မွန်သူရဲကောင်း သမိန်ဗရမ်း နှင့် တရုတ်ဗိုလ်ကာမဏိတို့ စီးချင်းတွေ့ခန်း


စက်တင်ဘာ ၇ ရက်နေ့က Myanmar Event Park မှာ ကျင်းပပြုလုပ်တဲ့ MRTV4 Art Exhibition 2014 မှာ ပြသတဲ့ သမိန်ဗရမ်းရဲ့ စီးချင်းပွဲပန်းချီကား ကို မြင်တော့ ကြောင့် အနေနဲ့ တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။

သမိန်ဗရမ်းကို ပုံဖော်ရာမှာ အ၀တ်မပါ ဘာမပါနဲ့ တကယ့် အရိုင်းအစိုင်းတစ်ယောက်လို ပုံဖော်ထားတဲ့ ပန်းချီဆရာရဲ့ လက်ရာကိုလဲ လုံးဝ လက်လန်မိပါတယ်။

အမှန်တကယ် တိုက်ပွဲမှာ သမိန်ဗရမ်း ဘယ်လိုဝတ်တယ်။ဘယ်လိုတိုက်တယ် ဆိုတာ သိစေချင်လို့ စာစီလိုက်ရပါတယ်။

----------

အင်းဝ-ဟံသာဝတီ စစ်ပွဲအတွင်းတွင် အင်းဝဥပရာဇာ မင်းရဲကျော်စွာသည် မယ်တော်ရော ညီမတော်ပါ မွန်ဘုရင်က သိမ်းပိုက်လိုက်သည်ကို သိရှိပြီးနောက် လူသားစားမင်း ပေါရိသာဒ ဘွဲ့ခံကာ အောက်ပြည်သို့ အလုံးအရင်းဖြင့် ၀င်ဝုန်းခဲ့ရာ ခဲပေါင်မြို့အပါအဝင် မြစ်ဝကျွန်းပေါ်ခံတပ်မြို့များမှာ ဖရိုဖရဲဖြစ်ကုန်လေသည်။ (တိုက်ပွဲတစ်ပွဲတွင် မွန်သူရဲကောင်း သမိန်ဗရမ်းကို အရှင်ဖမ်းမိလေသည်။)

ဖမ်းမိသော သမိန်ဗရမ်းကို အင်းဝသို့ ပို့ဆောင်ကာ သံခြေကျင်းဖြင့် အကျဉ်းချထားစေခဲ့သည်။

ထိုသို့ ချုပ်နှောင်ထားစဉ် အင်းဝတွင် နိုင်ငံရေးခိုလှုံခွင့်ဖြင့် ယာယီရောက်ရှိနေသော မော်တုံမော်ကယ်စား ကို အကြောင်းပြု၍ တရုတ်ဘုရင်ကိုယ်တိုင် စစ်တပ်အခိုင်အဖြီးဖြင့် အင်းဝသို့ဝန်းရံလာသည်။( တစ်လခန့် ကြာသော် တရုတ်တို့ဘက်က ဤသို့ အရေးတောင်းလာသည်)

-" ငါတို့အလိုရှိသော မော်တုံမော်ကယ်စားကိုလည်း ထုတ်မပေး။ ထွက်၍လည်း မတိုက်။ ဘယ်လိုလုပ်မည်နည်း။ သို့ဖြစ်လျှင် သူရဲကောင်းချင်း မြင်းစီး၍တိုက်စေမည်။ ငါတို့နိုင်လျှင် မော်တုံမော်ကယ်စားကို ထုတ်ပေး။ ငါတို့ ရှုံးလျှင် ချက်ချင်းပြန်မည်။"

ဘုရင်မင်းခေါင်လည်း အကျပ်ရိုက်နေလေ၏။ သားတော်မင်းရဲကျော်စွာနှင့်တကွ သူရဲကောင်းများမှာ အောက်ပြည်တွင် စစ်ထိုးနေကြချိန် ဖြစ်သောကြောင့် အင်းဝတွင် မြို့စောင့်တပ်မျှသာ ကျန်သဖြင့် အတိမ်းအစောင်း မခံသော ထိုတိုက်ပွဲအတွက် စဉ်းစားရခက်နေလေ၏။

ထိုသတင်းကို အကျဉ်းကျနေသော သမိန်ဗရမ်းသိလျှင် "အင်းဝသည် ဟံသာဝတီ၏ တံခါးပေါက် ဖြစ်သည်။ အင်းဝကို တရုတ်ရလျှင် ဟံသာဝတီလည်း ခံနိုင်မည်မဟုတ်။ တရုတ်စစ်ကို ဟံသာဝတီသို့ မစုန်စေတော့ပြီ "ဟုဆိုကာ စီးချင်းတိုက်မည့် အကြောင်းကို ထောင်မှုးများထံမှတဆင့် ဘုရင်ထံလျှောက်ထားစေသည်။

