လောက လူသားနှင့် လောကပါလ တရား



အခါတစ်ပါး ဂေါတမတောအုပ်၌ မဟာတပ အမည်ရှိသော ရသေ့ တစ်ပါးသည် ကျီးပါးစပ်မှ ကျလာသော ကြွက်ငယ် တစ်ကောင်ကို သနား ကရုဏာ ဖြစ်မိကာ အစာရေစာ ကျွေးလျက် မွေးမြူထား၏။

ထို ကြွက်ငယ်ကို ကြောင်တစ်ကောင်က စားရန် လိုက်ဖမ်းနေသည်ကို မြင်ရသော် ကြွက်ငယ်ကို ကြီးမားသော ကြောင်အဖြစ် ရသေ့၏ ဘုန်းတန်ခိုး ဣဒ္ဓိပါဒ်ဖြင့် ဖန်ဆင်း လိုက်သည်။

ရသေ့ကြီး ဖန်ဆင်းလိုက်သော ကြောင်ကို ခွေးတို့၏ ရန်မှ ကင်းဝေးစေရန် ခွေးအဖြစ် ဖန်ဆင်းပေးရ ပြန်သည်။ နောက်တစ်ဖန် ကျားတို့၏ ရန်ကို စိုးရိမ်ရ ပြန်သဖြင့် ခွေးအဖြစ်မှ ကျားအဖြစ်သို့ ဖန်ဆင်းပေး လိုက်ရ ပြန်သည်။ ထိုအခါ အနီးအနား ပတ်ဝန်းကျင်ရှိ လူတို့က ရှင်ရသေ့သည် ကြွက်ငယ်ကို ကျားအဖြစ် ဖန်ဆင်းထား၏ဟု အချင်းချင်း ပြောဆို ကြကုန်သည်။ ရှင်ရသေ့ကမူ မိမိ ဖန်ဆင်းထားသော ကျားကို ကြွက်အဖြစ်ဖြင့်ပင် ချစ်ခင်စွာ မွေးမြူ ကြည့်ရှု ထားလေ၏။

ကြွက်ငယ်ဘဝမှ ကျားဖြစ်လာသော မိမိဘဝကို မေ့လျက် မာန်မာန တက်နေသည့် ကြွက်သည် လူတို့ ပြောဆိုသံကို ကြားရသော အခါ မခံချင်စိတ် ဖြစ်ပေါ်လာပြီး မိမိ ဂုဏ်ကို ယုတ်စေသည့် ငယ်ကျိုးငယ်နာ ဖော်ထုတ် ပြောဆိုခြင်းသည် ဤ ရသေ့ အသက်ရှင်နေသမျှ ဘယ်တော့မှ ကင်းမည် မဟုတ်ဟု ကြံပြီးလျှင် ရှင်ရသေ့အား သတ်ရန် ကြိုးစားသည်။ ဤတွင် ရှင်ရသေ့သည် ကျား၏ ကြံရွယ်ချက်ကို ကြိုတင် သိသဖြင့် ကြွက်အဖြစ်သို့ ပြန်လည် ဖန်ဆင်း လိုက်ရတော့သည်။ ကျေးဇူး တရားကို မသိတတ်သည့် အပြင် မိမိ ဘဝဟောင်းကို မေ့တတ်သူ တို့သည် မိမိ ကံကြမ္မာကို မိမိတို့ ကိုယ်တိုင်ပင် ဖန်တီး တတ်ကြပေသည်။

ပုစွန်ကြံတတ် ဗျိုင်းလည်ပြတ် ဆိုသည့် ပုံပြင်၌ ငါးများကို တံငါလက်မှ လွတ်ရန် အခြား ရေကန်တစ်ခုသို့ ရွှေ့ပေးမည်ဟု မာယာဖြင့် ဖြားယောင်း၍ တစ်ကောင်ချင်း ချီယူ သယ်ဆောင်သွားပြီး စားပစ်သော ဗျိုင်း၏ ကောက်ကျစ်မှုကြောင့် ငါးအားလုံး သေဆုံးကာ နောက်ဆုံးတွင် ပုစွန်လုံး တစ်ကောင်သာ ကျန်တော့သည်။ ထိုအခါ ငါးများကို ချီယူ သယ်ဆောင်သွားပြီး စားပစ်သကဲ့သို့ ပုစွန်လုံးကို ချီမသွားပြီးလျှင် ကုန်းမြေပေါ်၌ ချ၍ စားရန် ကြံသောနေရာ၌ ငါးရိုးတို့ကို တွေ့မြင်ရသော ပုစွန်လုံးသည် အံ့သြထိတ်လန့် ဖြစ်ကာ လွတ်မြောက်ရန် ကြံစည် တော့သည်။

ပုစွန်လုံးက ကြံစည်မိသည်မှာ မရောက်လာသေးသော ဘေးကို တွေး၍ ကြောက်သင့်သည်။ ဆိုက်ရောက် လာသော ဘေးကိုမူ ကြည့်ရှု ဆင်ခြင်၍ ရဲဝံ့စွာ တွန်းလှန် ဖြိုဖျက် သင့်လေသည်။ သူရဲကောင်းသည် ရန်သူတို့ လွှမ်းမိုး ဖိစီးချက်ကို သည်းခံ၍ နေခြင်းဖြင့် အကျိုး တစ်စုံတစ်ရာ မမြင်လျှင် ယှဉ်ပြိုင် တိုက်ခိုက် လျက် ရန်သူနှင့် အတူ သေပွဲဝင်ခြင်းက မြတ်၏ဟု စဉ်းစား ဆင်ခြင်ပြီးလျှင် ဗျိုင်း၏ လည်ပင်းကို ညှပ်ဖြတ် လိုက်လေရာ ကတိ မတည် ကောက်ကျစ်သော ဗျိုင်းသည် ပုစွန်လုံး၏ လက်ချက်ဖြင့် အသက်ထွက် သွားရလေသည်။

လောက လူသားများမှ မိမိ ဘဝကို မေ့တတ်သူ၊ ကျေးဇူး တရားကို မသိတတ်သူနှင့် ကတိသစ္စာ မတည်သော သူတို့သည် မကောင်းမှု ပြုရမည်ကို မရှက် မကြောက်တတ်ကြ ခြင်းကြောင့် လူ့အဖွဲ့အစည်းကို စောင့်ရှောက်သော လောကပါလ တရားများ ဖြစ်ကြသည့် ဟီရိသြတ္တပ္ပတရား တို့ကို မစောင့်ကြသူများ ဖြစ်ကြောင်း ထုံးဟောင်း သာဓက အဖြစ် ဂေါတမတောအုပ်မှ ကြွက်ငယ်နှင့် မာလဝ အရပ်ရှိ ပဒုမဂဗ္ဘ ရေအိုင်မှ ငါးတို့အား ခြိမ်းခြောက် ဖြားယောင်းကာ မိမိ အစာအဖြစ် စားပစ်သော ဗျိုင်းတို့၏ ကံကြမ္မာ တို့ကို တင်ပြ လိုက်ရပါကြောင်း။ ။

မြ၀တီ
Powered by Blogger.