ရာဇ၀င်ထဲက ကလေးစစ်သားများ


ကြောင် ဟိုနေ့က သတင်းစာဖတ်ရင်းတွေ့လိုက်တာ စစ်တပ်က အသက် ၁၈နှစ် မပြည့်သေးသူများကို မိဘများလက်ထဲပြန်လည်အပ်နှံဆိုတာလေးဗျ။ အသက် ၁၈နှစ် မပြည့်သေးဘဲ စစ်မှုထမ်းရင် ကလေးစစ်သားလို့ ဆိုသကိုး။ ဒါကြောင့် ရာဇ၀င်ထဲက ၁၈နှစ်မပြည့်သေးဘဲ စစ်ထွက်ခဲ့တဲ့ သူရဲကောင်းတွေကို သတိရလို့ ဖော်ပြလိုက်ပါတယ်။

(၁) မင်းရဲကျော်စွာ
-------------------

အင်းဝဘုရင် မင်းခေါင်၏သားဖြစ်သည်။ ၄င်းအသက် ၁၃ နှစ်အရွယ်တွင် ရခိုင်ဘုရင် ထောရာကြီးက မြန်မာပိုင်နယ်များကို ထိပါးလာသဖြင့် စစ်တပ်ကြီးချီကာ သွားရောက်တိုက်ခိုက်ခဲ့သည်။နားနေချိန်တွင် သူငယ်ဖော်များနှင့် ကျည်းသားရိုက်ကာ ဆော့ကစားပြီး စစ်မြေပြင်တွင် ရဲရဲတောက်အစွမ်းပြခဲ့သော ကလေးဗိုလ်ချုပ်ဖြစ်သည်။ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ပွဲတွင် သုရှင်ရာဇာဓိရာဇ်အား အိပ်မက်ဆိုးများဖြင့် ခြောက်ခြားစေခဲ့သူလည်းဖြစ်သည်။

(၂) နန္ဒဘုရင်
---------------

ဘုရင့်နောင်မင်းတြားကြီး၏ သားတော်ဖြစ်သည်။ ငယ်မည်မှာ ဇေယျသီဟ ဖြစ်သည်။ ၄င်းအသက် ၁၃ နှစ်တွင် ဦးရီးတော် တပင်ရွှေထီး၏ ယိုးဒယားချီ စစ်တွင် ပါဝင်ခဲ့သည်။ ထိုစဉ်က သျှောင်ထုံးရအောင်ပင် ဆံပင်မရှည်သေး၍ ကြက်တောင်စည်း အပေါ်တွင် မောက်ရှည်ကို အပေါက်ဖောက်ကာ ၀တ်ဆင်ခဲ့သည်။ ယိုးဒယားဘုရင်၏ သားမက်တော် ဆင်ကို လှည့်ပြေးအောင် အစွမ်းပြနိုင်ခဲ့၍ တပင်ရွှေထီးက "ငါ့တူတော်သည် အင်းဝမင်းခေါင်သား မင်းရဲကျော်စွာကဲ့သို့ ရဲရင့်လှသည်" ဟုဆိုကာ မင်းရဲကျော်စွာဘွဲ့ချီးမြင့်ခဲ့သည်။

(၃) နတ်သျှင်နောင်
---------------------

ဘုရင့်နောင်မင်းတြားကြီး၏ မြေးတော်ဖြစ်သည်။ အသက် ၁၄ နှစ်အရွယ်တွင် ခမည်းတော် တောင်ငူမင်းနှင့်အတူ နန္ဒဘုရင်၏ ယိုးဒယားစစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ နန္ဒဘုရင်၏ စစ်မှုး ဗိုလ်မှုးများကပင် အလေးထား အားကိုးခဲ့သူဖြစ်သည်။ ယိုးဒယားဘုရင် ဗြနရာဇ်ကို နောက်ကြောင်းပြန်လှည့်ပြေးအောင် ရဲရင့်စွာ မောင်းထုတ်နိုင်ခဲ့သူလည်းဖြစ်သည်။

(၄) ငထင်ငယ်
-----------------

ပြည်ဘုရင် ရန်နိုင်စား၏ ကျွန်ရင်း ဖြစ်သည်။ ၄င်းအသက် ၁၃နှစ်တွင် အနောက်ဘက်လွန်မင်း၏ တပ်များ ပြည်မြို့ကို ထိုးဖောက်တိုက်ခိုက်ရာ သခင်၏ ပလ္လင်ရင်းမှ မခွာဘဲ ဓါးနှစ်ချောင်းကို ကိုင်စွဲကာ ကာကွယ်ပေးခဲ့သူဖြစ်သည်။ ဦးရီးတော် ဘယာကာမဏိက "ဟယ် ငထင်၊ လူပျိုလူရွယ်ပီသပေသည်။ တမြို့လုံး သူ့လူတွေချည် ဖြစ်ကုန်ပြီ၊ ခုခံနေသော်လည်းအချည်းနှီး" ဟု ဟစ်အော်၍ လက်နက်ချခိုင်းသည့်အခါမှ "သူ့ဆန်စား၍ ရဲရတော့သည်"ဟုဆိုကာ လက်နက်ချခဲ့သူဖြစ်သည်။

(ကြောင် သိသလောက် ရာဇ၀င်ထဲက ကလေးစစ်သားတွေပါ။ နောက်ထပ် ရှိသေးရင်လည်း ကြောင့်ကို ပြောပြကြပါနော်။Ever Welcome ပါ။ မေးချင်ရင်လည်း mesg လေးသာပို့လိုက်ကြပါ။ ~_^)

(ပုံကို ကြောင့်မှာရှိတဲ့ Documentary မှတ်တမ်းအချို့ကနေ ကြောင်ကိုယ်တိုင် Photowonder နဲ့ Edit လုပ်ပြီးတင်ပါတယ်။) ~_^
ပဉ္စမံကြောင်

Powered by Blogger.