ကွက်ပင်ဖြစ်စေ အမေပင်အမေ


------ ------ ------ ------
ကြာခဲ့ပါပြီ။
အေးအေးလူလူနေချင်တာကြောင့် တောင်လေးတစ်တောင်ပေါ်မှာ သီတင်းသုံးမယ်ဆိုပြီးတက်လာခဲ့ တယ်။ သီတင်းသုံးမယ့် ကျောင်းလေးကဓနိမိုး၊ ထရံကာဇရပ်လေးပါပဲ။ လူသူကင်းမဲ့နေတာကြာပြီ်ဖြစ်လို့  အမိုးတွေကဆွေး၊ ထရံတွေကပေါက်၊ ကြမ်းတွေကျွံ့နဲ့ပေါ့။

ဘုရားကျောင်းဆောင်လေးတခုထရံကပ်ရိုက်ထားပြီး ရုပ်ပွားတော်တဆူရှိပေမယ့် အမိုး၊ အကင်းမဲ့နေ တဲ့အတွက် မြတ်စွာဘုရားရှင်မှာ ဖြစ်သလိုသီတင်းသုံးနေရရှာတယ်။ လူသူကင်းမဲ့နေလို့ ဖုန်၊ အမှိုက်တွေ တသောသောနဲ့။
ခုတင် အဟောင်းတလုံးနဲ့ စားပွဲပုလေးတလုံး၊ ဆာလာအိတ်ခင်းထားတဲ့ ကုလားထိုင်အဟောင်း လေးလည်းရှိတယ်။
မိမိမှာပါလာတာကသင်္ကန်းသုံးထည်၊ သားပိတ်တလုံး၊ စာအုပ် ၁၀ အုပ် ၊ လစ်ပိုပုလင်းနဲ့ ထည့်ထားတဲ့ ဆီပုလင်းလေးတလုံး၊ အိုဗာတင်းပုလင်းလွတ်နဲ့ ထည့်ထားတဲ့ အပ်၊ အပ်ချည်၊ ဆေးအနည်းငယ်၊ အိပ်ရာ လိပ်တစုံ။

ဇရပ်လေးကိုလှဲကျင်း၊ ရုပ်ပွားတော်ကိုရေသပ်ပ္ပာယ်တယ်။ သင်္ကန်းတထည်ကိုဆုတ်ဖြဲပြီး ဘုရား ကျောင်းဆောင်လေးကိုမိုးတယ်၊ ဘေးနဲ့အနောက်ကိုလည်း သင်္ကန်းနဲ့ သပ်သပ်ရပ်ရပ်ကာလိုက်တယ်။
ညရောက်တော့ မြတ်စွာဘုရားရှင်ကို ဖယောင်းတိုင်းမီးပူဇော်တယ်။ တတိုင်လုံးမပူဇော်နိုင်ရှာဘူး။ နောက်နေ့အတွက် တဝက်ချန်ထားလိုက်တယ်။ ဖယောင်းတိုင်ဆင်းရဲလို့ ညဘက်စာဖတ်တဲ့အကျင့် ပျောက် သွားခဲ့တယ်။

နေမှောင်တာနဲ့ မီးပူဇော်၊ ဘုရားဝတ်ပြု၊ ဖယောင်းတိုင်တဝက် ကုန်ရင်မီးမှုတ်၊ အိပ်ရာဝင်။
တိတ်ဆိတ်နေလို့ စားပွဲတင်နာရီလေးရဲ့ တချက်ချက်မြည်သံကို ကြားနေရတယ်။ နားငြီးသလိုတောင် ဖြစ်လာလို့ အိုဗာတင်းပုလင်းလွတ်ထဲ ထည့်ထားလိုက်ရတယ်။
အိပ်ပျော်မယ်ကြံကာရှိသေး ခန္ဓာကိုယ်ပေါ်ကို ဖြုတ်ကနဲဆိုတစ်စုံတစ်ခု ဖြတ်သွားတယ်။ အသံကြား လိုက်တော့မှ ကြွက်တကောင်မှန်း သိလိုက်တယ်။

သြော်..သူကမိမိထက် ဇရပ်ကိုအရင်ရောက်နေတဲ့ကောင်ပဲ။ ဇရပ်ပိုင်ရှင်တောင် ဖြစ်နေပြီထင်တယ်။
တရက်လည်း မဟုတ်ဘူး၊ နေ့တိုင်းနီးပါးလောက်ကို တခါတလေကိုယ်ပေါ်က ဖြတ်ပြေးတယ်၊ ခြင်ထောင်အပြင်ကနေ မိမိခြေချောင်းလေးတွေကို ကိုက်လို့ကိုက်နဲ့။ ရုတ်တရက်မို့ လန့်သွားတာကလွဲလို့ သူ့ကို ဒေါသမဖြစ်မိဘူး။

