃) ညောင်ရမ်းခေတ်

- အနောက်ဘက်လွန်မင်းလက်ထက် ငဇင်ကာကို အောင်နိုင်ပြီးနောက် ဘက်ပြောင်းခိုလှုံလာသူ ပေါ်တူဂီများနှင့် မွတ်ဆလင်များကို စနစ်တကျ နေရာချထားပေးခဲ့သည်။

(၄) ကုန်းဘောင်ခေတ်

- အလောင်းမင်းတရားကြီးလက်ထက်တွင် အာသံ၊မဏိပူရ တို့ကို အောင်နိုင်ပြီးနောက် ထိုဒေသမှ မွတ်ဆလင်အများအပြား မင်းကြီးထံသို့ ခိုဝင်လာကြသည်။ မြင်းတပ်များတွင် အမှုထမ်းကြသည်ဆို၏။

- ဘကြီးတော်မင်းလက်ထက် ပန်းဝါတိုက်ပွဲတွင် မြန်မာမွတ်ဆလင်ဖြစ်သူ ခန်ဆပ်ဗိုလ်၏ မြင်းတပ်သည် မင်းကြီးမဟာဗန္ဓုလ၏ လက်အောက်တွင် အမှုထမ်းရသည်။

- ပုဂံမင်းလက်ထက် မြန်မာမွတ်ဆလင်နှစ်ဦးဖြစ်သော ဘိုင်ဆပ်နှင့် မောင်ပိန်ကြောင့် တိုင်းရေးပြည်ရာရှုပ်ထွေးခဲ့သည်။

- မင်းတုန်းမင်းကြီးသည် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် မန္တလေးတွင် ဗလီဆောက်ရန် ကိုယ်တော်တိုင် ရွှေပန္နက်တင်ပေးခဲ့ပြီး မက္ကာတွင်လည်း ဒေါင်းတံဆိပ်တပ် ဇရပ်ကြီးတစ်ဆောင် လှုဒါန်းပေးကာ မိမိ၏တိုင်းသူပြည်သား မြန်မာမွတ်ဆလင်များကို ကရုဏာထားခဲ့သည်။

- သီပေါမင်းလက်ထက် မင်္ဂလာအမြောက်ကို တာဝန်ယူရသူမှာ မြန်မာမွတ်ဆလင် ဦးဘိုးကာ ဆိုသူဖြစ်သည်။

(၅) ကိုလိုနီခေတ်

- အင်္ဂလိပ်တို့ သိမ်းပိုက်လိုက်ချိန်ဖြစ်ပြီး အိန္ဒိယမှ မွတ်ဆလင်အများအပြား ရောက်ရှိအခြေချလာခဲ့ကာ မူလမြန်မာမွတ်ဆလင်များနှင့် ရောနှောသွားသည်။ များသောအားဖြင့် သူတို့သည် ဂျာဒူးဝါလား ( မိလ္လာကျုံးကုလား) ပါနီဝါလား ( ရေထမ်းကုလား) များအဖြစ် အသက်မွေးကြသည်။ လန်ချားဆွဲ မြန်မာမွတ်ဆလင်များလည်းရှိသည်။

- ကုလား-ဗမာအရေးအခင်းတစ်ရပ်လည်းပေါ်ပေါက်ခဲ့သည်။

(၆) လွတ်လပ်ရေးခေတ်

- အာဇာနည် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေး တို့ကြောင့် မြန်မာမွတ်ဆလင်များ ဂုဏ်ယူခဲ့ရသော်လည်း များမကြာမီ ဘူးသီးတောင်၊မောင်တောမှ မူဂျာဟစ်ပြဿနာကြောင့် ဗမာတို့၏ အမြင်စောင်းခြင်းကို ခံလာရသည်။ ဦးနုသည် ထိုဒေသမှ ပြဿနာအပေါ်နိုင်ငံရေး အမြတ်ထုတ်လိုသဖြင့် ရိုဟင်ဂျာဘာသာဖြင့် ရေဒီယိုလွှင့်ပေးကာ မဲဆွယ်ခဲ့သည်။

- ဗိုလ်နေ၀င်း အာဏာသိမ်းပြီးနောက် ကျီးကန်းစစ်ဆင်ရေး၊ ရွှေဟင်္သာစစ်ဆင်ရေးများဖြင့် ခိုးဝင်ဘင်္ဂါလီများကို ပြတ်သားစွာ ကိုင်တွယ်ခဲ့သော်လည်း ပြဿနာမီး မငြိမ်းခဲ့ပေ။

(၇) ၈၈ အရေးတော်ပုံကာလ

- မြန်မာမွတ်ဆလင်များကိုယ်တိုင် အရေးတော်ပုံတွင်တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ယနေ့ ၈၈မျိုးဆက်ကိုမြအေးသည် သက်သေဖြစ်သည်။

(၈) နအဖ ခေတ်

- ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာဖိအားနှင့် ရင်ဆိုင်ခဲ့ရသည်။ မရှိပါဟု ငြင်းသော်လည်း ဦးနုခေတ် ရေဒီယိုမှတ်တမ်းများ ထုတ်ပြသဖြင့် အခက်ကြုံခဲ့ရပြီး ထိုခေတ်အလွန် ယနေ့ ပြည်ထောင်စု အစိုးရခေတ် လက်ထက်တိုင် လူမျိုးရေး ပဋိပက္ခများဖြင့် ရှုပ်ထွေးနေဆဲဖြစ်သည်။ များမကြာမီကမူ သမ္မတဦးသိန်းစိန်က ဘင်္ဂါလီများနှင့် ပတ်သက်၍ သဘောထားတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ( သိပြီး ဖြစ်မှာပါ smile emoticon )

(၉) ကြောင့် အမြင်

- မြန်မာမွတ်ဆလင်များသည် ရှေးပဝေသဏီကပင် မြန်မာ့မြေ၊ မြန်မာ့ရေတွင် အခြေချ နေထိုင်ခဲ့ကြသူများ ဖြစ်ပြီး ခိုးဝင် ဘင်္ဂါလီများနှင့် သက်သက်စီဖြစ်သည်။ ယနေ့ ဆိုင်ဘာခေတ်တွင် ရိုဟင်ဂျာနှင့် ခိုးဝင်ဘင်္ဂါလီများသည် ၀ါဒမှိုင်းများ ထောင်းထောင်းထ အောင် တိုက်လျက်ရှိပြီး ဒေသခံ မြန်မာမွတ်ဆလင်များအနေဖြင့်၎င်းတို့နှင့် ဘာသာတူသည် ဟု ဆိုကာ ရပ်တည်ရန်မသင့်ပေ။ မြန်မာတို့အနေဖြင့်လည်း ဘင်္ဂါလီနှင့် မြန်မာမွတ်ဆလင် ကွဲကွဲပြားပြား သိရန် လိုအပ်ကာ ရိုဟင်ဂျာကိစ္စကို အမျိုးသားရေးပြဿနာ တစ်ရပ်အဖြစ် ပြတ်ပြတ်သားသား နားလည်ရန် လိုအပ်လှပေသည်။

( သတင်းစာထဲက သမိုင်းမှားကို ထောက်ပြရင်း ရောက်တတ်ရာရာတွေတောင် ရောက်ကုန်ပြီ..။ ) =(^_^)=

( ပုံကို http://lumyochit.wordpress.com/ မှယူပြီး စာစီသူမှာ ကြောင်ကိုယ်တိုင်သာ ဖြစ်ပါကြောင်း ) ~_^
ပဉ္စမံကြောင်
Powered by Blogger.