သမိုင်းပညာရှင်ဒေါက်တာသန်းထွန်း၏ သမိုင်းဆိုင်ရာ အတွေးအမြင်အယူ

အခုရေးရမှာကတော့ ပုဂံမှာစိုးစံသွားတဲ့ မင်းတွေနဲ့ပတ်သက်ပြီး လွယ်လွန်သွားရှာပြီဖြစ်တဲ့ သမိုင်းပညာရှင် ဆရာဒေါက်တာသန်းထွန်းရဲ့ တွေးပုံ၊ မြင်ပုံနဲ့ သုတေသနပြုလေ့လာပုံ၊ ယုတ္တဗေဒကျမှ လက်ခံယုံကြည်ပုံတွေပါ။ 

        စာရေးသူ ဆရာ့ကို လေးစားရတာကလည်း ဆရာကသမိုင်းနဲ့ပတ်သက်လာရင် မဟာရာဇဝင်တွေ၊ သမိုင်းကျမ်းစာအုပ်ကြီးတွေမှာပါတိုင်း ဒါအမှန်ဆိုပြီး လက်သင့်ခံသူမဟုတ်လို့ပါပဲ။  ဆင့်ပွားဥာဏ်ရည်နဲ့ပြည့်စုံသူလို့လည်း ပြောရင်ရပါတယ်။ သညာတွေး၊ သညာသိမဟုတ်ဘဲ ကျိုးကြောင်းမြော်မြင် နှိုင်းချိန်နိုင်တဲ့ ပညာသိ၊ ဦးနှောက်ရှိတဲ့ပုဂ္ဂိုလ်ဆိုတော့ အများသဘော အမှားပေါဆိုတာလို တော်ရုံသင့်ရုံလောက်နဲ့တော့ လက်မခံတာ ဘာမှတော့ မဆန်းပါဘူး။ 
        စာရေးသူတို့ ငယ်ငယ်ကတည်းက ပုဂံရာဇာဝင် တုတ်ထမ်းဓားထမ်းပြောရတယ်ဆိုတဲ့စကားလည်း ရှိခဲ့ပါတယ်။ ပုဂံရာဇဝင်မှာက အငြင်းပွားစရာ၊ လက်သင့်မခံနိုင်စရာတွေက တော်တော်ကိုများပါတယ်။  တချို့ရေးကြတာတွေက အရှင်းဆုံးဆိုရရင် ရှေးသရောအခါက ဗာရာဏသီမှာဆိုတဲ့ ပုံပြင်မျိုးတွေ ဖတ်ရသလိုပါပဲ။ ဒီလို ယုတ္တိဗေဒ မကျတာတွေကို စာရေးသူလည်း တော်တော်များများရေးခဲ့ပြီးပါပြီ။  အခုလည်း ထပ်ပြီးတွေ့ရှိနေလို့ ရေးနေတုန်းပါပဲ။ 

        ဒီမှာ ဆရာ့အကြောင်းကို ဆက်ရေးပါဦးမယ်။ စာရေးသူက ဆရာရေးတဲ့စာတွေဆို မဂ္ဂဇင်းဆောင်းပါးတွေကိုရော၊ ဆရာ့စာအုပ်တွေကိုရော အားလုံးလိုလို ဖတ်ပါတယ်။ ဆရာ့ကို ဘာကြောင့်စာရေးသူ လေးစားနေရ ပါသလဲ။ ဆရာ့လိုပညာရှင်မျိုးက အလွန်ရှားပါတယ်။ ဆရာက စာအုပ်ပုံတွေထဲမှာတင်အချိန်ကုန်နေတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ပါဘူး။ ဆရာက သမိုင်းဆိုင်ရာသုတေသနတွေကို ကွယ်လွန်သွားတဲ့အထိ မနားမနေအပင် ပန်းခံပြုစုခဲ့တဲ့ပုဂ္ဂိုလ်ပါ။ ဆရာ့ရဲ့ မွန်မြတ်တဲ့ ဦးတည်ချက်စေတနာက သမိုင်းနဲ့ပတ်သက်ရင် ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်အတွက် မှန်ကန်တဲ့ သမိုင်းမှန်ဖြစ်စေချင်တာပါ။ ဒါကြောင့်ဆရာ့ဘဝမှာ သုတေသနပြုဖို့ အတွက် အချိန်တွေအများကြီးပေးခဲ့ရပါတယ်။