ဘုရင်မင်းခေါင်လည်း အားရ၀မ်းသာဖြင့် သမိန်ဗရမ်းကို ထောင်မှထုတ်ကာ စီးချင်းတိုက်ရန် ပြင်ဆင်စေ၏။ ( မိမိမြင်းဇောင်းမှ မြင်းများကိုပြကာ စိတ်တိုင်းကျ ရွေးယူစေသော်လည်း သမိန်ဗရမ်းက တစ်စီးမျှ မကြိုက်ဘဲ မြို့ရိုးအနီး မြက်စားနေသော မန်ကျည်းစေ့ရောင် မြင်းနီတစ်စီးကိုသာ ပိုင်ရှင်ဖြစ်သူ မုဆိုးမထံမှ တောင်းယူလေ၏)

စီးချင်းတိုက်မည့်နေ့သို့ ရောက်လျှင် ဘုရင်မင်းခေါင်နှင့် တရုတ်ဘုရင်တို့သည် အင်းဝမြို့မုခ်ဦး၏ အရှေ့ဘက် ဆင်ကျုံး အနီး ရှိ ဆယ်ဧကပတ်လည် ကျယ်သော စစ်ကွင်းသို့အတူတကွ ၀င်ရောက်ကြလေသည်။ ( နိုင်ငံတော်ပွဲဖြစ်သဖြင့် နှစ်နိုင်ငံ အလံများ တံခွန်များကိုလည်း စနစ်တကျ ပြင်ဆင်ထားပြီး မင်းနှစ်ပါးရှုစားရာတွင် ထိုင်မည့် ပွဲကြည့်ဆောင်များကိုလည်း ပိုး၊ဖဲ၊ကတ္တီပါ တို့ဖြင့်အသေအချာ မွမ်းမံထားသည်ဆို၏။ )

ကွင်းအတွင်း ပထမဆုံး ၀င်လာသူမှာ တရုတ်ဗိုလ်ကာမဏိ ဖြစ်သည်။ ရွှေသားအတိပြီးသော ချပ်ဝတ်တန်ဆာကို ၀တ်၍ ရွှေခါးစည်းကြိုးကို ချည်ကာ လက်နက်များထည့်ထားသည့် ခြင်းတောင်းကို ကျောတွင်လွယ်၍ မြင်းနီကြီးကို ရွှေကကြိုး ဆင်ကာစီးလာသည်။ လက်တွင် ပန်းပွားနီနီ ခုနစ်ဆင့်တပ်ထားသော အဲမောင်းကြီးကို ကိုင်ထားပြီး ခါးတွင် ပတ္တမြားစီထားသော မျက်နှာမည်းဓါးကို ချိတ်ထားသည်။

သမိန်ဗရမ်းကမူ ကာမဏိကဲ့သို့ လေးလံသော ချပ်ဝတ်တန်ဆာ မ၀တ်ဘဲ ပေါ့ပါးသော အင်္ကျီ ကိုဝတ်ပြီး ရွှေစလွယ်ကို သိုင်းသည်။ ရွှေဖြင့်မွမ်းမံထားသော ခေါင်းပေါင်းအနီရောင်ကို ပေါင်းသည်။ ရွှေဆွဲကြိုး၊ ရွှေလက်ကောက်၊ ရွှေလက်ကြပ်၊ ရွှေလက်စွပ်များကို ၀တ်ဆင်သည်။ လက်သန်းတွင် န၀ရတ်ကိုးပါး လက်စွပ် တစ်ခြည်ကို ၀တ်သည်။ ဓါးရှည်ကို ချိတ်၍ လှံကို ကိုင်ကာ မန်ကျည်းစေ့မြင်းဖြင့် ထွက်လာလေ၏။ မြင်းကုန်းနှီးတွင် သံကြိုးဖြင့် ရက်ထားသော ခြင်းတောင်းတစ်လုံး ကိုလည်းချိတ်ထားလေ၏။ ( ထိုခြင်းမှာ ကာမဏိ၏ ခေါင်းကိုထည့်ရန် ဘုရင်မင်းခေါင် ထံမှ တောင်းလာခြင်း ဖြစ်သည်။)

မတိုက်မီတွင် သမိန်ဗရမ်းက ကာမဏိကို မြင်းရေးကျွမ်းကြောင်း ပရိသတ်ကို သိပါစေ ဟုဆိုကာ မြင်းကိုဒုန်းစိုင်းကာ မြင်းပေါ်တွင် ကပြလေ၏။ ကာမဏိလည်း သမိန်ဗရမ်းကဲ့သို့ တုပကာ လိုက်ကလေ၏။ ( သမိန်ဗရမ်းက ပရိယာယ်ဖြင့် လက်ကို မြောက်၍ ကပြရာ ကာမဏိကလည်း လက်ကို မြောက်ပြမိတော့သည်။)

