ကျော်ပုံနှိပ်တိုက်ကို ရဲတပ်ဖွဲ့ဝင်ရောက် စီးနင်း၊ ချိပ်ပိတ်






ရန်ကုန်၊ နိုဝင်ဘာ ၂၂
ပုဇွန်တောင်မြို့နယ် အမှတ်(၂)ရပ်ကွက် ၅၄ လမ်းရှိ ကျော်ပုံနှိပ်တိုက်ကို နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီခန့်က ခွင့်ပြုချက်မရှိဘဲ မြန်မာ-အင်္ဂလိပ်-အာရဗီ သုံးဘာသာပြက္ခဒိန်ပုံနှိပ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများပါဝင်သော ခြောက်ဦးအဖွဲ့က ဝင်ရောက်စီးနင်ကာ ပုံနှိပ်တိုက်ကို ချိပ်ပိတ်ထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးထံမှ စုံစမ်း သိရှိရသည်။
နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာ၌ ကျော်ပုံနှိပ်တိုက်တွင် အာရဗီပြက္ခဒိန်များကို ပုံနှိပ်ထုတ်ဝေကြောင်း သတင်းများထွက်ပေါ်လာသဖြင့် ယင်းပုံနှိပ်တိုက်ကို ပုဇွန်တောင်မြို့နယ်ရဲ တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ယင်းသို့ ရှာဖွေရာတွင် အာရဗီပြက္ခဒိန်များ ပုံနှိပ်ထုတ်ဝေရန် ပြင်ဆင်နေသည့် ဖလင်ချပ်များ၊ ပြက္ခဒိန်စက္ကူများကို သိမ်းဆည်း ရမိခဲ့ကြောင်း ပုဇွန်တောင်မြို့ နယ် ရဲတပ်ဖွဲမှူး ရဲမှူးခင်မောင်လတ်က ပြောကြားသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) စက်မှုဇုန်(၂)ရပ်ကွက်တွင် နေထိုင်သည့်အသက် ၃၅ နှစ်ခန့် အရွယ် ပုံနှိပ်တိုက်ပိုင်ရှင် ဦးဟုတ်ဆွေ(ခ)ဦးကျော်ကျော်နှင့် မန်နေဂျာ၊ ဝန်ထမ်း၊ လာရောက်အလုပ်အပ်နှံသူများအပါအဝင် ၁၁ ဦးကို ပုဇွန်တောင်ရဲစခန်းသို့ ခေါ်ယူကာ စစ်ဆေးနေကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။
“ပြက္ခဒိန်ကို ပုံနှိပ်ခိုင်းတဲ့ အမျိုးသားကို စစ်ဆေးဖို့ လိုက်လံစုံစမ်းနေပါတယ်။ လက်ရှိစစ်ဆေးနေသူတွေအထဲက အပြစ်ရှိသူကို ပုံနှိပ်ဥပေဒနဲ့ အရေးယူဖို့အတွက် တရားရုံးကို ဦးတိုက်လျှောက်မယ်။ ချိပ်ပိတ်တဲ့ကိစ္စကိုလဲ တရားရုံးက ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု ပုဇွန်တောင်မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးခင်မောင်လတ်က ပြောကြားသည်။
ပြက္ခဒိန်ပုံနှိပ်ရာတွင် ပါဝင်ခဲ့သူများကို ၂၀၁၄ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအရ အရေးယူပေးပါရန် နိုဝင်ဘာ ၂၂ ရက်တွင် တရားရုံးသို့ လျှောက်တင်မည်ဖြစ်ပြီး ပြက္ခဒိန်ထုတ်ရန်ခိုင်းစေသော ရွှေပြည်သာမြို့နယ် အမှတ် (၁၉/၄၈) ရပ်ကွက် ခွာညိုလမ်းတွင် နေထိုင်သော အသက် ၄၀ ခန့်အရွယ် ဦးအောင်ခင်ကို ခေါ်ယူ စစ်ဆေးနိုင်ရေးအတွက် လိုက်လံစုံစမ်းနေကြောင်း ပုဇွန်တောင်မြို့မရဲစခန်း ထံမှ သိရှိရသည်။

the voice
Powered by Blogger.