     အခုဆောင်းပါးမှာ ဆရာ့ကိုလေးစားတဲ့စာရေးသူအနေနဲ့ ဆရာရေးခဲ့တဲ့သမိုင်းဆိုင်ရာ မဂ္ဂဇင်း၊ ဆောင်းပါးတွေနဲ့ ဆရာရေးသားပြုစုခဲ့တဲ့ စာအုပ်တွေထဲက ပုဂံခေတ်တချို့မင်းတွေနဲ့ပတ်သက်လို့ ဆရာ့ရဲ့တွေးပုံ၊ မြင်ပုံနဲ့ ဆရာလက်သင့်ခံတာ၊ လက်သင့်မခံတာတွေကိုလိုရင်းချုပ်ပြီး ဆရာရေးခဲ့တဲ့အတိုင်း ဖော်ပြချင်ပါတယ်။ ဒါတွေကို ဖတ်လိုက်ရရင်သမိုင်းကိုလေ့လာသူတွေ သမိုင်းကို စိတ်ဝင်စားသူတွေအတွက်လည်း အကျိုးရှိနိုင်လိမ့်မယ်လို့ ယုံကြည်စိတ်နဲ့ ဖော်ပြလိုက်ရတာပဲဖြစ်ပါတယ်။

                                                                 (၁)

        ဦးဖေမောင်တင်က “တပည့်ဟာ ဆရာ့ထက်တော်ရမယ်” လို့ပြောတယ်။ သူ့အဓိပ္ပါယ်က သုတေသနလုပ်နေကြရင် “မင်းတို့က ငါတို့မသိတာကိုသိလာမယ်၊ ငါတို့မှားတာကို ပြင်နိုင်မယ်” လို့ ဆိုလိုရင်းဖြစ်တယ်။ အမှားငယ် ဘယ်အရွယ်ပဲဖြစ်ဖြစ် ပြင်ရမယ်။ ဒီလိုပြင်နိုင်တာက မြန်မာ့သမိုင်းလေ့လာရေးမှာ အောင်မြင်တဲ့မှတ်တိုင်တစ်ခုပဲ ဖြစ်တယ်။

                                                                 (၂)

        အထက်အထက်ကလူတွေရဲ့ ချို့ယွင်းချက်ကိုပြင်ဆင့်ဖြည့်စွက်ဖို့ ကျောက်စာကိုအားကိုးပါတယ်။ ပုဂံခေတ် ကျောက်စာကို အားကိုးတယ်။ ရာဇာဝင်ကြီးက ဒီလိုဆိုတာလို့ပြောလာရင်၊ အဲဒါ ငါမယုံဘူးလို့ဖြေမယ်။ ခေတ်ပြိုင်အထောက်အထားမရှိလို့ပဲ။ ရှာရင်းဖွေရင်း ယုံကြည်လောက်တဲ့ အထောက်အထားရလာရင် စောစောကပြောတာကို ပြင်မယ်၊ ဖြည့်မယ်။

                                                                  (၃)

        ရာဇဝင်ကြီးမှာ ရက်စွဲမှားတာတွေ၊ နာမည်မှားတာတွေ ပြင်တယ်။ အရင် အနှစ်သုံးဆယ်ကျော်က သုတေသ နပြုပြီးရေးတဲ့စာတွေထဲမှာ မပါတာ၊ မှားတာလည်း အခု ပြင်နိုင်၊ ဖြည့်နိုင်တယ်။ တွေ့တဲ့အတိုင်းရေးမယ်။ အဂတိ မလိုက်ဖို့၊ အားမနာဖို့အရေးကြီးတယ်။ အကြွားအဝါတွေ၊ ပေါတောတောတွေလည်း မရေးဖို့အရေးကြီး တယ်လို့ ဆိုချင်တယ်။

                                                                  (၄)

