ပျော်ပျော်ရွှင်ရွှင်နေထိုင်တဲ့ သူတွေရဲ့အကျင့်(၈)မျိုး

ကျွန်တော်တို့တွေအားလုံး ဘ၀မှာအရမ်းပျော်ရွှင်စွာနေထိုင်တတ်တဲ့သူ အနည်းဆုံးတစ်ယောက်လောက်တော့
တွေ့ဖူးကြမှာပါ။ သူတို့ဘာလို့ အဲ့လောက်ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်တာလဲ သင်စဉ်းစားဖူးပါသလား?
တကယ်တော့ သူတို့တွေမှာ သူတို့ရဲ့စိတ်ဓာတ်တွေကို အမြဲမြှင့်တင်ပေးနိုင်တဲ့ အမူအကျင့်တွေရှိနေတတ်ပါ
တယ်။ အဲ့ဒိအကျင့်တွေက သူတို့မွေးကတည်းကပါလာတာတော့မဟုတ်ပါဘူး။ တစ်ချို့အလေ့အကျင့်တွေက
မွေးယူရတာပါ။ သင်ရောသူတို့လိုပျော်ရွှင်ချင်ပါသလား? ဒါဆိုရင်တော့ ကျွန်တော်အောက်မှာဖော်ပြပေးမယ့်
အချက်လေးတွေကို လိုက်နာကျင့်သုံးကြည့်ကြနော်။
(၁) အကောင်းမြင်တတ်ပါစေ။
ဥပမာ ရေတစ်ဝက်ပဲရှိတဲ့ ရေတစ်ခွက်ကိုသင်တွေ့တယ်ဆိုပါစို့။ ခွက်က ရေလဲမပြည့်ပါလား လို့သင်တွေးလေ့
ရှိပါသလား? ပျော်ရွှင်စွာနေတတ်တဲ့သူအများစုကတော့ ခွက်ထဲမှာ ရေတစ်ဝက်တောင်ရှိနေပါလားလို့ တွေး
တတ်ကြပါတယ်။ နောက်ထပ်ဥပမာတစ်ခုပြောရရင် တစ်ခါတုန်းက လူနှစ်ယောက် အချုပ်ခန်းထဲကနေ
အပြင်ဘက်ကို ငေးကြည့်နေကြရင်း တစ်ယောက်က ပြောပါတယ်။ “အပြင်မှာလည်း ဗွက်တွေချည်းပဲကွာတဲ့”
နောက်တစ်ယောက်ကပြောပါတယ်။ “ဒီညလတော်တော်သာတယ်နော်”တဲ့။ လူတွေရဲ့စိတ်ချမ်းသာမှုတွေဟာ
သူတို့ရဲ့အမြင်တွေနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။ ကျွန်တော့်ဘ၀မှာလည်း အဆိုးမြင်တတ်တဲ့သူတွေကို
တော်တော်မြင်ဖူးပါတယ်။ သူတို့က အမြဲပွစိပွစိနဲ့ သူတို့စိတ်ကိုဒုက္ခပေးတတ်သလို ဘေးကသူကိုလည်းနားငြီး
အောင်ဒုက္ခပေးတတ်ပါတယ်။ ဒီတော့ သင်လည်း စိတ်ချမ်းသာချင်ရင် အကောင်းမြင်ဖို့မမေ့နဲ့နော်။ လောက
ကြီးမှာမြင်တတ်ရင် လှတာတွေအများကြီးရှိပါတယ်။
(၂) သင့်မှာရှိတာတွေအတွက် ကျေးဇူးတင်ပါ။
ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတွေရဲ့ နောက်ထပ်အလေ့အကျင့်တစ်မျိုးကတော့ သူတို့မှာမရှိတာတွေကို
တမ်းတပူဆွေးနေမယ့်အစား သူတို့မှာရှိတာတွေကို ကျေးဇူးတင်တတ်ကြပါတယ်။ ဥပမာ သင်ကျွန်တော်ရေး
ထားတဲ့ဒီဆောင်းပါးလေးကို ဖတ်နေတာပဲစဉ်းစားကြည့်ပါ။ သင့်မှာလက်ပ်တော့၊ဒါမှမဟုတ်စမတ်ဖုန်းတစ်လုံး
