ယောမင်းကြီး ဦးဖိုးလှိုင်နှင့် မိုးကုတ်စာချုပ်

ရတနာပုံနေပြည်တော်တွင် မင်းတုန်းမင်းကြီး စိုးစံနေစဉ်ကဖြစ်သည်။

ကင်းဝန်မင်းကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဥရောပနိုင်ငံများသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ပြန်ရောက်သည့်အခါ မင်းကြီးထံ မိမိတို့ လုပ်ဆောင်ခဲ့သည်များကို ညီလာခံတွင် တင်လျှောက်ရသည်။

တင်လျှောက်ရာတွင် ဗြိတိသျှကျွန်း၌ စက်မှုလုပ်ငန်းတိုးတက်ပုံ၊ စစ်သည်တော်များလက်နက် ခေတ်မီပုံ၊ အင်္ဂလိပ်ဘုရင်မကြီးက မိုးကုတ်ကျောက်တွင်း အရောင်းအ၀ယ်ပြုလုပ်လို၍ အာမခံစာချုပ် ချုပ်ဆိုခဲ့ကြောင်းများ ပါရှိလေသည်။

မိုးကုတ်စာချုပ် အကြောင်းကြားလျှင် မင်းတုန်းမင်းကြီး မျက်နှာပျက်သွားပြီး-

- " မိုက်လှချည်လား ငကောင်းရဲ့။ မောင်မင်းတို့ သံအဖွဲ့ကို မိုးကုတ်ကျောက်တွင်း ရောင်းဝယ်ခွင့် အာဏာ ငါက အပ်နှင်းတော်မူလိုက်သလား။"

ကင်းဝန်မင်းကြီး ပြန်မလျှောက်ဝံ့ဘဲ ခေါင်းငုံ့လျက်သာ ငြိမ်နေ၏။ ထို့နောက် ညီလာခံစဲကာ မင်းတုန်းမင်းကြီး အတွင်းတော်သို့ ၀င်လေ၏။

အတွင်းတော်တွင် မင်းကြီးက မိဖုရား ကြီး၊ငယ် တို့ကို ခေါ်ယူစုရုံးကာ-

- " ကဲ မမတို့။ သည်တစ်ခါဖြင့် ဈေးတောင်း၊ခေါင်းရွက်၊ ရက်ကန်းရက်၊ ပဲပြုတ်ရောင်း အသက်မွေးဖို့ပဲ စိတ်ကူးကြတော့။ မင်းကြီးငကောင်းက မိုးကုတ်ကျောက်တွင်းကို မဆင်မခြင် သူ့သဘောအတိုင်း အင်္ဂလိပ်ဘုရင်မထံ စာချုပ်ပြီး ရောင်းခဲ့ပြီ။ ပြည်ပိုင်မင်း အချင်းချင်း လောဘ ဒေါသနောက်ကို လိုက်မိကြရင် စစ်ဖြစ်ဖို့ပဲ ရှိတော့တယ်" ဟု မိန့်ကြားလေ၏။

ကျန်မိဖုရားများ မတုန်မလှုပ် ငြိမ်သက် နားထောင်နေကြလျှင် စကြာဒေ၀ီ မိဖုရားခေါင်ကြီးက

- " ပူပန်တော် မမူပါနှင့် မောင်တော်ဘုရား၊ ရောင်းတဲ့လူက သူ့ဥာဏ်နှင့်သူ ရောင်းခဲ့ရင် အရောင်းအ၀ယ်ပျက်အောင် ပရိယာယ်နှင့် ဖျက်တာပေါ့ မောင်တော်"

- " အနို့ ဘယ်လို စီမံရင်ကောင်းမလဲ။"

- " ယောမင်းကြီး ဦးဖိုးလှိုင် ရှိပေသားပဲ။ သူ့ကို ခေါ်ယူတိုင်ပင်ပါ ဘုရား"

ထိုအခါ မင်းကြီးက ရာထူးချ ၍ အမရပူရတွင် အကျယ်ချုပ်နှင့် နေနေ ရသော ယောမင်းကြီးကို နေပြည်တော်သို့ ပြန်လည် ခေါ်ယူကာ တိုင်ပင်လေ၏။

ယောမင်းကြီးက စိတ်မပူသင့်ပါကြောင်း၊ အင်္ဂလိပ်ကိုယ်စားလှယ်တို့ကို သူကိုယ်တိုင် လက်ခံတွေ့ဆုံမည် ဖြစ်ပါကြောင်း။ ပတ္တမြား ငမောက် အပါအ၀င် နန်းစဉ်ပတ္တမြား သုံးလုံး ကိုသာ အသုံးပြုခွင့် ပေးစေလိုပါကြောင်း တောင်းဆိုလေ၏။ မင်းကြီးကလည်း ခွင့်ပြုလေ၏။