        ရာဇဝင်ထဲမှာ ပါသားပဲ။ လူထည့်ပါလားလို့ ပြောတတ်ကြတယ်။ ရာဇဝင်ကြီးမှားသလို လိုက်မမှားအောင် ရှောင်တယ်လို့ ပြောချင်ပါတယ်။ ကမ္ဘာတည်ဟန်၊ ပျက်ဟန်၊ မဟာသမ္မတမင်းပေါ်ဟန်၊ သမ္ဘိန္ဓခတ္တိယ အနွယ် မပျက်၊ အမျိုးမပျက်ဆိုတာတွေကို မြန်မာနိုင်ငံနဲ့မဆိုင်ဘူးလို့လည်း သဘောထားလိုက်တယ်။ မြတ်စွာဘုရား သခင် ဒေသစာရီကြွလာပြီး ဗျာဒိတ်ပေးတာမျိုးလည်း ယုံကြည်မှုနဲ့ဆိုင်တယ်။ ငါတို့ကိစ္စမဟုတ်ဘူးလို့ပဲ သဘောထားတယ်။

                                                                   (၅)

        ကျန်စစ်သားအထုပ္ပတ္တိကျောက်စာမှာ သူ့အဖေက နေမျိုး၊ သူ့အမေက ဥသျှစ်မျိုး၊ အရင်ဘဝက ဗိဿနိုး နတ်မင်း၊ အဲဒါမျိုးတွေရေးထားတော့ ကျောက်စာအထောက်အထားဆိုပြီး ယူရေးလို့မဖြစ်ပါ။ အများဆုံး ရေးနိုင်တာက သူ့အဖေဟာ အနော်ရထာမဟုတ်ဘူးဆိုတာပဲ ပြောလို့ရပါတယ်။

                                                                    (၆)

        မင်းလောင်းကိုဖျက်ဆီးချင်တာနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး (၇၀၀၀)၊ နို့စို့ကလေး (၆၀၀၀)၊ နွားကျောင်း သားအရွယ် (၅၀၀၀) သတ်ရတယ်ဆိုတာလည်း ရေးတယ်။ (မှန်နန်း ၁၊ ၁၉၆၃၊ ၂၃၃) အနော်ရထာမင်း သထုံကို စစ်ချီတဲ့အခါ ဆင် (၈) သိန်း၊ မြင်း (၈) သန်း၊ လူကုဋေ (၈) သန်း (မှန်နန်း ၁၊ ၁၉၆၃၊ ၂၄၇) ပါ တယ်လို့ဆိုတယ်။ နောက် တရုတ်ကိုစစ်ချီတဲ့အခါ စစ်သူရဲ (၇) ကုဋေ (၂) သန်း ပါတယ်ဆိုပြန်တယ်။ (မှန်နန်း ၁၊ ၁၉၆၃၊ ၂၅၁) အဲဒီလောက် စစ်အင်အားများပါ့မလား။ အဲဒီနေရာတွေကိုရော ရောက်ရဲ့လားလို့ မေးစရာ ပေါ်ထွက်လာတယ်။ ခေတ်ပြိုင်မှတ်တမ်းမှာ မရှိတာကတော့သေချာတယ်။ အထောက်အထားမရှိ ရင်လည်း မသုံးနိုင်ပါ။ အထက်က ပြောတဲ့အတိုင်း ဒါတွေကို ကျွန်တော်တို့ ပုဂံအကြောင်းပြောတဲ့အခါ မထည့်ပါ။ 
[ကုန်းဘောင်ခေတ်၊ အလောင်းဘုရားရဲ့ သားတော် ဘိုးတော်ဘုရားလက်ထက် စာရင်းကောက်ယူခဲ့တဲ့ ဘိုးတော်ဘုရားစစ်တမ်းကို ကြည့်ရင် တတိယမြန်မာနိုင်ငံတော်ရဲ့ အဲဒီအချိန်က လူဦးရေဟာ (၂) သန်းလောက်ပဲ ရှိပါတယ်။ စဉ်းစားနိုင်ဖို့ ဖြစ်ပါတယ် 
စာရေးသူ - ဟိန်းဇေ]
http://pargyii.blogspot.com/2013/10/blog-post_22.html#more
Powered by Blogger.