လူ့စိတ်ကထူးဆန်းတယ်ပဲ ပြောရမလားမသိဘူး။ ရက်တွေကြာတော့ သူ့ကို မိမိအဖော်လို့တောင် ထင်လာပြီးသံယောဇဉ်တောင် ဖြစ်ချင်လာတယ်။ ညရောက်ရင် ဒီကောင်ဘယ်နေရာက ဘယ်လိုပေါ်လာမလဲလို့ မျှော်နေမိတယ်။ ပေါ်မလာတဲ့နေ့ဆိုရင် ဒီကောင်ဘယ်ရောက်နေပါလိမ့်လို့ သူ့အကြောင်းတောင် တွေးမိ နေသေး။

မိမိရဲ့ တလုံးတည်းသော ဆီပုလင်းလေးလည်း ဒီကောင်မသွားတယ်။ ဒီကောင်က ဉာဏ်တော့ရှိသား။ ဆီပုလင်းက ပိတ်ထားတာကို လှိမ့်ယူသွားပုံရတယ်။ လိုက်ရှာတော့ ဇရပ်အောက်က သူ့ဂေဟာတွင်းအဝမှာ ဆီပုလင်းခေါင်းဝက တွင်းဝဘက်ကိုစောင်းပြီးလဲနေတယ်။ အဖုံးကိုကိုက်ဖောက်ထားလို့ ဆီတစ်စက်မှတောင် မကျန်ဘူး။

ဆောင်းတွင်းဘက် တခါတော့ ဒီကောင်ရက်တော်တော်ကြာပျောက်သွားတယ်။ အသိုက်များပြောင်း သွားပြီ်လားတောင် ထင်မိတယ်။

တရက်။
နံနက်စောစောအေးလွန်းတာကြောင့် ဘုရားကျောင်းဆောင်ရှေ့က ကုလားထိုင်ပေါ်ထိုင်ပြီး နေပူဆာလှုံ ရင်းစာဖတ်နေလိုက်တယ်။

ကျွိကျွိ..ကျွိကျွိနဲ့ ဆူညံသံကြားလိုက်ရတယ်။

သြော်..ဒီကောင်ပြန်ပေါ်လာပြီ်။ ဘယ်တွေသဝေထိုးနေတာပါလိမ့်။
ဇရပ်ထုပ်တန်းပေါ်မှာ ဆူညံနေအောင်ကိုအော်ပြီး ဝရုန်းသုန်းကားပြေးနေတယ်။
"ဟ. ဘာဖြစ်တာလဲ၊ ဒီလိုတခါမှ မဆူညံဘူးပါဘူး"
အလို..ဒီကောင့်နောက်မှာ ဘာအမျိုးစားမှန်းမသိတဲ့ မြွေကြီးတကောင်၊ ဒီကောင့်နောက်ကို တလျှော လျှောနဲ့ လိုက်နေတယ်။ မိမိတောင် လန့်သွားတယ်။

မြွေကလည်း သဲကြီးမဲကြီးလိုက်တယ်။ ဒီကောင်ကလည်း အသံကုန်အော်ပြီးပြေးတယ်။
အေးချမ်းတိတ်ဆိတ်နေတဲ့ ဇရပ်လေးကို ဖြိုခွင်းလိုက်တဲ့ နံနက်ပိုင်းအမဲလိုက်ပွဲ။
မြွေနဲ့ကြွက် ၊အင်းအားကြီးသူက အင်အားငယ်သူကိုစားတော့မယ့် တဖက်သတ်ပွဲ။
ကြွက်ပတ်ပြေးနေတာကိုကြည့်ပြီး တခုသတိထားမိလာတယ်။ ဒီကောင်မိမိရှိနေတဲ့ ဘုရားကျောင်း ဆောင်ရှေ့နားရောက်ရင် တဝဲလည်လည်နဲ့ မပြေးပဲအော်ပဲအော်နေတယ်။ ပြေးရင်လည်း အဲဒီတဝိုက်ပဲပြေးနေ တယ်။

