မရွယ်ဘဲ စော်ကဲမင်းဖြစ်

လူတစ်ဦးသည် ကြိုတင်ကြံစည်ကာပြုလုပ်ခြင်း မဟုတ်ဘဲ ရုတ်တရက် အောင်မြင်မှု ရသွားလျှင် "မရွယ်ဘဲ စော်ကဲမင်းဖြစ်" ဟူသော စကားပုံကို သုံးလေ့ရှိသည်။ ထိုစကားပုံ သည် ပုဂံပျက်ပြီးနောက် စည်းလုံးမှုပြိုကွဲနေသော အချိန်ကို အခြေပြု၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အေဒီ ၁၃၆၄ တွင် အင်းဝကို အသက် ၂၁ နှစ်သာရှိသေးသော လူငယ်ဘုရင် သတိုးမင်းဖျား အုပ်ချုပ်ခဲ့သည်။

သတိုးမင်းဖျားသည် စစ်ရေးစစ်ရာတွင် ၀ီရိယလွန်သူဖြစ်သည်။ နန်းစံသက် သုံးနှစ် အကြာတွင် နေပြည်တော်နှင့် အလှမ်းဝေးသော စစ်မြေပြင်တွင် ရုတ်တရက် ပြင်းထန်သော ကျောက်ရောဂါ စွဲကပ်ခံရသည်။

သူသည် နတ်ရွာစံခါနီးတွင် စိတ်ဓာတ်လွန်စွာကျဆင်းခဲ့ဟန်တူသည်။ နေပြည်တော်တွင် ကျန်ခဲ့သော မိဖုရား စောဥမ္မာကို သူမရှိလျှင် အခြားသူတို့ ယူမည်ကို စိုးရိမ်သဖြင့် လူယုံတော် အတွင်းသင်းမှူး မောင်နု ကိုခေါ်ကာ တိုင်ပင်သည်။

" ငါကား ဤအနာမှ ထမြောက်နိုင်တော့မည် မဟုတ်ချေ။ ငါသေလျှင် ငါ့မိဖုရားကို အခြားသူတို့ ယူလေမည်ကို မခံစားနိုင်။ ယခုပင် သွား၍ သတ်ချေ "။

မောင်နုလည်း ဘုရင့်အမိန့်ကို မလွန်ဆန်နိုင်ချေ။ ချက်ချင်းပင် ဓါးဆွဲကာ လှေလျင်ဖြင့် အပြင်းဆန်ကာ နေပြည်တော်သို့ ပြန်သည်။

နေပြည်တော်သို့ရောက်လျှင် မိဖုရားအဆောင်သို့ တန်းသွားသည်။ မင်းကြီး၏ လူယုံဖြစ်သဖြင့် အစောင့်ရဲမက်များ မတားမဆီးဝံ့ကြချေ။

ထို့နောက် စောဥမ္မာ စံမြန်းရာ အခန်းရှေ့ရောက်လျှင် တံခါးကို ခြေ ဖြင့် ဆောင့်၍ ဖွင့်သည်။

"၀ုန်း" ခနဲ မြည်သော အသံနှင့် အတူ တံခါးပွင့်သွားလျှင် စောဥမ္မာ၏ ရံရွေတော်အချို့ ပြေးသူပြေး၊ ပုန်းသူပုန်း ဖြစ်ကုန်ကြသည်။

မောင်နု သည် လွယ်ထားသော ဓါးကို ဓါးအိမ်မှ ထုတ်ကာ စောဥမ္မာကိုပြ၍-

" ရှင်မိဖုရား၏ မောင်တော်က သတ်ရန် စေလွှတ်လိုက်ခြင်းဖြစ်၍ အမိန့်တော်အရ လာရသည်"

စောဥမ္မာသည် တစ်ချက်ပြုံးလိုက်သည်။ ( ကြောက်ကြောက်နှင့် ဟန်ဆောင်ပြုံးခြင်းလော မသိ)။ ထို့နောက် စကားတစ်ခွန်းကို တည်ငြိမ်စွာပြောလိုက်သည်။