ရှိနေလို့သာ သင်ဖတ်နိုင်တာပေါ့။ ဒါမှမဟုတ် အင်တာနက်ဆိုင်ကဖတ်တယ်ပဲဆိုအုံး။ သင့်မှာ အင်တာနက်သုံး
ဖို့ ပိုက်ဆံရှိလို့သာသုံးနိုင်တာပေါ့။ နောက်ဆုံးပြောရရင် သင့်မှာ စာကောင်းပေကောင်းတွေကိုဖတ်ဖို့ အမြင်
အာရုံရှိ နေသေးပါတယ်။ ဒါတွေက ကျေးဇူးတင်စရာတွေချည်းပါပဲ။ စာမဖတ်နိုင်တဲ့သူတွေ၊ ဖုန်းတစ်လုံး
တောင်မကိုင်နိုင် တဲ့သူတွေ၊ မျက်စိမမြင်တဲ့သူတွေ ကိုနည်းနည်းလောက် ကိုယ်ချင်းစာတွေးကြည့်လိုက်ပါ။
သင့်ဘ၀က သူတို့ထက် အများကြီးသာပါသေးတယ်။ ဒီတော့ ပျော်ချင်ရင် သင့်မှာရှိတာတွေကို တန်ဖိုးထားပြီး
ကျေးဇူးတင်ဖို့ မမေ့ပါနဲ့။
(၃) စွန့်လွှတ်နိုင်အောင်သင်ယူထားပါ။
တစ်ချို့ကတစ်ခုခုကို လက်လွှတ်လိုက်ရမှာကို အပြင်းအထန်ကြောက်လေ့ရှိပါတယ်။တစ်ခုခုများဆုံးရှုံးသွားရင်
သူတို့ ဘ၀ပျက်မတတ်ခံစားရကြပါတယ်။ ပျော်ရွှင်တဲ့သူတွေကတော့ လောကကြီးမှာ ပိုင်ဆိုင်ချင်တိုင်း မပိုင်
ဆိုင်နိုင်ဘူးဆိုတဲ့ အယူဝါဒကို ထဲထဲဝင်ဝင်ယုံကြည်ထားကြပါတယ်။ ဒါကြောင့် သူတို့က စွန့်လွှတ်နိုင်အောင်
သင်ယူထားကြပါတယ်။ ဥပမာ ရည်းစားနဲ့ကွဲသွားတယ်ဆိုပါစို့။ တစ်ချို့တွေက အဲ့ဒိစိတ်နဲ့ပဲ ဘ၀ကိုရင်းလိုက်
ကြပါတယ်။ ပြန်မလာနိုင်မယ့်ချစ်သူကို လက်မလွှတ်တမ်းစောင့်မျှော်တတ် ကြပါတယ်။ ဒီစိတ်နဲ့ပဲ သူတို့ဘဝ
တွေကို နစ်မြှုပ်လိုက်ကြပါတယ်။ ဒါကမစွန့်လွှတ်နိုင်၊ လက်မလွှတ်နိုင်တဲ့ အလေ့အကျင့်ကပေးတဲ့ ရလဒ်ပါပဲ။
ပျော်ရွှင်စွာနေထိုင်ချင်ရင်တော့ စွန့်လွှတ်ခြင်း၊လက်လွှတ်ခြင်းတွေကို မွေးမြူလေ့ကျင့်ထားသင့်ပါတယ်။
(၄) သင့်ကိုယ်သင်သူများနဲ့မယှဉ်ပါနဲ့။
ပျော်ရွှင်တဲ့သူတွေက သူတို့ကိုယ်သူတို့ သူများတွေနဲ့ လိုက်မနှိုင်းယှဉ်ပါဘူး။ သူတို့ရဲ့မနေ့ကပုံစံနဲ့ ဒီနေ့ပုံစံကို
ပဲ နှိုင်းယှဉ်ပါတယ်။ သူတို့ဘယ်လောက်တိုးတက်လာလဲဆိုတာကိုပဲ ဂရုစိုက်ပါတယ်။ သူတို့ကိုယ်သူတို့ပဲပြိုင်
ပါတယ်။ သင်လည်း သင့်ကိုယ်သင်သူများတွေနဲ့ လိုက်နှိုင်းယှဉ်နေမယ့်အစား မနေ့ကသင်နဲ့ဒီနေ့သင် ဘယ်
လောက်ကွာခြား တိုးတက်လာလည်း ဆိုတာကို နှိုင်းယှဉ်သင့်ပါတယ်။
(၅) ဘေးပတ်ဝန်းကျင်ကပျော်စရာလေးတွေကိုခံစားပါ။
တကယ်တော့ နေ့စဉ်နေ့တိုင်း ပျော်စရာကြည်နူးစရာလေးတွေ ရှိတတ်ပါတယ်။ သင်သတိမထားမိတာပါ။