တော်တော်တုန်လှုပ်နေတယ်။ မြွေအနားရောက်လာရင် ပြေးပြန်တယ်။ ပြေးပါလားအပြင်ကို။ ကိုယ်က ကြွက်ပဲ၊ မြေကြီးပေါ်ပဲ ဆင်းပြေးပြေး၊ တွင်းထဲပဲဝင်ပြေးပြေး။
"ဘာလဲ…၊ ငါ့ကိုအားကိုးတာလား၊ အကူအညီတောင်းတာလား။ ငါလည်း မြွေကြောက်တယ်ဟ"
ဇရပ်ထုပ်တန်းပေါ်ကနေပြေးရင်း ဘုရားကျောင်းဆောင်နားရောက်တော့ ကျောင်းဆောင်နောက် ထရံနဲ့ ကျောင်းဆောင်ကိုကာထားတဲ့ သင်္ကန်းကြားကိုစွတ်နဲဝင်ပြေးသွားတယ်။
ပြေးမိပြေးရာပြေးပြီထင်ပါ့။ ဘယ်ဂျောင်ရောက်သွားပါလိမ့်။ ကြွက်ရဲ့ပြေးအားကိုတော့ မြွေဘယ်မီလိမ့် မလဲ။

စိတ်ဝင်တစားကြည့်နေတုန်း "ဝရူး..ဝရူး"နဲ့ တရှိန်ထိုး ပြန်ထွက်လာပြီး မိမိခြေရင်းနားရောက်လာတယ်။
"ဟာ..ဟာ"
ကြက်သီးတဖျန်းဖျန်းထသွားတယ်။
သူ့ပါးစပ်မှာ ကြွက်ပေါက်စလေး၊ နီတွတ်နေတဲ့ ကြွက်ကလေးကိုကိုက်ချီထားပြီး တဆတ်ဆတ်ခါ လောက်အောင်ကိုတုန်တုန်လှုပ်လှုပ်နဲ့ မိမိကိုမော့ကြည့်နေတယ်။ လက်နဲ့ဖမ်းရင်ရလောက်တဲ့ မိမိနဲ့သူ့ကြား အကွာဝေး။ တုန်လှုပ်နေတဲ့ သူ့အမူအရာနဲ့မော့ကြည့်နေတဲ့ သူ့မျက်လုံးကို ဘာသာပြန်လို့ရလိုက်သလိုပဲ။ မိခင် တဦးရဲ့ သားသမီးအပေါ်ထားတဲ့ ချစ်ချင်းကြောင့်ဖြစ်လာတဲ့ စိုးရိမ်မှုသောက။

"သူ့ကလေးကိုကယ်ပါ။ အားကိုးပါတယ်ဘုရားလို့" တောင်းပန်နေရှာတယ်။ ကလေးကိုချသွားပြီး ပတ် ပြေးပြန်တယ်။ ဒါကြောင့် ဘုရားကျောင်းဆောင်နားမှာ တဝဲလည်လည်ဖြစ်နေတာကိုး။ ဖြစ်ရလေ ကြွက်မေမေ ရယ်။
သူနဲ့ မျိုးမတူတဲ့သတ္တဝါချင်းအတူတူ မိမိကိုသူ ယုံကြည်နေတယ်တဲ့လား။ သူ့ကလေးအတွက် စိတ်ချ သတဲ့လား။

မြွေကလည်း ဆက်လိုက်တယ်၊ သူကလည်း ဇရပ်ပတ်ပြေးတယ်၊ ဘုရားကျောင်းဆောင်နားရောက်ရင် ထရံကြားထဲဝင်သွားပြန်တယ်။ ကလေးတကောင်ချီလာပြီးခြေရင်းမှာ ချသွားပြန်တယ်။
မိမိလည်း တံမြက်စည်းအရှည်ကိုင်ပြီး ကြောက်ကြောက်နဲ့ပဲ မြွေကို ခြောက်လှန့်မောင်းထုတ်လိုက် တယ်။
ကလေးက သုံးကောင်တောင် မိမိခြေရင်းနားရောက်နေပြီ။

မြွေပြေးတာနဲ့ သုတ်ခနဲ သူ့ကလေးတွေကိုလာချီတယ်။ ဘုရားကျောင်းဆောင်နောက်ပြန်ပို့တယ်။ မိမိလည်း ဝါးခြမ်းပြားလေးနဲ့တင်ပြီး သူ့ကလေးတကောင်ကို ပြန်ပို့ပေးလိုက်ပါတယ်။
သူ့ကို ကြွက်အထီးလေးလို့ထင်ထားတာ။ ဒါကြောင့် သူခုတလောပျောက်နေတာကိုး။

အဲဒ်ီညကစလို့ သူပေါ်မလာတော့ပါဘူး။
မိမိကို မနှောင့်ယှက်ချင်တော့လို့ပဲလား၊ သူ့သားသမီးတွေရဲ့ လုံခြုံရေးအတွက်ပဲလား၊ လင်တော်မောင် ကြွက်ကခေါ်လို့ပဲလားတော့ မသိပါဘူး။
သူအကြာကြီးနေခဲ့တဲ့ ဇရပ်ကလေးကို စွန့်ခွာသွားပါတော့တယ်။

အရှင်ပညာသီရိ



PannPwint
Powered by Blogger.