ရှက်သတဲ့ဗျာ


*****
NLD ပါတီ တည်ထောင်စတုန်းကပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်က တစ်ပြည်လုံးကို လှည့်ပတ်ပြီး ပါတီစည်းရုံးရေးဆင်းပါတယ်။ အဲသည်တုန်းက တက္ကသိုလ်ကျောင်းတွေလည်း ပိတ်ထားတဲ့အချိန်ပါ။ ကျွန်တော်က တောသားဆိုတော့ တောမှာပဲပေါ့ဗျာ။

ကျွန်တော်တို့ရွာက ကားလမ်းမနဲ့ မလှမ်းမကမ်းမှာ ရှိပါတယ်။ အိမ်ခြေက ခြောက်ဆယ်လောက်သာရှိတဲ့ ရွာကလေးပါ။ ကားလမ်းဘေးမှာ ရှိတဲ့ရွာကလည်း အိမ်ခြေတစ်ရာလောက်သာ ရှိတဲ့ရွာကလေးပါပဲ။ နှစ်ရွာပေါင်းပြီး ဒေါ်စုကို ကြိုဆိုကြသပေါ့ဗျာ။

အချိန်ကလည်း ထွန်လို့ယက်လို့ ကောင်းတဲ့ အချိန်ကြီးဗျ။ "ထယ်ရေးကောင်းတစ်စပ် ထမင်းတစ်နပ်" ဆိုသမို့လားဗျာ။ ရွာသားအများစုက ထွန်ရေးကို မဖျက်နိုင်ရှာကြဘူး။ အဲသည်တော့ ကြိုဆိုသူက များများ မရှိဘူးဗျ။

ကျွန်တော်တို့အိမ်ကတော့ တစ်အိမ်လုံးထွက်ကြိုတာပေါ့ဗျာ။ ကျွန်တော့အမေဆို ဒေါ်စုကို ပန်းကုံးတွေဘာတွေ ကမ်းပေးခဲ့ဖူးသပေါ့ဗျာ။
ဒေါ်စုကို ကြိုနေတဲ့ ပရိသတ်ကြည့်လိုက်တော့ ကလေးကခပ်များများ၊ ပြီးရင် တောသူကြီးတွေပေါ့ဗျာ။
ကိုယ့်ရွာထိပ်ရောက်လာတာဆိုတော့ ဝတ်နေကျ အဝတ်အစားတွေနဲ့ပဲ ကြိုဆိုကြတာပေါ့။ အဲသည်အချိန်တုန်းက အညာဒေသကရွာတွေမှာ ဘယ်လို ဝတ်စားလေ့ ရှိကြသလဲဆို ကိုတွတ်ပီမိန်းမ မသေးမျှင်အတိုင်းပါပဲဗျား။ အဝတ်အစားကလဲ ရှားတဲ့ခေတ်ပေကိုး။ နောက် ယာထွန်ရာကနေ အပြေးအလွှားရောက်လာကြတဲ့ တောင်သူကြီးတွေပါပဲ။ ယာထွန်ရာမှာ တောင်သူတွေ ဝတ်တဲ့အဝတ်က ဆီကြေး(ဂျီး)မပေတာပဲရှိမယ် ကားဝပ်ရှော့ကလူတွေရဲ့အဝတ်အတိုင်းပါပဲ။ တချို့ဆို အထက်ပိုင်းက ဗလာနဲ့ ရေသည်ယောက်ျားအတိုင်းပါပဲ။

ကျွန်တော်လည်း ဒေါ်စုစီးလာတဲ့ကားနဲ့ မလှမ်းမကမ်းမှာ ကြိုဆိုနေသပေါ့ဗျာ။ ဒေါ်စုက ကြိုဆိုနေသူတွေကို စကားပြောဖို့ ကားထဲက ထွက်လာတဲ့အခါ ပရိသတ်ကို ကြည့်ပြီး မျက်နှာနဲနဲပျက်သွားတယ်လို့ ကျွန်တော်ထင်မိသဗျ။ ပရိသတ်နည်းလွန်းလို့ စိတ်ပျက်သွားပြီနဲ့တူတယ်လို့ ကျွန်တော်တွေးမိလိုက်သေးတယ်။
ပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ စကားပြောတော့တာပါပဲဗျာ။