သင်သတိထားမိအောင် နေကြည့်ပါ။ သင့်ရဲ့ပူလောင်နေတဲ့စိတ်တွေနဲ့ ပူပန်သောကများနေတဲ့စိတ်တွေကို
ခဏလောက်လျော့ချပြီး ဘေးပတ်ဝန်းကျင်ကပျော်စရာလေးတွေကို မြင်အောင်ကြည့်ကြည့်ပါ။ သင့်ရဲ့နားကို
နားကြပ်တပ်၊ သင့်ရဲ့မျက်လုံးကို စမတ်ဖုန်းနဲ့ကွန်ပျူတာမျက်နှာပြင်မှာ အမြဲကပ်ထားရင်တော့ လောကကြီးရဲ့
လှပတဲ့အရာလေးတွေကို သင်လက်လွတ်သွားပါလိမ့်မယ်။
(၆) ကြင်နာပါ။
ပျော်ရွှင်တဲ့သူအများစုဟာ အခြားသူတွေအပေါ်ကြင်နာလေ့ရှိပြီးပေးကမ်းကူညီလေ့လည်းရှိပါတယ်။သင်လည်း
အခြားသူတွေကို ကူညီတဲ့အခါရရှိတဲ့ ပီတိကိုခံစားဖူးမှာပါ။ ဒီတော့ အခုအချိန်ကစပြီး ကြင်နာတတ် အောင်ကြိုး
စားကြည့်ပါ။
(၇) ရည်မှန်းချက်ထားပါ။
ပျော်ရွှင်စွာနေထိုင်တဲ့သူတွေမှာ ရည်မှန်းချက်ဆိုတာ အမြဲရှိပါတယ်။ ရည်မှန်းချက်ဆိုတာ ဆရာဝန်ကြီး ဖြစ်ရ
မယ်ဆိုတာမျိုးမှ မဟုတ်ပါဘူး။ မနက်ဖြန်မနက် သင်စောစောထပြီးလမ်းလျှောက်ဖြစ်အောင် ကြိုးစားမယ်
ဆိုတာလည်း ရည်မှန်းချက်ပါပဲ။ ဒီလ ၀ိတ်ချမယ်ဆိုတာလည်း ရည်မှန်းချက်ပါပဲ။ ရည်မှန်းချက်တွေကို ဘဝ
ကိုရှင်သန်ရတာ အဓိပ္ပါယ်ရှိစေပါတယ်။ အဲ့ဒိလိုမျိုး သင့်ရည်မှန်းချက်တွေကို လုပ်ဆောင်နေရတာလည်း
ပျော်စရာတစ်မျိုးပါပဲ။ ဘ၀ကို အဓိပ္ပါယ်မဲ့စွာ ဖြတ်သန်းနေတဲ့သူတွေထက်စာရင် သင့်ဘ၀ဟာ အဓိပ္ပါယ်
အများကြီးပိုရှိပါတယ်။ သင့်ရဲ့ရည်မှန်းချက်တွေ အောင်မြင်လာတဲ့အခါရလာတဲ့ ပျော်ရွှင်မှုကိုခံစားကြည့်ပါ

(၈) မိတ်ဆွေတွေရှိပါစေ။
ပျော်ရွှင်တဲ့သူတွေဟာ မိတ်ဆွေကောင်းတွေရဲ့ အရေးပါပုံကို နားလည်ထားကြပါတယ်။ ဒါ့ကြောင့်လည်းပဲ
လူမှုဆက်ဆံရေးမှာ ကောင်းမွန်အောင်ကြိုးစားလေ့ရှိပါတယ်။ အခုခေတ်မှာတော့ Social Media တွေကနေ
သင့်ရဲ့သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်နေလို့ရပါပြီ။ ဒါပေမယ့်လည်း Social Media ပေါ်မှာချည်းပဲ
အားကိုးနေတာမျိုးတော့မဖြစ်သင့်ပါဘူး။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီးလျှောက်လည်တာမျိုးတွေ ပြုလုပ်
သင့်ပါတယ်။ မိတ်ဆွေကောင်းတွေရှိတာလည်း ပျော်စရာ၊ဂုဏ်ယူစရာ တစ်မျိုးပါပဲ။
ကဲ သင့်မှာရော အထက်ပါအချက်တွေ ဘယ်နှစ်ချက်လောက်ပိုင်ဆိုင်ပါသလဲ?
အားလုံးပဲပျော်ရွှင်တဲ့ဘ၀လေးပိုင်ဆိုင်ကြပါစေခင်ဗျာ။


ပုဂံအွန်လိုင်းမီဒီယာ
Powered by Blogger.