သားသတ်ရုံရောက်နေတဲ့ခွေးတွေကို စည်းစိမ်ပြုတ်တဲ့အထိ ကယ်တဲ့ တရုတ်သန်းကြွယ်သူဌေး


တရုတ်နိုင်ငံ ချန်ချွန်းရှိ သန်းကြွယ်သူဌေးတစ်ဦးဟာ သားသတ်ရုံကနေ လေလွင့်ခွေးတွေကို ကယ်ဆယ်ဖို့ ကယ်ဆယ်ရေးဂေဟာ တစ်ခု တည်ဆောက်ရာမှာ စည်းစိမ်ပြုတ် ကြွေးတင်တဲ့အထိ ငွေကြေးအကုန်အကျခံခဲ့တယ်လို့ သိရပါတယ်။
ဝမ့်ယန် (၂၉နှစ်) ဟာ စတီးကုမ္ပဏီးတစ်ခုကို ဦးစီးလုပ်ကိုင်ခဲ့သူဖြစ်ပြီး ယန်းငွေ သန်းချီကြွယ်ဝသူဖြစ်တယ်လို့ Shanghaiist ၀က်ဆိုက် မှာ ဖော်ပြထားပါတယ်။ သူ့ရဲ့ အချစ်ဆုံးခွေးလေးပျောက်ဆုံးသွားတဲ့ ၂၀၁၂ခုနှစ်ကစပြီး လေလွင့်ခွေးတွေကို ကယ်တင်ခဲ့တာလို့ ဆိုပါ တယ်။
ဝမ်ဟာ သားသတ်ရုံမှာ တစ်ပတ်လောက်အချိန်ယူပြီး လှည့်ပတ်ရှာဖွေခဲ့တာတောင် သူ့ရဲ့ခွေးလေးကိုပြန်မရခဲ့ပေမယ့် သူမြင်တွေ့ခဲ့ရတဲ့ သွေးသံရဲရဲ သားသတ်ရုံမြင်ကွင်းတွေကို မမေ့နိုင်အောင်ဖြစ်ပြီးကတည်းက သူ့ရဲ့ငွေကြေးတွေကို အသတ်ခံရမယ့်ခွေးတွေကို ကယ်တင် ၀ယ်ဖို့ အသုံးပြုခဲ့တာလို့ သိရပါတယ်။ သူကယ်လာတဲ့ ခွေးတွေ ပိုပိုများလာတဲ့အတွက် နောက်ဆုံးမှာ အဲဒီခွေးတွေကို စတီးစက်ရုံ အလွတ်တစ်ခုထဲ နေရာချထားပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဝမ်ဟာ ပြီးခဲ့တဲ့ ၃နှစ်အတွင်းမှာ သားသတ်ဈေးကွက်ကနေ စုစုပေါင်းခွေး အကောင်ရေ ၂၀၀၀ ကျော်ကယ်တင်ခဲ့ပြီးဖြစ်တယ်လို့ ပီးပဲလ်ဒေးလီး သတင်းစာမှာ ဖော်ပြထားပါတယ်။
သူ့ဆီကခွေးတွေဟာ မွေးစားမယ့်သခင်တွေရကုန်ကြတာကြောင့် လက်ရှိမှာ သူ့ဆီမှာ ၂၁၅ကောင်သာ ရှိနေတယ်လို့သိရပါတယ်။ သူက အိမ်မွေးခွေးတွေအတွက် အခမဲ့ကုသမှုတွေလည်းပေးထားသလို ခွေးပိုင်ရှင်တွေကလည်း ဒုက္ခသည်ခွေးလေးတွေအတွက် ခွေးစာတွေ ပေးလှူကြလေ့ရှိပါတယ်။
ဝမ်က ခွေးတွေအတွက် အစာနဲ့ ဆေးဝါးကုသမှုမှာ ငွေသန်းပေါင်းများစွာ အကုန်အကျခံခဲ့ပေမယ့် ငွေကြေးလှူဒါန်းတာတွေ လက်မခံ ပါဘူး။ ငွေလှူမယ့်အစား ခွေးတွေနေထိုင်ဖို့ ဂေဟာတည်ဆောက်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်းတွေသာ လှူကြဖို့ သူက မေတ္တာ ရပ်ခံခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ များသောအားဖြင့် ခွေးတွေအပေါ်ပြုမှုဆက်ဆံပုံဆိုးရွားမှုအတွက် နာမည်ကြီးလေ့ရှိပါတယ်။ အထူးသဖြင့် နာမည်ကျော် ယုလင်ခွေးသားစားပွဲတော်ဟာ တိရစ္ဆာန်ချစ်သူတွေအကြား အမြဲလိုလို ဂယက်ရိုက်လေ့ရှိပါတယ်။
ဘာသာပြန် - ယွန်းစန္ဒီနန်းမွန်
Ref: Asiaone
Powered by Blogger.