"ပါရီမြို့ တိုက်ခိုက်မှုများမှာ ၎င်းတို့လက်ချက်ဟု အိုင်အက်စ်အဖွဲ့ ကြေညာ"



လူပေါင်း ၁၂၈ ဦး သေဆုံးပြီး ဒဏ်ရာပြင်းထန်သူ ၉၀ အပါအ၀င် ဒဏ်ရာရသူ ၂၀၀ ခန့်ရှိသော ပြင်သစ်နိုင်ငံ ပါရီမြို့ တစ်ဝန်းတိုက်ခိုက်မှုများသည် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု အိုင်အက်စ်အဖွဲ့က အွန်လိုင်းမှ တရားဝင်ကြေညာသည်။

ယင်းတိုက်ခိုက်မှုများအတွက် ပြင်သစ်သမ္မတ ဟော်လန်ဒီက အိုင်အက်စ်အဖွဲ့ကို အပြစ်တင်ပြီး ပါရီမြို့၏ လမ်းမများပေါ်တွင် လာမည့်ရက်များအတွင်း စစ်တပ်က ကင်းလှည့်သွား မည်ဟု ပြောသည်။

ထို့အပြင် ရဲတပ်ဖွဲ့ဝင် ၁,၅၀၀ ဦးအထိ ထပ်မံချထားမည့်ဖြစ်ကြောင်းလည်း သိရသည်။ ယင်းတိုက်ခိုက်မှုများအတွက် ပြင်သစ်အစိုးရအနေဖြင့် အညှာအတာမဲ့စွာ တုံ့ပြန်သွားမည်ဟု သမ္မတ ဟော်လန်ဒီက ပြောသည်။

ပြင်သစ်နှင့် ဂျာမနီဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေသော အားကစားကွင်း၌ ဗုံးပေါက်ကွဲမှုကြောင့် ဟော်လန်ဒီသည် ယင်းဘောလုံးကွင်းမှ အလျင်အမြန်ထွက်ခွာခဲ့ရသည်။

ယင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ အိုင်အက်စ်အဖွဲ့က ကြေညာချက်ထုတ်ပြန်ရာတွင် ၎င်းတို့၏ တိုက်ခိုက်ရေးသမားများသည် အသေခံဗုံးခွဲရာတွင် သုံးသော ခါးပတ်များ ၀တ်ဆင်ကာ စက်သေနတ်များဖြင့်  လေ့လာထားပြီးဖြစ်သည့် ပါရီမြို့၏ နေရာများစွာ၌ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်ဟု ဖော်ပြသည်။
—Ref:AFP/CNNC


Powered by Blogger.