ရတုဘုရင် နတ်သျှင်နောင်


နတ်သျှင်နောင် ဟုဆိုလိုက်သည်နှင့် နေပြည်တော်နှင့် ဝေးရာအရပ်သို့ စစ်ချီတက်ရင်း စခန်းချရပ်နားနေသည့်အခါ ပေရွက်နှင့် ကညစ် ထုတ်၍ ချစ်ရသူ ကို လွမ်းဆွတ်ရပါကြောင်း စာစီတတ်သည့် မြန်မာ့ရာဇ၀င်မှ Romantic ဖြစ်သော စစ်သူကြီးအဖြစ် မြင်ယောင်ကြသည် ဖြစ်သည်။

ဘုရင့်နောင်မင်းကြီး၏ မြေးတော် ဖြစ်ပြီး အသက်ကိုးနှစ် အရွယ်မှစ၍ အရွယ်ရောက်သည့်တိုင် ယိုးဒယားချီ စစ်ပွဲများတွင် တောင်ငူတပ်ကို ဦးဆောင်ကာ ကိုယ်တော်တိုင် ပါဝင်ခဲ့သူဖြစ်သည်။ ( ယိုးဒယားမင်း ဗြနရစ်ကို အကြိမ်ကြိမ်တုန်လှုပ်အောင် စွမ်းဆောင်နိုင်ခဲ့သူလည်း ဖြစ်သည်။)

သူ၏ အချစ်ဦးကို အချို့က ရာဇဓာတုကလျာဟု အမှတ်မှားကြသည်။ အမှန်မှာ ရဝေရှင်ထွေး ဟုခေါ်သည့် နန်းတွင်းစာဆိုမလေးဖြစ်ပြီး ငယ်ရွယ်စဉ်ကပင် စာပေ၀ါသနာတူချင်းဖြစ်၍ မေတ္တာမျှခဲ့ကြသည်။

သို့သော် အရီးတော် ရာဇဓာတုကလျာ၏ အလှကို မြင်လျှင် ရဝေရှင်ထွေးကို သိပ်အမှတ်မရတော့ချေ။ ( ရာဇဓာတုကလျာကို စတင်စိတ်ဝင်စားမိသည့် အချိန်မှာ ဓာတုကလျာ၏ကြင်ယာတော် အိမ်ရှေ့မင်း မင်းကြီးစွာ၏ အသုဘအခမ်းအနားတွင်ဖြစ်သည်။)

ထိုအသုဘ အခမ်းအနားတွင် ရာဇဓာတုကလျာသည် အ၀ါရောင် ဗလာထဘီကို ၀တ်ဆင်ထားကြောင်း၊ အပေါ်ပိုင်းတွင် ဇာခြုံလွှာအနက်ရောင်ကို ရွှေပန်းပွင့်လေးများ ထိုးထားပြီး ခြုံထားကြောင်း၊ ၀မ်းနည်းကြေကွဲနေသည့် ဟန်ပန်ကို မြင်ရ၍ မိမိကိုယ်တိုင် ထွေးပွေ့လိုက်မိချင်ကြောင်းများကို နတ်သျှင်နောင်သည် ရတုစပ်ဆိုခဲ့သည်။

နတ်သျှင်နောင်သည် ရာဇဓာတုကလျာထံမှ အဖြေကို ဆယ်နှစ် ဆယ်မိုးတိုင်တိုင် စိတ်ရှည်စွာ စောင့်ခဲ့ရသည်။ ( သူ၏အချိန်တော်တော်များများကို စစ်ရေးစစ်ရာတွင် နှစ်မြုပ်ထားခဲ့ရသောကြောင့် အနေဝေးနေရခြင်းကြောင့်လည်း ဖြစ်နိုင်သည်)

တောင်ငူ နှင့် ရခိုင် တပ်ပေါင်း၍ ဟံသာဝတီမြို့တံခါးနှစ်ဆယ်ကို ထိုးဖောက်ပြီးသည့်အခါ နတ်သျှင်နောင်သည် ရာဇဓာတုကလျာထံ သို့ဦးစွာ ၀င်ရောက်ခဲ့သည်ဆို၏။ ထို့နောက် ရာဇဓာတုကလျာကို တောင်ငူသို့ ခေါ်ဆောင်ကာ အိမ်ရှေ့မိဖုရားကြီးအဖြစ် သူ၏ခမည်းတော် ရှေ့တွင် လက်ဆက်ခဲ့သည်။

သို့သော် ရိုမန်တစ် ၀ါရီယာ ( Romantic Warrior ) ကြီး နတ်သျှင်ကိုယ်တော်သည် စောင့်ရကျိုးမနပ်ရှာချေ။ ဆယ်နှစ်ဆယ်မိုးတိုင် စောင့်ခဲ့ရသော ရာဇဓာတုကလျာသည် လက်ဆက်ပြီး ခုနစ်လအကြာတွင် အဖျားရောဂါဖြင့် ကံတော်ကုန်ခဲ့သောကြောင့်ဖြစ်သည်။

