မြန်မာ့ လက်ရွေးစင်နည်းပြချုပ် ဂတ်ဇီဆီ ဖရိုင်းဒရစ်နှင့် တွေ့ဆုံမေးမြန်းခြင်း


ရွှေဘုတ်တွေ့ဆုံမေးမြန်းသည်။

မေး - လက်ရွေးစင်လူစာရင်း ရွေးချယ်ခဲ့ပုံနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။

ဖြေ - အခုလက်ရှိ ရွေးထားတဲ့ ၂၄ ယောက်မှာ ၁၇ ယောက်က အငယ်တန်းသက်တမ်းအလိုက်ပွဲတွေမှာ အတူတွဲခဲ့ဖူးပါတယ်။ ကစားသမားအားလုံးနဲ့လည်း ရင်းနှီးမှုရှိပါတယ်။ လူဖြတ်တဲ့အပိုင်းမှာတော့ ပြီးခဲ့တဲ့ ပြိုင်ပွဲတွေကို ပြန်ကြည့်ပြီး ဆုံးဖြတ်တာပါ။ တချို့ကစားသမားလေးတွေ ယူ-၂၁ အသင်းကို ပူးပေါင်းလိုက်ရတဲ့အတွက် ဒီကို မပါလာနိုင်သေးပါဘူး။ ယူ-၂၁ ပြိုင်ပွဲပြီးရင်တော့ ထပ်ရောက်လာနိုင်ပါသေးတယ်။

မေး - သန်းပိုင်၊ မောင်မောင်လွင်၊ ရှိုင်းသူရ စတဲ့ကစားသမားတွေကို ယူ-၂၁ အသင်းကို စေလွှတ်ခဲ့တာက ယူ-၂၁ အသင်းရဲ့ လိုအပ်ချက်ကြောင့်လား။ ဒါမှမဟုတ် ဒီကစားသမားတွေက လက်ရွေးစင်အဆင့် မမီသေးလို့လား သိချင်ပါတယ်။

ဖြေ - သန်းပိုင်၊ မောင်မောင်လွင်၊ ရှိုင်းသူရ တို့က ကောင်းပါတယ်။ ဒါပေမယ့် သူတို့နေရာမှာ ပိုကောင်းတဲ့ ကစားသမားတွေ ရှိနေတဲ့အတွက် သူတို့ကစားရဖို့ မသေချာဘူး။ ယူ-၂၁ အသင်းမှာ ဆိုရင်တော့ နေရာပေးနိုင်မှာပါ။ ယူ-၂၁ အသင်းကို အားဖြည့်ပေးချင်တာလည်း ပါပါတယ်။ ယူ-၂၁ ပြိုင်ပွဲက အသင်းကောင်းတွေ ပါတဲ့အတွက် ခက်ခဲပါတယ်။ တကယ်လို့ ယူ-၂၁ ပြိုင်ပွဲပြီးသွားရင်တော့ အသင်းနဲ့ ပြန်ပူးပေါင်းလာတာမျိုး ဖြစ်နိုင်ပါတယ်။

မေး - ဆီးဂိမ်းအုပ်စုရော ကမ္ဘာ့ဖလားသွားကန်တဲ့ ကစားသမားတွေရော ပူးပေါင်းကိုင်ခွင့်ရတဲ့အတွက် ဘယ်လောက်ထိ ပိုကောင်းလာနိုင်မလဲ။

ဖြေ - အခုအချိန်က အောင်မြင်မှု တစ်ခုကို ရောက်သင့်တဲ့ အခြေအနေလို့ ထင်ပါတယ်။ ယူ-၂၃ ဆီးဂိမ်းအသင်းဆိုလည်း အရင်က တာဝန်ယူခဲ့ဖူးသလို ယူ-၂၀ ကစားသမားတွေလည်း အကြာကြီး တွဲခဲ့ဖူးပါတယ်။ ကစားသမားစုဖွဲ့မှုက လက်ရှိအချိန်မှာ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ အခုလက်ရှိခြေစစ်ပွဲအပြင် ရှေ့နှစ်မှာလည်း ဆူဇူကီးဖလားအတွက်လည်း အကောင်းဆုံးပြင်ဆင်သွားမှာပါ။

မေး - အခု လက်ရွေးစင်အသင်းကို ကိုင်တွယ်ရတဲ့အခါမှာ အခက်အခဲ ကြုံရတာမျိုး ရှိပါသလား။

ဖြေ - အရင်လူငယ်အသင်းထက် စာရင်တော့ အခက်အခဲတချို့ရှိပါတယ်။ လူငယ်ကစားသမားတွေဆို လိဂ်ကစားရတာ မရှိတဲ့အတွက် လေ့ကျင့်လို့ရပေမယ့် လက်ရွေးစင်ကစားသမားတွေကတော့ လိဂ်နားမှ လေ့ကျင့်လို့ရပါတယ်။ အဲဒီ့အတွက်လည်း နောက်ပိုင်းမှာ ပုံစံပြောင်းပြီးတော့ လာမယ့်နှစ်တွေမှာ တစ်လကို တစ်ကြိမ်လောက် အနည်းဆုံး လက်ရွေးစင်ကစားသမားတွေကို စုစည်းလေ့ကျင့်သွားဖို့ ရှိပါတယ်။

မေး - ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်သုံးပွဲ အပေါ် ဘယ်လောက်ထိ မျော်လင့်ထားပါသလဲ။
ဖြေ - ကိုရီးယားကို နိုင်ရမယ် လို့တော့ မတွေးပါနဲ့။ ဒါတွေကတော့ အရမ်းခဲယဉ်းလွန်းပါတယ်။ ကူဝိတ်အသင်းကတော့ အရမ်းကောင်းတဲ့အသင်း မဟုတ်ပါဘူး။ အဲ့ပွဲကို ပြန်ကြည့်တဲ့အခါမှာ မြန်မာအသင်းက တော်တော် ဖရိုဖရဲ ဖြစ်ခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် ကူဝိတ်နဲ့ နောက်ပြန်တွေ့တဲ့အချိန်မှာ အဲ့လို အဖြစ်မျိုး ထပ်မဖြစ်စေရပါဘူး။ အခု ပြင်ဆင်နေတာကတော့ အာရှဖလားခြေစစ်ပွဲနဲ့ ဆူဇူကီးအတွက်ပါ။

မေး - လက်ရွေးစင်အသင်းရဲ့ အားနည်းချက်က ဘယ်အချက်လို့ ထင်ပါသလဲ။

ဖြေ - အဓိကကတော့ မြန်မာအသင်းက ဘောလုံး ဆုံးရှုံးသွားပြီးဆိုရင် ပြန်လိုက်တဲ့အခါမှာ အားနည်းတာ တွေ့ရပါတယ်။ အဲဒီ့အပိုင်းက အဓိက ပြင်ဆင်ရပါမယ်။ အသင်းအောင်မြင်ချင်တယ် ဆိုရင်တော့ ကိုယ့်ဘောလုံး ဆုံးရှုံးသွားတာတဲ့ သုံးစက္ကန့်အတွင်း ချက်ချင်းပြန်လိုက်လုရပါမယ်။ ကိုယ့်ခြေထောက်ထဲ ဘောလုံးရှိမှ ဘာမဆို စွမ်းဆောင်နိုင်မှာပါ။


Hyper Sport မှကူးယူဖော်ပြသည် 
Powered by Blogger.