စိတ္တဇ ရွှေနန်းရှင်


ကုန်းဘောင်မင်းဆက် ဆယ့်တစ်ဆက် အနက် ပြင်းထန်သော စိတ္တဇဝေဒနာ စွဲကပ်ခံရသူ မှာ သာယာဝတီ မင်း ဖြစ်သည်။ လက်ရုံးရည် ပြောင်မြောက်သော်လည်း ဘ၀နိဂုံးကို ရူးသွပ်ခြင်းဖြင့် ကုန်ဆုံးရသည်မှာ သံဝေဂရဖွယ် ဖြစ်သည်။

၁၈၂၄ ခုနှစ် ၄င်း အိမ်ရှေ့မင်းအဖြစ် စံတော်မူစဉ်က ကုလားဖြူတို့ဖြင့် စစ်ဖြစ်ပွားရာတွင် ပြောက်ကျားစစ်၊ အငိုက်ဖမ်း စစ်များဖြင့် မိမိထက် လက်နက်အင်အား လွန်စွာသာသော ကုလားဖြူအင်္ဂလိပ်တို့ကို ချေမှုန်းနိုင်ခဲ့သည်ဆို၏။

သို့သော် နန်းမတော်မယ်နုက အိမ်ရှေ့မင်းသြဇာလွှမ်းမိုးလာမည်စိုး ၍ယတြာကိန်းခန်း မကောင်းဟုဆိုကာ နေပြည်တော်သို့ ပြန်ခေါ်ခဲ့သည်။ ( စစ်လည်း ရှုံးရတော့သည်)

သာယာဝတီမင်းသည် များမကြာမီ စစ်ကိုင်းမင်းကို နန်းချကာ အာဏာသိမ်းပြီး ကုန်းဘောင်ရာဇပလ္လင်ကို သိမ်းယူသည်။

ထိုမင်း နန်းစံစဉ် အင်္ဂလိပ်တို့သည် မြန်မာပြည်ကို ထိပါးရန် ယောင်၍ပင် မတွေးဝံ့ကြချေ။

အကြောင်းမှာ ကြီးစွာသော စစ်အင်အားဖြင့် ရန်ကုန်သို့ အလုံးအရင်း စုန်ဆင်းကာ ရွှေတိဂုံစေတီတော်ကိုဖူးမြော်ခြင်း၊ နေပြည်တော်တွင် အမြောက်သံမစဲ နေ့စဉ် ပစ်ဖောက်လေ့ကျင့်ခြင်း နှင့် အင်္ဂလိပ်သံအမတ်တို့ သံရုံးရုပ်သိမ်းသည်ကို ပြတ်သားစွာ နှင်ထုတ်ခဲ့ခြင်းတို့ ကြောင့်ပင်ဖြစ်သည်။

သို့ရာတွင် ၄င်း၏ စိတ္တဇဝေဒနာ ခံစားရသောအခါ.....

ယင်းတော ၀န်ကြီးကို ညီလာခံတွင် လက်သုံးတော်လှံဖြင့် ရင်ကို ထိုးကာ ကွပ်မျက်ခြင်း။

" ဟဲ့ အကောင် ၀က်ကြီးတွေကို ၀က်ငယ်တွေနဲ့ ခွဲစမ်းပါလေ။ ၀က်ကြီးတွေက အငယ်တွေကို ကိုက်တာ သနားလွန်းလို့" ဟုဆိုကာ ရွှေလှံတော်သား တစ်ဦးကို ခိုင်းစေပြီး မိမိ ကိုယ်တိုင်လည်း ပုဆိုး ခါးတောင်းကျိုက်ကာ ၀က်ကျင်းအတွင်း ၀င်ကာ ၀က်များကို ခွဲခြင်း။ ထို့နောက် ရွှေလှံတော်သားကို ကြည့်ကာ " ဟယ် နင်ဘာတွေ လုပ်နေတာလည်း။ ၀က်ကြီးတွေကို ခွဲတော့ ၀က်ငယ်တွေ နို့ဘယ်လို စို့မလည်း " ဟု ကပေါက်တိကပေါက်ချာ များပြောခြင်း။

လမ်းလျှောက်ရာတွင် ခုန်ဆွ ခုန်ဆွ ဟိုဝင် ဒီဝင် လျှောက်တော်မူသဖြင့် မိမိနောက်သို့ ထီးလုံအောင် မမိုးနိုင်သောကြောင့် ထီးတော်မိုးကို နေရာတွင်ပင် သန်လျက်ဖြင့် ထိုးသတ်ခြင်း။

အိမ်သာ ၀င်ရာတွင် မိန်းမစိုးနှစ်ဦး နှင့် ဗိုလ်တစ်ဦးကို ခေါ်သွားခဲ့သည်။ ၄င်းတို့ သုံးဦးက ဘုရင် အိမ်သာဝင်ရာတွင် အပြင်က စောင့်ပေးရသည်။ ပြဿ နာမှာ ဘုရင်က အိမ်သာက အထွက်တွင် စိတ်ဖောက်ကာ မိန်းမစိုးနှစ်ဦးကို လက်ညှိုးထိုးပြီး "ရန်သူတော်တွေကို ခုသတ်" ဟုဆိုကာ မိန်းမစိုးတစ်ဦးကို ဗိုလ်အား သတ်စေပြီး နောက်တစ်ဦးကိုမူ မိမိကိုယ်တော်တိုင် အရှင်လတ်လတ် ဓါးဖြင့် မွှန်းခြင်း။ ( ဗိုလ်ကမူ သတ်ချင်ယောင်ဆောင်ပြီး လွှတ်ပေးသောကြောင့် တစ်ဦး လွတ်သော်လည်း အခြားတစ်ဦးမှာ ပွဲချင်းပြီး သေရှာသည် )

ဤသည်တို့မှာ သာယာဝတီမင်း၏ စိတ္တဇဒဏ်ချက်ကြောင့် ကိုယ်ကျိုးနည်းရရှာသောသူများဖြစ်သည်။

ဆရာတော်များကမူ သာယာဝတီမင်းသည် ငယ်စဉ်က ကာယသိဒ္ဓိဆေးများ လိုက်စားသောကြောင့် ယခုကဲ့သို့ စိတ္တဇဖြစ်ရသည်ဆို၏။

ရှေးလူကြီးသူမများကမူ အေးအေးနေတတ်သော စကြာမင်းကလေးကို ရေချကွပ်မျက်ခြင်း ကြောင့် အကုသိုလ်တက်ရခြင်းဖြစ်သည်ဆို၏။

မည်သို့ပင်ဆိုစေ သာယာဝတီမင်းကား ကုန်းဘောင်မင်းဆက်၏ တစ်ပါးတည်းသော စိတ္တဇရွှေနန်းရှင် အဖြစ် မှတ်တမ်း တင်ပြီးဖြစ်သတည်း။

( ကိုးကားအနေနဲ့ ညိုမြရဲ့ ကုန်းဘောင်ရှာပုံတော် ကို ယူပြီး ပုံကို http://www.geni.com/ ကယူကာ စာစီသူမှာ ကြောင် ကိုယ်တိုင်သာ ဖြစ်ပါကြောင်း ) ~_^

ပဉ္စမံကြောင်
Powered by Blogger.