ရာဇဓာတုကလျာ နှင့် ရုတ်တရက် ခွဲခွာလိုက်ရသော နတ်သျှင်နောင်သည် များစွာကြေကွဲခဲ့ပေမည်။ ( နောက်ပိုင်းတွင် အင်းဝမင်း မဟာဓမ္မရာဇာက တောင်ငူကို လာတိုက်ရာတွင် တင်ပါးတွင် သွေးစုနာပေါက်နေသဖြင့် ဆင်တော်ပေါ်မထိုင်နိုင်သောကြောင့် စီးချင်းမတိုက်နိုင်ခဲ့ပေ။ အင်းဝမင်းသည် တောင်ငူကို သိမ်းပိုက်ပြီးနောက် ကေတုမတီထီးနန်းကို မှန်ကင်းဖြုတ်ကာ နတ်သျှင်နောင်ကို လက်အောက်ခံအဖြစ် သစ္စာပေးသည်။)

ထို့နောက် နတ်သျှင်နောင်၏ မင်းမှုထမ်းများအနက်မှ စာတတ်ပေတတ် ပုဂ္ဂိုလ်များကိုလည်း အင်းဝသို့ ခေါ်ဆောင်သွားရာ နတ်သျှင်နောင်၏ ငယ်ချစ်ဦး ရဝေရှင်ထွေးကို ပါခေါ်ဆောင်သွားခဲ့သည်။

အချစ်ရေးရော စစ်ရေးပါ ကံကြမ္မာနိမ့်နေသော နတ်သျှင်နောင်သည် မကြံအပ်သည်ကိုပါ ကြံစည်မိတော့သည်။ ( ငဇင်ကာကို တောင်ငူသို့ ဖိတ်ခေါ်ကာ သန်လျင်သို့ လိုက်သွားခြင်းပင်ဖြစ်သည်)

အင်းဝမင်းသည် သိလျှင်သိခြင်း သန်လျင်ကို အပြင်းချီကာ လုပ်ကြံသည်။ ( တစ်လတိုင်တိုင် ခက်ခဲပင်ပန်းစွာ လုပ်ကြံပြီးမှ မြို့ကိုရော ငဇင်ကာကိုပါရသည်)

ငဇင်ကာသည် ဘုရားပုထိုးစေတီအများကို ဖြိုဖျက်သော မိစ္ဆာဒိဌိဖြစ်သည်ဟု ဆိုကာ သန်လျင် မြို့လယ်ဈေးတွင် တံကျင်လျှိုကာ ကွပ်မျက်သည်။

နတ်သျှင်နောင် ကိုလည်း မိစ္ဆာဒိဌိနှင့် ပေါင်းကာ အင်းဝသစ္စာကို ဖောက်သည်ဟူသော စွဲချက်ဖြင့် ရင်ကိုဖွင့်၍ ကွပ်မျက်သည်။ ( အချို့ကလည်း ငဇင်ကာကဲ့သို့ပင် တံကျင်အလျှိုခံရသည်ဆို၏)

( ကြောင့် အနေဖြင့်မူ နတ်သျှင်ကိုယ်တော်အကြောင်း ရေးရာတွင် ဆယ်နှစ်တိုင်တိုင် ချစ်ရသူ၏အဖြေကို စောင့်ရှာသူ၊ ဖုန်း၊အင်တာနက်၊ sms များ မပေါ်သေးချိန်တွင် ရတုလေးများစပ်ကာ မည်မျှလွမ်းရကြောင်း ဖော်ကျူးခဲ့သည့် နှလုံးသားနုသော စစ်သူကြီး အဖြစ်သာရေးချင်ခဲ့သော်လည်း ကံကြမ္မာငင်၍ ငဇင်ကာနှင့်အတူ ကွပ်မျက်ခံရသည်တို့ကိုပါ မလွှဲသာမရှောင်သာ ရေးခဲ့ရသည်။)

နတ်သျှင်နောင် ရေးသားခဲ့သည့်အထဲမှ ကြောင် အကြိုက်ဆုံးစာချိုးလေးကိုလည်း ဖော်ပြလိုက်ရပါသည်။

" တစ်ရက်မှာ တစ်နွေ၊
နှစ်ရက်ဆို နှစ်နွေပေါ့။
ရက်တစ်ရာ၊ နွေတစ်ရာမို့။
ကိုယ့်ရင်မှာ နေတစ်ရာ" (နတ်သျှင်နောင်)

( ဓာတ်ပုံကို google မှရိုက်ရှာခြင်းဖြစ်ပြီး စာစီသူမှာ ကြောင်ကိုယ်တိုင်သာ ဖြစ်ပါကြောင်း) =(^_^)=

ပဉ္စမံကြောင်
Powered by Blogger.