"ကျွန်မအနေနဲ့ အခုလို ကျွန်မပြည်သူတွေ ဆင်းရဲနေတာကို တွေ့မြင်ရတဲ့အခါ အလွန်စိတ်မကောင်း ဖြစ်ရပါတယ်။ သည်လို ဆင်းရဲနေတဲ့ ပြည်သူတွေ ကြားထဲမှာ ကျွန်မက ကားကောင်းကြီးကို စီးပြီး သွားလာနေရတာ မျက်နှာပူသလို ရှက်လဲရှက်မိပါတယ်။ ဖြစ်နိုင်ရင် တစ်ပြည်လုံးကို ခြေလျင်လျှောက်ပြီးသာ စည်းရုံးရေးဆင်းချင်ပါတယ်။ ဆင်းရဲတဲ့ပြည်သူတွေကြားမှာ ချမ်းသာနေတာဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူး၊ ရှက်စရာပါ"

လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်ကျော်က ကျွန်တော့ရဲ့ နှလုံးသားနုနုကလေးကို ရိုက်ခတ်သွားတဲ့စကားပေါ့ဗျာ။ အသံဖမ်းစက်နဲ့ ဖမ်းမှတ်ထားတာမျိုး မဟုတ်လို့ စကားလုံးတွေက အတိအကျ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ စာကျက်ရင် အကြိမ်ကြိမ်ကျက်မှ ရတတ်တဲ့ ကျွန်တော်ဟာ သည်စကားကိုတော့ တစ်ကြိမ်ကြားရုံနဲ့ နားစွဲခဲ့တယ်ဗျာ။ ကနေ့အထိပါပဲ။

ဒေါ်စုရဲ့စကားကို ကြားရတော့မှ ဒေါ်စုဟာ ကျွန်တော်တို့ရွာ ပရိသတ်ကို ကြည့်ပြီး မျက်နှာပျက်သွားတာမဟုတ်ဘဲ စိတ်မကောင်းဖြစ်သွားတာ၊ စိတ်ဆင်းရဲ သွားရှာတာပါလားလို့ ကျွန်တော် သဘောပေါက်သွားတယ်ဗျို့။

သည်လိုမျိုး ကိုယ့်ပြည်သူတွေ ဆင်းရဲနေတာကို မကြည့်ရက်နိုင်တဲ့ ဗိုလ်ချုပ်သမီးက တိုင်းပြည်ကို ကုလားလက်ထိုးအပ်မယ်၊ ကုလားကောင်းစားရေးတွေလုပ်နေတယ်လို့ ပြောထွက်တဲ့သူတွေ၊ ပြောတာကို ယုံနေတဲ့သူတွေကို ကျွန်တော်ဖြင့် ဘယ်လိုသနားရမယ်ဆိုတာတောင် မသိနိုင်တော့လောက်အောင် ခံစားရပါတယ်ဗျာ။

တိုင်းသူပြည်သား ဆင်းရဲသားတွေကြားမှာ ကားအကောင်းစားကြီးတွေကို အခွန်ရှောင်ပြီး စီးပြနေတဲ့ ဘယ်လူကြီးကများ ဒေါ်စုလို ရှက်ခဲ့ဖူးကြပါသလဲခင်ဗျား။ ရှက်ဖို့နေနေသာသာ ဒါကိုပဲ ဂုဏ်လုပ်နေကြတာ မဟုတ်ပါလား။

သည်လူတွေကိုမှ အမျိုးချစ်၊ ဘာသာချစ်ဆိုပြီး မဲပေးကြဦးမယ်ဆိုရင်တော့ ကျန်စစ်မင်းက စောလူမင်းကို ပခုံးပေါ်က ပစ်ချပြီး ပြောခဲ့တဲ့ စကားလိုပဲ။

"ခွေးသေ ဝက်သေ သေကြပေတော့"

@@@ ဆရာဦးမြင့်ဇော်(ရွှေတံခါး)


Powered by Blogger.