" ဟယ် ငနု ၊ နင် ယောကျာ်း မဟုတ်ဖူးလား "

မောင်နု ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။ အတန်ငယ် တွေဝေနေပြီးမှ သူ့ကို မိဖုရားက အထာပေးကြောင်း သိတော့သည်။ သိလျှင် သိခြင်း ဓါးကို ဓါးအိမ်ထဲပြန်ထည့်ကာ မိဖုရားကို ပြေးဖက်သည်။

ထိုအခါ အထိန်းတော် တစ်ဦးက " မသင့်ကြောင်းပါ နန်းမတော်ဘုရား၊ မသင့်ကြောင်းပါ ' ဟု ရုတ်တရက် ၀င် ပြောရာ မောင်နုကိုယ်တိုင် ဓါးကို ထုတ်၍ ထိုအထိန်းတော်၏ခေါင်းကို ထဖြတ်လေ၏။ ( ထိုအခါ အခြား အထိန်းတော်များ ပါးစပ်ပိတ်ကုန်ကြလေ၏ )

ထို့နောက်တွင်မူ အင်းဝပလ္လင်ပေါ်တွင် အတွင်းသင်းမှူး မောင်နုသည် စောဥမ္မာနှင့်အတူ သိမ်းပိုက်စံမြန်းလေ၏။

သို့သော် ကြာကြာ မစံမြန်းလိုက်ရပါချေ။ မင်းမျိုးမင်းနွယ်မဟုတ်ဘဲ တက်အုပ်ချုပ်နေသည်ကို ပြည်သူအများ မကျေနပ်ကြသဖြင့် ပုန်ကန်ကြမည်ကိုစိုး၍ သူတို့နှစ်ဦးသည် စစ်ကိုင်းဘက်သို့ ပြောင်းရွှေ့ စံမြန်းကြသည်။

လစ်လပ်သွားသော အင်းဝထီးနန်းကို မှူးမတ်များက ရမည်းသင်းစား သီလ၀ကို ပေးအပ်ရာ သီလ၀က

" ငါသည် စကားပြောရမည် မဆိုထားနှင့် ပြုံးရမည်ကိုပင် ၀န်လေးသူဖြစ်သည်။ ငါ့ကို နန်းတင်မည့်အစား လည်လည်ဝယ်ဝယ် အမြင့်မြို့စား မင်းကြီးစွာစော်ကဲ ကိုသာ တင်ကြလေ " ဟု ငြင်းပယ်လေသည်။

မင်းကြီးစွာစော်ကဲမှာ သတိုးမင်းဖျား၏ ယောက်ဖတော်သူလည်းဖြစ်နေသဖြင့် ( စောဥမ္မာ၏ အစ်ကိုဖြစ်သည်) မှူးမတ်များလည်း သင့်လှပေပြီဟု နှလုံးသွင်းကာ မင်းကြီးစွာစော်ကဲကို ချီပင့်၍ အင်းဝထီးနန်းကို အပ်လေ၏။

ဤသို့ဖြင့် သာမန်မြို့စား မင်းကြီးစွာစော်ကဲသည် မမျှော်လင့်ဘဲ ထီးနန်းကို လက်ဝယ်ရရှိကာ စက်တင်ဘာလ ၅ ရက် ၁၃၆၇ ခုနှစ်တွင် အင်းဝနေပြည်တော်၌ မင်းအဖြစ် ဘိသိက်ခံလေသတည်း။

( ပုံကို ကြောင့်စာအုပ်တစ်အုပ်မှ ဓါတ်ပုံရိုက်ယူခြင်းဖြစ်ပြီး စာစီသူမှာလည်း ကြောင်ကိုယ်တိုင်သာဖြစ်ပါကြောင်း ~_^ )

ပဉ္စမံကြောင်
Powered by Blogger.