ပြည်ပတွင် ကျဆုံးခဲ့သည့် တစ်ပါးတည်းသော အိမ်ရှေ့မင်း

၁၅၉၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ဟံသာဝတီ နန္ဒဘုရင်၏ အမိန့်ဖြင့် အိမ်ရှေ့ဥပရာဇာ မင်းကြီးစွာသည် သစ္စာဖောက်သူ ယိုးဒယားမင်းကို တိုက်ခိုက်ရန် တပ်ပေါင်း ၂၉ တပ် ( စစ်အင်အား သုံးသိန်း နီးပါး) ဖြင့် အယုဒ္ဓယ မြို့ အနီးရောက်ရှိသည်။

အ၀ါရောင် ဟင်္သာရုပ် အလံတော်ကို ကိုင်စွဲထားသော မြင်းသည်တော်သည်
ဥပရာဇာ၏ လက်ဝဲဘက်သို့ မြင်းကို ဒုန်းစိုင်းစီးကာ အိမ်ရှေ့မင်း၏ " ငါ့အမိန့် ရမှ တိုက် " ဟူသော စကားကို တပ်မှုး တစ်ယောက်ချင်းစီထံ ပြောသွားသည်။

ထို့နောက် မြန်မာ တို့သည် အယုဒ္ဓယမြို့တွင်းမှ ကြားနိုင်သော အသံများဖြင့် " သစ္စာဖောက် ဗြနရာဇ် ခုထွက်ခဲ့ " ၊ " သစ္စာဖောက်က ကြောက်လို့ ပုန်းနေတာလား " စသဖြင့် အော်ဟစ် ဆဲဆိုကြလေသည်။

ဆဲသံမဆုံးမီ အယုဒ္ဓယဘက်မှ အမြောက်များ ဆင့်ကာဆင့်ကာ စတင် ပစ်ခတ်တော့သည်။

အမြောက်သံများနှင့်အတူ ယိုးဒယားမင်း ဗြနရာဇ် သည် ဗြလပုံအမည်ရှိသော ဆင် ကို စီးကာ တိုက်စည် တိုက်မောင်း ဆူညံစွာဖြင့် မြို့တံခါးမှ ထွက်လာလေသည်။

ယိုးဒယားမင်းထွက်လာသည်ကို မြင်လျှင် ဥပရာဇာက သူ၏ဘေးရှိ ငယ်ကျွန် ဇာပရိုစား ကို အချက်လှမ်းပြလေ၏။

" ဗြနရာဇ်ငယ်က ငါ့ကို ဦးတည်ပြီး လာတိုက်လိမ့်မယ်။ အဲ့ကျရင် မင်းက ဆင်တော်ပေါက်ကျော်ဇေယျ နဲ့ ၀င်တိုက်"

ဇာပရိုစား သည် မုန်ယိုလွန်းသဖြင့် ပုဆိုးဖြင့်မျက်နှာကို ကာထားရသော ၄င်း၏ဆင်တော် ပေါက်ကျော်ဇေယျကို မနည်းချွန်းအုပ် ထိန်းနေရင်းမှ ခေါင်းညိမ့်ပြသည်။

ထင်သည့်အတိုင်းပင် ဗြနရာဇ်သည် ဥပရာဇာအနီးသို့ ရွေ့ကာရွေ့ကာ ချဉ်းကပ်လာလေသည်။

ထိုအခါ ဇာပရိုစားက ပေါက်ကျော်ဇေယျ ကို မျက်နှာပေါ်မှ ကာထားသော ပုဆိုးကို ဖယ်ကာ ဗြနရာဇ်ထံ ၀င်တိုက်လေ၏။

သို့သော် မုန်ယိုနေသော ပေါက်ကျော်ဇေယျသည် ဗြနရာဇ်ထံ မသွားဘဲ အနီးရှိ ဥပရာဇာ စီးသော ဆင်တော် ရဲဘုန်းစုံ ကို ဝှေ့လေ၏။

မထင်မှတ်ထားသော အခြေအနေဖြစ်သဖြင့် ဥပရာဇာ မှာ ဗြနရာဇ်ကို ဂရုမစိုက်နိုင်တော့ဘဲ ပေါက်ကျော်ဇေယျ ရန်ကို ကာကွယ်ရလေတော့သည်။

အရေးထဲတွင် ဥပရာဇာစီးသော ဆင်၏ ကကြိုး လည်သွားသဖြင့် လှံများဓါးများ မြေကြီးပေါ်ပြန့်ကြဲသွားလေ၏။

ဥပရာဇာ ၏ ကုန်းလည်စီး တုရင်ဗလက ကကြိုးကို ပြန်ပြင်နေစဉ် အယုဒ္ဓယဘက်မှ စိန်ပြောင်းသံတစ်ချက်ကြားလိုက်ရသည်။

တုရင်ဗလ လှည့်ကြည့်လိုက်စဉ်တွင် ဥပရာဇာ၏ ရင်ဘတ်တွင် သွေးအလိမ်းလိမ်း။

"သတိထားတော်မူပါ အရှင်" ဟု ဥပရာဇာကိုပွေ့ကာ ဆင်တော်ကို အနီးရှိ ဆောက်ခြုံ တွင် မီထားရ၏။

ထိုအခြေအနေကို ဗြနရာဇ် နားမလည်နိုင်။ ဥပရာဇာ ကျဆုံးသွားသည်ကိုလည်း မသိ။ မြန်မာတို့ စစ်ဗျူဟာအသစ်များ သုံးနေသည်လားဟု ယောင် နန ဖြင့်တွေးမိကာ ပေကြောင် ပေကြောင် ဖြင့် ဆင်ကို နောက်သို့ တစ်ဆုတ် ထဲ ဆုတ်သည်။

