ပါတီများ၏ အောင်နိုင်ရေးလှုပ်ရှားမှု ပိုမိုပြင်းထန်လာ၍ ရဲတပ်ဖွဲ့က အရပ်ဝတ်ဖြင့် လုံခြုံရေးယူမည်


ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးမည့် ရက်အနည်းငယ်သာ ကျန်ရှိချိန် ပါတီအောင်နိုင်ရေးမဲဆွယ်လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာသောကြောင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန် ရဲတပ်ဖွဲ့က အရပ်ဝတ်များဖြင့် လုံခြုံရေးလုပ်ငန်းများကို လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

“နိုဝင်ဘာ ၆ ရက်က မဲဆွယ်အောင်နိုင်ရေးလှုပ်ရှားမှု နောက်ဆုံးရက်ဖြစ်တာကြောင့် အခုဆိုရင် မြို့နယ်အနှံ့က ရပ်ကွက်တွေအလိုက် ပါတီအောင်နိုင်ရေး အတွက် မဲဆွယ်စည်းရုံးမှုတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်လာကြပြီ ။ဒါကြောင့် မဲဆွယ်စည်းရုံးရေးမှာ ပြဿနာတစ်စုံတစ်ရာ မဖြစ်ပွားစေဖို့ ရဲတပ်ဖွဲ့က အရပ်ဝတ်နဲ့ လုံခြုံရေး လိုက်ပါဆောင်ရွက်ပေးမယ် ” ဟု အဆိုပါရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲအရာရှိ တစ်ဦးက ဆိုသည်။

စက်တင်ဘာ ၈ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ပါတီများမှ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်နေစဉ် ပါတီဆိုင်းဘုတ်နှင့်အလံများ ဖျက်ဆီးခံရမှု၊ ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ညစ်ညမ်းစွာ ဆဲဆိုမှုနှင့်ခိုက်ရန်ပြုမှုများ မြို့နယ်အနှံ့တွင် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် အောက်တိုဘာ ၂၉ ရက် ညပိုင်းက သာကေတမြို့နယ်တွင် NLD ပါတီမှ အောင်နိုင်ရေး မဲဆွယ်စည်းရုံးနေစဉ် တုတ်၊ ဓား လက်နက်များဖြင့် အုပ်စုဖွဲ့ကာ အကြမ်းဖက်တိုက်ခိုက်ခံရမှုတို့ ဖြစ်ပွားခဲ့သောကြောင့် ရဲတပ်ဖွဲ့က ယင်းသို့ပြဿနာများ ထပ်မံမဖြစ်ပွားစေရန် အရပ်ဝတ်များဖြင့် လုံခြုံရေး လိုက်ပါဆောင်ရွက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရှိရသည်။

“သက်ဆိုင်ရာမြို့နယ် ရွေး/ကော်ထံတင်ပြပြီး ခွင့်ပြုချက်အရ သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းအတိုင်း ပါတီဝင်တွေက အောင်နိုင်ရေးအတွက် လှည့်လည် မဲဆွယ်စည်းရုံးရေး ဆင်းရတာ။ပါတီဝင်တွေနဲ့အမတ်လောင်းတွေရဲ့ လုံခြုံရေးကို ဆောင်ရွက်ပေးဖို့ ရွေး။ကော် အဖွဲ့က ရဲတပ်ဖွဲ့ထံ သတင်းပို့ ပေးရမယ်။ ဒါပေမဲ့ လက်ရှိ မြေပြင်မှာ ပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့ရင် လုံခြုံရေးဆောင်ရွက်ပေးမယ့် ရဲတပ်ဖွဲ့က အနီးမှာ ရှိမနေဘူး။ဘာလို့ မရှိတာလည်း မေးကြည့်တော့ ရွေး။ကော်က လုံခြုံရေးဆောင်ရွက်ပေးဖို့သတင်းပေးပို့ထားခြင်း မရှိဘူးလို့ ပြန်ဖြေတယ်။ဒါက မင်းမဲ့တိုင်းပြည်မှ မဟုတ်တာ၊ ခုလို အရပ်ဝတ်နဲ့ပါ လုံခြုံရေးကို အသွင်ယူ ဆောင်ရွက်ပေးမယ်ဆို ပါတီဝင်တွေအတွက် လုံခြုံမှု ရှိတာပေါ့ ” ဟု သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဝေဖြိုးအောင်က ဆိုသည်။

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီ ၄၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရန်ကုန်တိုင်းဒေသကြီးတွင် မဲဆွယ်စည်းရုံးရေးကာလ ပြီးဆုံးချိန် နီးကပ်လာသဖြင့် ပါတီအလိုက် မိမိပါတီ မဲအောင်နိုင်ရေးရရှိရန် မဲဆွယ်စည်းရုံးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လာသောကြောင့် ယူနီဖောင်းဝတ် ထားသည့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် အရပ်ဝတ်များဖြင့် အသွင်ယူစုံစမ်းရေးများပြုလုပ်ကာ လုံခြုံရေးဆောင်ရွက်ပေးမည်ဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်သည့် ရန်ပြုတိုက်ခိုက်မှုမျိုး ရင်ဆိုင်ကြုံတွေ့ပါက ကျင်စက်များ အသုံးပြုကာ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။

ရွေးကောက်ပွဲကာလပါတီများ အပြိုင်အဆိုင် မဲအောင်နိုင်ရေးလှုပ်ရှားနေစဉ် ပါတီဆိုင်းဘုတ်နှင့်အလံများ ဖျက်ဆီးသူ၊ ပါတီဝင်များကို ညစ်ညမ်းစွာ ဆဲဆိုပြီး ခိုက်ရန်ပြုသူများကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းများက အမှုဖွင့်အရေးယူခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးတွင် အမှုပေါင်း သုံးဆယ်ကျော်နှင့် မန္တလေးတိုင်း ဒေသကြီး တို့တွင် အမှုပေါင်း သုံးဆယ်ကျော်ဖြစ်ပွားခဲ့ပြီး အမှုဖွင့် တိုင်ကြားခံရသူများကို တရားလိုပြုတိုင်ကြားခဲ့သည့် ပါတီများဘက်မှ တာဝန်ရှိသူများက ကျေအေး ပေးကာအမှု ပိတ်သိမ်းပေးမှုများရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

============

The Voice Weekly
Powered by Blogger.