ကျေးဇူးသိတတ်သော ငခင်ညို

ငခင်ညိုသည် ပင်းယခေတ် က ထင်ရှားသော စစ်ဘုရင် ငါးစီးရှင်ကျော်စွာ ၏ ကျွန်ရင်းဖြစ်သည်။

တစ်နေ့သောအခါ ငါးစီးရှင်ကျော်စွာက " ငခင်ညိုငယ်...ငါ့ညီတော် စစ်ကိုင်းစား အသင်္ခယာကို ရန်ဆူး ရန်ညှောင့် အဖြစ် ငါမြင်တော်မူသည်။ သူ့ခေါင်းကို ဖြတ်၍ ဆက်လှည့် " ဟု ခိုင်းစေလေသည်။

ငခင်ညိုလည်း အရှင့်အမိန့် ကို ဦးထိပ်ရွက်ကာ ဓါးစွဲလျက် စစ်ကိုင်းဘက်သို့ ကူးလေ၏။

စစ်ကိုင်းသို့ ရောက်လျှင် အသင်္ခယာစောယွမ်း ၏ စစ်သည်များ အစောင့်အနေ ထူထပ် လှသဖြင့် နန်းတွင်း သို့ဝင်ရန် အခက်တွေ့တော့သည်။

သုံးရက်တိုင်တိုင် ပုန်းလိုက်၊ ၀င်ရန် ပြုလိုက် လုပ်ရင်း အချိန်ကုန်သွားသည်။ ထမင်းလည်း တစ်နပ်မျှ မစားရပေ။

ထို့နောက်တွင်မှ အခွင့်ရ၍ အသင်္ခယာ၏ အိပ်ဆောင် အတွင်းသို့ဝင်ကာ သတ်မည်ပြု၏။

ထိုအချိန်တွင် ဘုရင်၏ ခေါင်းရင်း၌ မဟာဂီရိနတ်ကို ပသထားသော ထမင်းနှင့် အမဲဟင်းလျာ တို့၏ ရနံ့သည် သုံးရက်မျှ ငတ်နေသော ငခင်ညိုကို တွေဝေသွားစေ၏။

ထမင်းမှာ မနက်ကတည်းက တင်ထား၍ အပေါ်ယံခြောက်သွေ့ နေသော်လည်း အမဲသား ဆီပြန်၏ အနှစ်တို့ဖြင့် ရောနယ်ပြီး စားသောအခါ ငခင်ညို၏ ဗိုက်အတွင်းသို့ လျှော ခနဲ လျှောခနဲ တစ်လုပ်ပြီး တစ်လုပ် ၀င်လေ၏။

စားပြီးသောက်ပြီးသောအခါ အသင်္ခယာကို သတ်မည်အပြုတွင် ငခင်ညိုသည် ဓါးကို ကိုင်လျှက်က စဉ်းစား၏။

"ဤ မင်းသည် ငါ၏ ထမင်းရှင် ဖြစ်ချေပြီ။ သူ့ကို သတ်မိလျှင် သံသရာတစ်ကြောတွင် ခေါင်းမဖော်နိုင်အောင် ဒုက္ခခံစားရပေမည်။ သူ့ကို မသတ်ဘဲ ပြန်လျှင် ငါကား အသတ်ခံရမည် မုချတည်း။ မည်သို့ပင် ဆိုစေ ကျေးဇူးရှင်ကို ကျေးစွပ်ရခြင်းထက် သေခြင်းက မြတ်၏" ဟုတွေးမိကာ ဓါးကို သိမ်းလျက် ပြန်မည်ပြု၏။

မပြန်ခင် အသင်္ခယာထံရောက်ခဲ့ကြောင်း သက်သေပြရန် ခေါင်းရင်းတွင် ချိတ်ထားသော ပတ္တမြားကျောက်စီဓါးကို ယူခဲ့လေ၏။

ငါးစီးရှင်ကျော်စွာထံ ပြန်ရောက်လေလျှင် ကျော်စွာက " အရေးတော်ပုံ အောင်ခဲ့စ " ဟု မေးရာ ငခင်ညိုက လုပ်ကြံရန်အခွင့်သာသော်လည်း နတ်တင် ထမင်းတစ်စလောင်း ကြောင့် မကြံစည် ခဲ့ပါကြောင်း၊ သတ်လျှင်လည်း သေ၀ံ့ပါကြောင်း ဖြင့် အကြောင်းစုံရှင်းပြကာ အသင်္ခယာ၏ ဓါးကို ဆက်လေ၏။

ကျော်စွာလည်း " ဟယ် ငခင်ညိုသည် ထမင်း တစ်စလောင်းမျှ စားရရုံဖြင့်ပင် ဤမျှ ကျေးဇူးသိလေလျှင် သားမယားနှင့်တကွ ကျွေးမွေးထားသော ငါ၏ ကျေးဇူးဆိုလျှင် အဘယ်မှာ ဆိုဖွယ်ရာ ရှိမည်နည်း" ဟု အားရ၀မ်းသာ ရေရွတ်ကာ ငခင်ညို အား ဆုလာဘ်များစွာ ပေးသနားလေ၏။

( ရာဇ၀င်ထဲက ငခင်ညို ကို သတိရမိလို့ လေးစားသော အားဖြင့် ဒီပို့စ်ကို စာစီပါတယ်၊ သိပြီးသားအကြောင်းအရာဆိုရင်လည်း ယခုလို အချိန်ပေးဖတ်တဲ့အတွက် ကျေးဇူးတင်ပါကြောင်း ~_^ )

( ပုံကို ကြောင့်စာအုပ်ထဲကနေ ကင်မရာနဲ့ ရိုက်ယူပြီး စာစီသူမှာလည်း ကြောင်ကိုယ်တိုင်သာ ဖြစ်ပါသည်။ ) ~_^

ပဉ္စမံကြောင်
Powered by Blogger.