ထိုစဉ် " ဟိတ် သည်လို ပြေးလို့ လွတ်မလား " ဟူသော စူးရှရှ အသံတစ်သံထွက်လာသည်။ ထိုသူကား နတ်သျှင်နောင်။

ဗြနရာဇ်သည် နတ်သျှင်နောင်၏ လက်စွမ်းကို အရင်ပွဲများကတည်းက ကြုံဖူးသည်။ တောင်ငူမင်းသားငယ်၏ အစွမ်းကို လျှော့မတွက်ရဲ။

" တောင်ငူသားငယ်၊ သိပ်ရဲမနေနဲ့။ နင့်ကို ငါကိုယ်တိုင် သတ်မယ်" ဟု မြန်မာလို မပီကလာပီကလာ ပြောကာ ဗြနရာဇ်ရှေ့တိုးလာသည်။

ထိုသို့ပြောသောငြား နတ်သျှင်နောင်၏ လှံချက်ကား လျှပ်ပြက်သကဲ့သို့ လျှင်မြန်စွာ သူ့ထံရောက်လာသည်။ ထို့နောက် ဆင့်ကဲဆင့်ကဲ ခုတ်ချက်များ။

တစ်ချီတွင် ဗြနရာဇ် ဆောင်းသော မောက်ရှည်ကို နတ်သျှင်နောင် ခုတ်မိသွားသည်။ ( ထိုသို့ ခုတ်မိသွား၍ ပဲ့နေသော မောက်ရှည် ကို ယနေ့တိုင် ယိုးဒယားအမျိုးသားပြတိုက် တွင် ပြသထားရှိသည်။ )

ဗြနရာဇ်သည် အခြေအနေမလှမှန်းသိကာ မျက်နှာကြီး မည်းသွားပြီး တပ်အားလုံးပြန်ဆုတ်ရန် အော်ဟစ်အမိန့်ပေးတော့သည်။ သူကိုယ်တိုင်လည်း နောက်ပင် လှည့်မကြည့်တော့ဘဲ မြို့တွင်းသို့ ၀င်ပြေးတော့သည်။

ယိုးဒယားစစ်သည်တို့ ပြေးသည်မှာလည်း နှစ်ယောက်ပင်စု၍ မရတော့ချေ။

မပြေးနိုင်သော ယိုးဒယား အမတ်နှစ်ဦး ( သြယားဘတ်နှင့် သြယားစက္ကိ )ကို နတ်သျှင်နောင်၏ တပ်သားများက အရှင် ဖမ်းမိသလို မြို့အတွင်း ၀င်တိုက်နေသော မြန်မာအမတ်နှစ်ဦး ( ၀င်းယော်စားနှင့် ထုံးဘိုစား ) တို့ကိုလည်း တံခါးအပိတ်တွင် ယိုးဒယားတို့ရရှိသွားသည်။

ဥပရာဇာ ကား စိန်ပြောင်းကျည်သင့်၍ နတ်ရွာလားချေပြီ။ အလောင်းတော်ကို သရက်သားပျဉ် ဖြင့် အခေါင်းပြုလုပ်ကာ မပုပ်မသိုးအောင် ပြဒါး များစွာ သွပ်၍ ဟံသာဝတီသို့ ဆောင်ယူခဲ့လေတော့သည်။

( ကြောင် ရေးသည်မှာ မြန်မာမူ အတိုင်းသာဖြစ်သည်။ မြန်မာမူများတွင် တစ်ညီတည်း ဤဖြစ်စဉ်ကို ပြဆိုကြသည်။)

(သို့သော် ယိုးဒယားမူများကမူ ဗြနရာဇ်က ဥပရာဇာကို အနိုင်ယူသတ်ဖြတ် ခဲ့သည်ဟုရေးသားကြသည်။ ယိုးဒယားမူ အချင်းချင်းပင် ကွဲလွဲနေသေးသည်။ ဥပမာ- ဗြနရာဇ်က ဥပရာဇာ၏ လည်ကို ဖြတ်၍သတ်သည် ဟု တစ်မူက ဆို၍ အခြားတစ်မူကမူ ဗြနရာဇ်၏ လှံချက်သည် ဥပရာဇာ၏ ပါးစပ်မှ ၀င်၍ နောက်ကျော မှ ပေါက်သည် ဆို၏။)

(ထို့ပြင် မြန်မာမူများမှ နတ်သျှင်နောင်၏လှံချက်ကို ဥပရာဇာ၏လှံချက်ဟု သတ်မှတ်ကာ ယနေ့တိုင် ၄င်းတို့၏ ပြတိုက်တွင် ဗြနရာဇ်၏ ပဲ့နေသော မောက်ရှည်ကို ပြသထားလေ၏။)

( တိုက်ပွဲဖြစ်သည့် ၁၅၉၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်ကို အစွဲပြုကာ ယိုးဒယား တပ်မတော်နေ့ ကို သတ်မှတ်ခဲ့လေသည်။ )

( ပုံကို ဗြနရာဇ် က ဥပရာဇာဖြင့် စီးချင်းထိုးဟန် ရိုက်ကူးထားသော ယိုးဒယားရုပ်ရှင်ကား King Naresuan 5 အကြောင်းဖော်ပြထားသော http://www.bangkokpost.com/ မှ ယူပြီး စာစီသူမှာ ကြောင် ကိုယ်တိုင်သာဖြစ်ပါကြောင်း) =(^_^)=

ပဉ္စမံကြောင်
Powered by Blogger.