အင်္ဂလိပ်ကိုယ်စားလှယ်များ ရောက်လာချိန်တွင် ဦးဖိုးလှိုင်က-

- " မိုးကုတ်စာချုပ်အတိုင်း ရောင်းချရတော့မည်ပေပဲ။ မည်သည့် အဖိုးနှုန်းဖြင့် ရောင်းချရမည်ကို ယနေ့ပင် ဆုံးဖြတ်ကြတာပေါ့။ တန်ဖိုးကို ဆုံးဖြတ်ဖို့ အဲ့မြေက ထွက်တဲ့ တွင်းထွက် ပတ္တမြားတွေကို အရင် ဆုံးဖြတ်ကြတာပေါ့" ဟုဆိုကာ တရုတ် ရာဖြတ်ကို သက်သေအဖြစ် ထားလျှက် အငယ်ဆုံးနန်းစဉ်ကျောက်ကို အင်္ဂလိပ်ကိုယ်စားလှယ်ထံ စ၍ပြလေ၏။

ထိုကျောက်၏ အရောင်မှာ ထိန်လင်းနေပြီး ဂွမ်း တစ်ဆယ်သား၊ နှစ်ဆယ်သား၊ ငါးဆယ်သား အထပ်ထပ် အုပ်ပြသော်လည်း အရောင်တောက်မြဲ တောက်လျှက် ရှိသည်ဆို၏။ နောက်ဆုံး ဂွမ်းတစ်ပိဿာ အုပ်ပြကာမှ အရောင် မှိန်လေ၏။

တရုတ်ရာဖြတ်က ဤကျောက်သည် တစ်တိုင်းပြည်တန်ကျောက် ဖြစ်ပါသည်ဟု ဆို၏။ အင်္ဂလိပ်ကိုယ်စားလှယ်လည်း ခေါင်းညိတ်ပြ၏။

ဒုတိယမြောက် ကျောက်ကို ပြလေ၏။ ထိုကျောက်မှာမူကာ ဂွမ်းတစ်ပိဿာ နှင့်လည်း အရောင် မမှိန်၊ နှစ်ပိဿာနှင့်လည်း အရောင်မမှိန်ဘဲ မျက်တောင်ခတ်သကဲ့သို့ တဖျတ်ဖျတ် နီရဲတောက်ပလျက်ရှိသည်ဆို၏။ သုံးပိဿာ အုပ်သည့်အခါမှ အရောင်မှိန်လေ၏။

တရုတ်ရာဖြတ်က သုံးပြည်ထောင်တန်ကျောက် ဖြစ်ကြောင်း ပြောလေ၏။ အင်္ဂလိပ်ကိုယ်စားလှယ်ကလည်း ပါးစပ်ကြီးပိတ်ကာ ခေါင်းတဆတ်ဆတ် ညိတ်ပြလေ၏။

နောက်ဆုံးအဖြစ် ပတ္တမြားငမောက်ကို ထုတ်ပြလေ၏။ တစ်ခန်းလုံး ထိန်လင်းလျှက် ရှိပြီး။ ဂွမ်းတစ်ပိဿာ အုပ်လည်းမရ၊ သုံးပိဿာ အုပ်လည်း မမှိန်။ ခုနစ် ပိဿာ ထိ အုပ်သည့်တိုင် စူးစူးရှရှ နီရဲတောက်ပလျှက် ရှိသေးသည် ဆို၏။

တရုတ်ရာဖြတ် ဘာမှ မပြောရသေးမီ အင်္ဂလိပ်ကိုယ်စားလှယ်ကပင်စ၍

- " တန်ဖိုးကြီးမြင့်လွန်းလှပါသည်။ ခုနစ်ပြည်တန် ကျောက်ပင်ဖြစ်သည်။ အရောင်းအ၀ယ်ကိစ္စ ကို ဘုရင်မကြီး နှင့် ပြန်၍ တိုင်ပင်ပါရစေ" ဟု ပြောလေ၏။

ဦးဖိုးလှိုင်က အင်္ဂလိပ်ကိုယ်စားလှယ်တို့ လက်ထဲမှ စာချုပ်ကို တောင်းယူကြည့်ရှုလေ၏။ ထိုစာချုပ်ကို ကိုင်ထားရင်းကပင်

- " ဒီစာချုပ်သက်တမ်းဟာ ယနေ့ ကုန်ဆုံးသွားပေပြီ။ အရောင်းအ၀ယ် မပြီးပြတ်မှုကြောင့်လည်း အင်္ဂလန်ဘုရင်မကြီး ဂုဏ်သိက္ခာကျစေပါတယ်"

ဟုဆိုကာ အများရှေ့မှောက်၌ပင် တစ်စစီ ဆွဲဖြဲပစ်လိုက်လေ၏။

အင်္ဂလိပ်ကိုယ်စားလှယ်တို့လည်း မည်သို့မျှ မပြောဝံ့ဘဲ ပြန်ကြလေတော့၏။

ဤသို့လျှင် ကင်းဝန်မင်းကြီးဦးကောင်း၏ မိုးကုတ်ဒေသ အရောင်းအ၀ယ်စာချုပ် အမှားကို ယောမင်းကြီး ဦးဖိုးလှိုင်က လိမ္မာပါးနပ်စွာ ဖြေရှင်း၍ အဖတ်ဆယ်ခဲ့လေ၏။

( ပုံကို http://www.palagems.com/ မှယူ၍ စာစီသူမှာ ကြောင်ကိုယ်တိုင်သာ ဖြစ်ပါကြောင်း) =(^_^)=

ပဉ္စမံကြောင်
Powered by Blogger.