ထိုသို့လက်မြောက်ပြသောအခါ သမိန်ဗရမ်းက ကာမဏိ၏ ချပ်ဝတ်တန်ဆာသည် ချိုင်းနေရာတွင် လစ်လပ်နေသည် တွေ့လိုက်လေ၏။

သို့ဖြင့် သမိန်ဗရမ်းက တိုက်ကြပါစို့ဟု ဆိုကာ မြင်းကို ရုတ်တရက် နောက်လှည့်ကာ ထိုး၏။ ကာမဏိက ရှောင်ကာ လှည့်ပတ်ပြေး၏။ ကာမဏိက ပြန်ထိုးသည့် အခါ သမိန်ဗရမ်းက ပွတ်ကာသီကာ ရှောင်ကာ ပတ်ပြေးပြန်၏။ ( ကာမဏိ ခြေကုန်လက်ပန်းကျအောင် ပရိယာယ်သုံးခြင်းဖြစ်သည်။)

ကာမဏိ ဟောဟဲလိုက်နေသည့်အခါ သမိန်ဗရမ်းက ရုတ်တရက် ဓါးကို ရွယ်၍ အနီးသို့ ၀င်ကပ်၏။ ကာမဏိက ဓါးရေးယှဉ်မည် အထင်ဖြင့် ဓါးကို ထုတ်၍ ခုတ်မည်ဟု လက်ကို အမြောက်တွင် သမိန်ဗရမ်းက လှံဖြင့် ချိုင်းကို ထုတ်ချင်းဖောက် ဆောင့်ထိုးလိုက်လေတော့သည်။

သမိန်ဗရမ်းသည် ကာမဏိ၏ အလောင်းကြီး တစ်ဖက်သို့ စောင်းကျသည်နှင့် တပြိုင်နက် လည်ပင်းကို ဓါးရှည်ဖြင့် ထက်ပိုင်းပြတ်အောင် ခုတ်ဖြတ်ကာ မြေသို့မရောက်မီ သံချွန်းဖြင့် ဖြင်းခနဲ ချိတ်ယူပြီး အသင့်ပြင်လာခဲ့သော ခြင်းတောင်းထဲသို့ ခေါင်းပြတ်ကြီးကို ထည့်လိုက်လေသည်။ ထို့နောက် သီချင်းတအေးအေးဖြင့် မြင်းကိုအသားကျ စီးကာ ဘုရင်မင်းခေါင်ထံ လာရောက်ဆက်သလေ၏။ ( ပွဲကြည့်ပရိသတ် ရဟန်းရှင်လူ အပေါင်းတို့လည်း သောင်းသောင်းဖြဖြ လက်ခုပ်လက်ဝါးတီးကြလေ၏)

တရုတ်ဘုရင်သည် လွန်စွာ အံ့သြကာ " လူချင်းတွင် သူ့အဖက် သူရဲကောင်း မရှိတန်ရာ " ဟု ဆိုလေ၏။ တရုတ် ဗိုလ်မင်းတို့လည်း ကာမဏိအလောင်းကို သိမ်းဆည်း၍ သင့်တော်သော နေရာတွင် မြုပ်နှံကြကာ အင်းဝမှ ချက်ချင်းဆိုသလို ပြန်ဆုတ်ကြလေတော့သည်။

ဘုရင်မင်းခေါင်သည် လွန်စွာအားရတော်မူ၍ သမိန်ဗရမ်းအား မင်းညီမင်းသား အဆောင်အယောင်နှင့် လယ်ကိုင်းမြို့ကို ပေးတော်မူသည်။ တလုတ်ရာဇသူ၏ သမီးတော် အငယ်နှင့်လည်း စုံဖက်ပေးသည်။ ( မွန်မူတွင်မူ အိမ်ရှေ့မင်းအဆောင်အယောင်နှင့် သမီးတော်ကို ပေးသည် ဆို၏။)

မည်သို့ပင်ဆိုစေ အခက်အခဲကြုံလာသည့်အချိန်တွင် မွန်-ဗမာ မခွဲခြားဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြည်ပအန္တရာယ်ကို တွန်းလှန်ပေးနိုင်ခဲ့သော သမိန်ဗရမ်းကို လွန်စွာ လေးစားဂုဏ်ယူမိပြီး ၄င်းကို ကိုယ်လုံးတီးဖြင့် ပုံဖော်ထားသော ပန်းချီဆရာကိုလည်း များစွာ စိတ်ပျက်မိပါကြောင်း =(^_^)=

( ပုံကို Pandora Thae ဆိုသည့် လူကြီးထံမှ ရုပ်တည်ဖြင့် မလာခြင်း ဖြစ်ပြီး စာစီသူမှာ ကြောင်ကိုယ်တိုင်သာ ဖြစ်ပါကြောင်း ) ~_^
ပဉ္စမံကြောင်
Powered by Blogger.